ကလလတအဖွဲ့နှင့် ငြိမ်းချမ်းရေး
နောင်တော်ကြီး ကိုဇော်သက်နိုင် စစ်တက္ကသိုလ်အမှတ်စဉ်(၂၁)ကျောင်းဆင်း၊ ကျွန်တော်တို့ထက် တစ်နှစ်စောသည်။ ကျောင်းတုန်းကကြည့်မရခဲ့သော စီနီယာတွေထဲမှာသူလည်းပါ၏။ လက်အပြည့်မလွှဲသော၊ ဟိုငေးသည်ငေးနှင့် လမ်းလျှောက်မိသော ပထမနှစ်ဗိုလ်လောင်းများကို စိန်နားပန်ချုံကွယ်မှစောင့်ဖမ်း၍ အပြစ်ပေးတတ်သူ။ ဗိုလ်လောင်းဘဝတုန်းက ညီငယ်တွေကို စည်းကမ်းစနစ်အတိုင်းနေစေလို၍ အပြစ်ပေးတတ်သောနောင်တော်ကြီး။ သူကွယ်လွန်ခဲ့တာအတော်ပင်ကြာသွားပါပကောလား။ ယခင်ကသူသည် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တစ်ဦး။ ထိုမှ နတလသို့ရောက်လာသည်။ ကျွန်တော်တို့နှင့်ပြန်၍ ရေစက်ဆုံသည်။ ယခင် ထောက်လှမ်းရေးတာဝန်များ ထမ်းဆောင်ခဲ့စဉ်က ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပုံများကို သူ့ထံမှပြန်ကြားရသည်။
ကယားပြည်နယ်အတွင်း ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် တရားဥပဒေဘောင်အတွင်းသို့ ဒုတိယမြောက်ဝင်ရောက်လာသောအဖွဲ့ဖြစ်၏။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တပ်မတော်မှတာဝန်ရှိသူများနှင့် ကလလတအဖွဲ့တို့ မယ်စဲ့တွင် စတင်တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းသဘောတူညီခဲ့ကြသည်။ နှစ်ဖက်မြေပြင်တပ်များက မယ်စဲ့သို့ ချီတက်ခဲ့ကြသည်။ တပ်မတော်မှ တာဝန်ရှိသူများ၊ လွိုင်ကော်မြို့ ကက်ဆိုလိမ်ဂိုဏ်းအုပ်ဆရာတော် ဆိုတေးရိုဖားမိုပါဝင်သည့် ငြိမ်းချမ်းရေး အကျိုးဆောင်များ လိုက်ပါလာသည့် ရဟတ်ယာဉ်ကို စောင့်ဆိုင်းခဲ့ကြသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဖက်နှင့်တစ်ဖက်ယုံကြည်ရန် ခက်ခဲသဖြင့် အေးအေးလူလူစောင့်ခြင်းမျိုးတော့မဟုတ်ကြ၊ သေနတ်တစ်ကမ်း အကွာမှာ မောင်းခလုတ်တွေပေါ် လက်ညှိုးတင်လျက် အသင့်အနေအထားဖြင့် စောင့်နေကြခြင်းပင်။ ရဟတ်ယာဉ်ကလည်း မယ်စဲ့အပေါ်သို့ ရောက်ချိန်မှာ ထိုးမဆင်းရဲသေးဘဲ အောက်မှာမြင်နေရသည့် စိမ်းစိမ်းညို့ညို့ ယူနီဖောင်းဝတ်လူအုပ်ကြီးကို အကဲခတ်ရသေးသည်၊၊ ကလလတတွေပဲလား၊ ငါတို့တပ်တွေရော ရောက်နေပြီလား၊ ကိုယ့်လူတွေမရောက်သေးဘဲဆင်းမိခါမှ မတော်တရော်တွေ ဖြစ်သွားရင် ဒုက္ခ၊ ပိုင်းလော့နောင်တော်ကြီးများလည်း တော်တော်ခေါင်းစားခဲ့ကြောင်းသိရသည်။ ကိုင်း ဖြစ်ချင်ရာဖြစ်ကွာ၊ နိုင်ငံတော်တာဝန်ပေပဲ၊ ဆင်းရမည့်ကိစ္စမို့ ရဟတ်ယာဉ်ကို ဆင်းသက်လိုက်ပါတော့သည်။
ဦးထွန်းကျော်တို့ ကလလတအဖွဲ့ ပြန်ပြောသည် ကတော့ မယ်စဲ့မှာ ကျွန်တော်တို့အားလုံး သံသယစိတ်တွေနဲ့ စောင့်နေကြတာ၊ အပေါ်ကရဟတ်ယာဉ်ဆင်းလာတော့မှပဲ သြော်-----သူတို့ တကယ့်စိတ်ရင်းစေတနာအမှန်နဲ့ ငါတို့ကိုလာတွေ့တာပါလားဆိုပြီး နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုအပေါ် ယုံကြည်မှု ပိုမိုခိုင်မာလာကြောင်း ပြောပြခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ကျယ်ဖိုးကြီးစော်ဘွား စောရွှေနှင့် ဘောလခဲနယ်ကိုယ်စားလှယ် စောဘီထူးတို့ ဦးဆောင်ဖွဲ့စည်းခဲ့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ကလလတအဖွဲ့က ၁၉၇၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် KNPP မှ ခွဲထွက်၍ ဗကပနှင့်ပူးပေါင်းခဲ့သည်။ ၁၉၈၉ ခုနှစ်မှာ ဗကပပြိုကွဲသွားသောအခါ ကယန်းပြည်သစ်ပါတီ၊ ရလလဖ(ပအိုဝ်းနီ)အဖွဲ့များနှင့် ပူးတွဲလှုပ်ရှားခဲ့သည်။ ၁၉၉၄ ခုနှစ် မေလ ၉ ရက်နေ့တွင် ဦးထွန်းကျော် ခေါင်းဆောင်သော ကလလတအဖွဲ့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့သည်။
KNG အဖွဲ့နှင့်ငြိမ်းချမ်းရေး
KNG အဖွဲ့ (ကယန်းအမျိုးသားလုံခြုံရေးတပ်)ကိုတော့ဖြင့် ကယားပြည်နယ်၏ ငြိမ်းချမ်းရေးလမ်းပြကြယ်ဟု ကျွန်တော်အမြဲတမ်း တင်စားခေါ်ဝေါ်ရေးသား ဂုဏ်ပြုခဲ့သည်။ ကြည့်လေ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေစဉ် ကာလကတည်းက ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာသောအဖွဲ့ဖြစ်သည်။ ဦးဂေဘရယ်ဗျံ ခေါင်းဆောင်၍ မိုးဗြဲ၊ ဖယ်ခုံဒေသတွင် လှုပ်ရှားနေရာမှ ကယန်းပြည်သစ်ပါတီ အဖွဲ့နှင့်ပူးပေါင်းသော်လည်း ဗကပနှင့် မပေါင်းလို၍ သဘောထားကွဲလွဲကာ ၁၉၉၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ မိုးဗြဲ၊ ဖယ်ခုံဒေသ ဗလဖလို ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သော လူထုအစည်းအဝေး၏ သဘောတူထောက်ခံချက်အရ ငြိမ်းချမ်းရေးရယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးစံအောင်တို့က ကြိုးပမ်းအားထုတ် ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။
၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၌ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်သည် လွိုင်ကော်မြို့တွင် ပြည်သူလူထုနှင့်တွေ့ဆုံ၍ ကယား ပြည်နယ်အတွင်း၌ လက်နက်ကိုင်တိုက်ခိုက် လျက်ရှိသည့် အဖွဲ့အစည်းအချို့ရှိနေသေးသဖြင့် ဖွံ့ဖြိုး တိုးတက်ရေးကို စိတ်တိုင်းကျဆောင်ရွက်နိုင်ရန် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများ ဥပဒေဘောင် အတွင်းဝင်ရောက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံညှိနှိုင်းရန် ဖိတ်ခေါ်ပါသည်ဟူ၍ လက်ကမ်းကြိုဆို ဖိတ်ခေါ်ခဲ့ပါသည်။
ကယန်းပြည်သစ်ပါတီအဖွဲ့နှင့်ငြိမ်းချမ်းရေး
ဇိန်းကယန်းထန်(ခ)ဦးရွှေအေးသည် ၁၉၆၂ ခုနှစ်တွင် ကယန်းလူငယ် ၄၀ ခန့်ကို အစပြုစုစည်းလှုပ်ရှားကာ ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့၌ ကယန်းပြည်သစ်ပါတီကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဗကပ၏ စည်းရုံးသိမ်းသွင်းခံရမှုကြောင့် ဗကပအလယ်ပိုင်း ဗျူရိုလက်အောက်ခံတပ်ပေါင်းစု စစ်ဒေသတွင်ပါဝင်လှုပ်ရှားခဲ့သည်။ ငြိမ်းချမ်းရေး အကျိုးဆောင်ဆရာတော် ဆိုတေးရိုဖားမို၏ ကူညီပေးမှုဖြင့် ကယန်းပြည်သစ်ပါတီသည် တပ်မတော်မှ တာဝန်ရှိသူများနှင့် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆၊ ၂၈ ရက်တို့တွင်လည်းကောင်း၊ ထိုနှစ် မေလ ၅ ရက်၊ ဇွန်လ ၂၂ ရက်နေ့တို့တွင်လည်းကောင်း တွေ့ဆုံ ဆွေးနွေးပြီးနောက် ၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြသည်။
KNPP အဖွဲ့နှင့် ငြိမ်းချမ်းရေး
၁၉၈၀ ပြည့်လွန်နှစ်များ၌ ကျွန်တော်တို့တပ်ရင်းသည် ကယားပြည်နယ်အတွင်းစစ်ဆင်ရေးဝင်ခဲ့ရသည်။ ထိုစဉ် ကာလကတည်းက KNPP အဖွဲ့အပေါ် စူးစူးစိုက်စိုက် သတိထားမိသည်မှာ ဗကပနှင့် လုံးဝ မပူးပေါင်းခဲ့ကြခြင်းကိုပင်။ ၁၉၉၁ ခုနှစ်တွင် KNPP သည် ကယားပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌဟောင်း ဦးကျော်ဒင်၊ KNG ငြိမ်းချမ်းရေးအဖွဲ့မှ ဦးလှမိုးတို့ထံ ငြိမ်းချမ်းရေးဆိုင်ရာများကို စတင်မေးမြန်း လေ့လာမှုပြုခဲ့သည်။ ဆရာတော် ဆိုတေးရိုဖားမိုကလည်း တိုက်တွန်းအကြံပြုခဲ့သည်။
သို့နှင့် KNPP အဖွဲ့သည် တပ်မတော်မှ တာဝန်ရှိသူများနှင့် ၁၉၉၃ ခုနှစ် အောက်တိုဘာလတွင် စတင်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းနောက် ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှ မတ်လအတွင်း အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ၁၉၉၅ ခုနှစ်တွင် KNPP အဖွဲ့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြသည်။ သို့သော် ဝင်ရောက်လာကြပြီး သုံးလခန့်အကြာ၌ သဘောထားကွဲလွဲမှု အချို့ဖြစ်ပေါ်ခဲ့ပြီး အခိုက်အတန့်အားဖြင့် ငြိမ်းချမ်းရေး ရောင်ခြည်မှေးမှိန်သွားခဲ့ကြောင်းလည်း တွေ့မြင်ခဲ့ရ၏။
အခြားသော ငြိမ်းချမ်းရေးအဖွဲ့ငယ်များ
ကယားပြည်နယ်ထဲမှာ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသော ငြိမ်းချမ်းရေးအဖွဲ့ငယ်၊ အဖွဲ့ခွဲ များလည်း ရှိနေပါသေးသည်။ ၎င်းတို့မှာ ဦးလီးရယ်ခေါင်းဆောင်၍ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ဝင်ရောက်လာသော ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ KNDP အဖွဲ့၊ ဦးဂိုးရီခေါင်းဆောင်၍ ၁၉၉၉ ခုနှစ် ဇူလိုင်လ၂၃ ရက်နေ့တွင် ဝင်ရောက်လာသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီအဖွဲ့၊ ဦးရစ်ချဒ် ခေါင်းဆောင်၍ ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဝင်ရောက်လာကြသော ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးပါတီအဖွဲ့၊ ဦးလောရှာ ခေါင်းဆောင်၍ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဝင်ရောက်လာကြသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ခွဲထွက်)အဖွဲ့တို့ ဖြစ်ကြသည်။ အဖွဲ့ငယ် တော်တော်များများက KNPP မှ ခွဲထွက်လာကြသော အဖွဲ့များ ဖြစ်ကြသည်။
နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်နေရာဒေသ တည်ငြိမ်အေးချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့သည် တိုက်ရိုက်အချိုးကျ နေပါသည်။ ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်းမှာပင် ကယားပြည်နယ်ထဲ၌ မိုးဗြဲ-လဂျီနွဲ့-ပီကင်းလမ်း၊ ဆီဘူး-သိကျိတ်လမ်း၊ ဟိုယာ-ကေကောလမ်း၊ လိုဘာခို-ခူးပရားလမ်း၊ ပီကင်း-လအိ-လတိန်-ဆောင်းပြောင်းလမ်းများ စတင်ဖောက်လုပ်ပေးခဲ့သည်။ ဟိုယာ၊ ဒေါတမကြီး၊ မယ်စဲ့၊ ဘောလခဲ၊ ဆီဘူးနှင့် ခရက်ဒုံတို့မှာ ဆေးရုံများဖွင့်လှစ်ပေးခဲ့သည်။ ရှားတော၊ ရွာသစ်၊ ဟိုယာ၊ ဒေါရောခူ၊ ဒေါညေးခူနှင့်ဟိုစဲ့ ကျေးရွာများမှာ အ-ထ-က၊ အ-လ-ကကျောင်းများ ဖွင့်လှစ်ပေးခဲ့သည်။ ဘောလခဲ၊ ဖရူဆို၊ မယ်စဲ့၊ ဖားဆောင်းနှင့် ရှားတောတို့တွင် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေးခဲ့ကြ၏။ ဤကာလများသည် ငြိမ်းချမ်းခြင်းအစ၊ ဖွံ့ဖြိုးခြင်းအစကာလများပါပေ။ ဤအချိန် ဤကာလမှစတင်၍ ယနေ့အချိန်ထိ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုဆောင်ရွက်ပေးခဲ့သော လမ်း၊ တံတားလုပ်ငန်း ၁၂၈ ခုအတွက် ခွင့်ပြုငွေကျပ် ၂၅၅၆၃ ဒသမ ၄၀ သန်း၊ ရေရရှိရေးလုပ်ငန်း ၆၂ ခုအတွက် ခွင့်ပြုငွေကျပ် ၂၆၅၉ ဒသမ ၅၆၇ သန်း၊ တန်ဖိုးနည်းအိမ်ရာ ၁၃၄ လုံးနှင့်ဝန်ထမ်းအိမ်ရာ ၁၀ လုံး တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ခွင့်ပြုငွေကျပ် ၃၁၀၉ ဒသမ ၄၅ သန်း၊ စွမ်းအင်လုပ်ငန်း ၂၆၂၃ ခုအတွက် ခွင့်ပြုငွေကျပ် ၃၉၇ ဒသမ ၆၈ သန်း၊ သာသနာရေးလုပ်ငန်း ၉၉ ခုအတွက် ခွင့်ပြုငွေကျပ် ၅၃၄ ဒသမ ၇၀ သန်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း ၇ ခုအတွက် ခွင့်ပြုငွေကျပ် ၂၃၅ ဒသမ ၇၁ သန်း၊ ပညာရေးလုပ်ငန်း ၄၂ ခုအတွက် ခွင့်ပြုငွေကျပ် ၆၂၁ ဒသမ ၃၄ သန်းနှင့်ကျန်းမာရေးလုပ်ငန်း ၂၁ ခု အတွက် ခွင့်ပြုငွေကျပ် ၁၁၁ ဒသမ ၉၇ သန်းဖြင့် စုစုပေါင်းငွေကျပ် ၃၃၂၃၃ ဒသမ ၈၁၇ သန်းအား နိုင်ငံတော်မှ ခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။
ကယားပြည်နယ်ခုနစ်မြို့နယ်
ကယားပြည်နယ်အတွင်း၌လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်ဟူ၍ ခုနစ် မြို့နယ်ရှိသည့်အနက် နတလဝန်ထမ်းဘဝမှာ ရှားတောမြို့နယ်မှအပ ကျန်မြို့နယ်များသို့ ရောက်ဖူးခဲ့သည်။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးရသည်။
ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းမြို့တို့သို့ဖြတ်ပြီး မယ်စဲ့သို့သွားရာတွင် နယ်ခြားမှတ်တိုင် ဘီပီ-၁၃ သို့လည်း သွားရောက်လေ့လာကြည့်ရှုခဲ့ဖူးသည်။ ရွာသစ်မှတစ်ဆင့် ဟွေပုံလောင်းဒေသသို့လည်းရောက်ခဲ့သည်။ ဟိုယာ၊ ဘီယာ၊ ဆီဘူး၊ သိကျိတ်ဒေသများကတော့ ငယ်စဉ်တပ်မတော်သားဘဝကတည်းက ရောက်ခဲ့၊ နေခဲ့၊ တာဝန်ထမ်းဆောင် ခဲ့ဖူးသော နေရာများပါပေ။ ကယားပြည်နယ် အတွင်း၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများကို လွိုင်ကော်မြို့နှင့် ဘောလခဲမြို့တို့တွင်လည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို လွိုင်ကော်တွင် လည်းကောင်း နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ပေးခဲ့သည်။
ပန်ပက်ဒေသရေရရှိရေး
ဤလုပ်ငန်းကတော့ ကယားပြည်နယ်ထဲမှာ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သော လုပ်ငန်းများစွာအနက် ထူးခြားသောလုပ်ငန်းတစ်ခု ဖြစ်ခဲ့သည်။ ထိုဒေသတွင် ရေအလွန်ရှား၏။ ပေ ၈၀၀ အနက်မျှ အဝီစိတွင်းတူးသော်ငြားလည်း ရေမထွက်ခဲ့ပေ။ ကံအားလျော်စွာပင် လွိကထိကျေးရွာအနီး၌ မြေအောက် ပေ ၁၀၀ ခန့်အနက်ဂူတစ်ခုတွင် ရေထွက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းရေအရင်းအမြစ်မှ ရေများကို ရေစုပ်ပန့်ဖြင့် ပင်မရေစုကန်သို့စုပ်တင်ပေးသည်။ ထိုပင်မကန်ရောက်ရေများကို အမြင့်ပိုင်း ရေစုကန်များသို့ ရေတင်ပန့်များဖြင့် အဆင့်ဆင့် တွန်းတင်ပေးခဲ့သည်။ ယင်းစနစ်ဖြင့် ဆောင်ရွက်ပေးမှုကြောင့် လွိကထိရေထွက်မှ ၁၁ မိုင်ခန့်အထိကွာဝေးသော ရှမ်း၊ ကယားနယ်စပ်က ကသန်းကူရွာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာမှာ သန့်ရှင်းသော သောက်သုံးရေရရှိနေကြပြီ ဖြစ်သည်။
ငွေကျပ်သန်း ၃၂၉ ဒသမ ၅၁ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့သည်။ ကယန်း(ပဒေါင်) တိုင်းရင်းသားများ စုပေါင်းနေထိုင်ရာ ပန်ပက်ဒေသတွင် လွိကထိကျေးရွာ၊ ချယ်ရီကုန်းကျေးရွာ၊ ချယ်ရီကုန်းတောင်ထိပ်၊ လိင်ဆောင်ဒေးကျေးရွာ၊ ပရက်ကူကျေးရွာ၊ ပေါကူကျေးရွာ၊ ရွမ်းကူတောင်ထိပ်၊ ရွမ်းကူကျေးရွာ၊ ရွမ်းကူအောက်ကျေးရွာ၊ ဒေါကီးကျေးရွာ၊ ချောဒေးကျေးရွာ၊ တိုင်းရင်းသားကုန်း၊ ပန်ပက်လမ်းဆုံ၊ ဆောင်လူကနားရွာသစ်၊ ဆောင်လူကနားရွာဟောင်း၊ ပင်မဆောင်ကျေးရွာ၊ ကသန်းကူကျေးရွာတို့ပါဝင်ပြီး ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းဆောင်ရွက်ပေးသော ဒေသလည်းဖြစ်သည်။
အလားတူပင် ဖရူဆိုမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၂၅ ရွာတို့အတွက် ရေရရှိရေး လုပ်ငန်းများကိုလည်း စတင်အကောင်အထည်ဖော် လျက်ရှိကြောင်း မင်္ဂလာသတင်းကို ကြားသိရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။
ထာဝရတည်ငြိမ်အေးချမ်းရေး
ကယားပြည်နယ်သည် တစ်ချိန်က စစ်၏အနိဋ္ဌာရုံများ ပြည့်နှက်နေသော နေရာဒေသတစ်ခု ဖြစ်ခဲ့သည်။ ထိုမှ ငြိမ်းချမ်းရေးကိုလိုလားကြသော ပြည်နယ်သူ၊ ပြည်နယ်သားများ၊ နိုင်ငံတော်အစိုးရ၏ စေတနာကို နားလည်သဘောပေါက် လာခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြောင့် နှစ်ကာလ ရှည်ကြာစွာ တည်ငြိမ်အေးချမ်းသော ပြည်နယ်တစ်ခုဖြစ်လာခဲ့သည်။ တည်ငြိမ်အေးချမ်းမှုကို အကြောင်းပြု၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဆက်လက်၍လည်း ဖွံ့ဖြိုးတိုးတက် စေချင်ပါသည်။ တစ်ချိန်က ငြိမ်းချမ်းရေး အခြေခံကောင်းများကို စံပြုလျက် ထာဝရတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်ကြီး ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေ လိုပါကြောင်း အလေးအနက် ဆန္ဒပြုတိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
မြင့်စိုး(နတလ)