ကွမ်းယာဆိုသည်မှာ ပီကေကဲ့သို့ပင် အရသာမရှိ၊ အာဟာရမရှိသော်လည်း လူတချို့က ကွမ်းကို မက်မက်မောမောစားသုံးနေကြသည်။ လွန်ခဲ့သော ဆယ်စုနှစ်ဝက်ခန့်ထိ လေ့လာချက်အရ နေ့စဉ်နေ့တိုင်း မြန်မာပြည်လူဦးရေ၏ ခုနစ်သန်းကျော်သည် ဆေးရွက်ကြီးထွက်ပစ္စည်း (ဓာတုပစ္စည်းများ) ပါသော ကွမ်းယာကို သုံးစွဲနေကြပြီး ၎င်းဆေးရွက်ကြီးထွက်ပစ္စည်းများ စားသုံးမှုကြောင့် ရောဂါဖြစ်ကြကာ သေဆုံးသူ အရေအတွက်ကလည်း တစ်နှစ်လျှင် ၆၀၀၀၀ ကျော်ရှိကြောင်း သုတေသနတစ်ခုက ဆိုထားပါသည်။ ထို့ကြောင့် ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ကြီးဌာနကလည်း ကွမ်းစားခြင်းနှင့် ဆေးရွက်ကြီးငုံခြင်းကြောင့် ဖြစ်လာနိုင်သည့် ကျန်းမာရေး အန္တရာယ်များအကြောင်းကို နောင်တမရအောင် ကွမ်းယာကိုရှောင် ဟူသောဆောင်ပုဒ်ဖြင့် ကျန်းမာရေးအသိပညာပေး အမျိုးသားအဆင့်လှုပ်ရှားမှု တစ်ရပ်အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က စတင်ပြုလုပ်ခဲ့သည်။
ခေတ်ချင်းမတူ ရောဂါထူကွမ်းစားသူ အများစုကလည်း ကွမ်းဝါးတာ ဘာဆန်းလို့လဲ၊ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ကွမ်းစားလာခဲ့ကြတာပဲ ဟုဆိုကြသည်။
မှန်ပါသည်။ ရှေးဘုရင်များလက်ထက်တော်ကတည်းက ကလေးငယ်အား ကွမ်းခွံ့မင်္ဂလာပွဲဆင်နွှဲခဲ့ကြပြီး ထီးသုံး၊ နန်းသုံးသာမက ကျေးလက်တောရွာများပါမကျန် စားသုံးလာခဲ့ကြသည်။ ကွမ်းစားခြင်းဓလေ့သည် အရှေ့တောင်အာရှ နိုင်ငံများတွင် ရှေးနှစ်ပေါင်းများစွာကပင် စတင်ခဲ့ပြီး မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် လည်းရှိကြသည်။
သို့သော် ခေတ်ကာလများ ရွေ့လျားလာသည့်အလျောက် ကွမ်းစားသည့်ပုံစံမှာ ဘိုးဘေးလက်ထက်က စားသုံးပုံနှင့် မတူတော့ဘဲ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနှင့် အရောင်ချွတ်ဆေး၊ ပွဆေးကဲ့သို့သော ဓာတုမကင်းသည့် ကွမ်းရွက်၊ ကွမ်းသီးတို့အပြင် ဆေးရွက်ကြီးများသာမက နိုင်ငံခြားကလာသော ဈေးပေါပေါ နှပ်ဆေး၊ စားဆေးများ ထည့်လာကြသည်။ ကွမ်းစားရင်း ဆေးငုံလာကြသည်။ ထို့ကြောင့် ယနေ့ကာလ ကွမ်းစားခြင်းဖြင့် ကွမ်းကို စွဲလမ်းစေသောဓာတ်များ ပါဝင်သောကြောင့် ဆိုးကျိုးပိုများပါသည်။
ကွမ်းစားခြင်း၏ ဆိုးကျိုးများ
ခံတွင်းနံ့ကောင်းစေဖို့ ကွမ်းစားတယ်၊ ခံတွင်းချဉ်လို့ ကွမ်းစားတယ်၊ ကွမ်းဝါးနေရင် အိပ်ငိုက်ပြေစေတယ် စသည့် အကြောင်းပြချက် အမျိုးမျိုးတို့ဖြင့် ကွမ်းစားကြသည်။ တချို့ကလည်း ဆေးလိပ်ဖြတ်ချင်လို့ ကွမ်းစားတယ် ဆိုသောရည်ရွယ်ချက်ဖြင့် ကွမ်းစားကြရာ ဆေးလိပ်မပြတ်ဘဲ ကွမ်းကိုပါ စွဲလမ်းသွားကြသည်။ ကွမ်းယာစားခြင်း၏ ဆိုးကျိုးများအနေဖြင့် -
ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ အစာမျိုပြွန်လမ်းကြောင်းကင်ဆာများ ဖြစ်စေခြင်း။
oral submucous fibrosis ပါးစောင်၏ အတွင်းလွှာမှာ အလုံးအကျိတ်ဖြစ်ခြင်း။
သွားပေါက်နာဖြစ်ခြင်း။
သွားပိုးစားခြင်း၊ သွားအလွှာများကို ပျက်စီးစေခြင်း။
နှုတ်ခမ်း၊ သွားနှင့် သွားဖုံးများကို အရောင်စွန်းစေခြင်း။
နှလုံးနှင့် သွေးကြောရောဂါများဖြစ်စေခြင်း။
ဆီးအိမ်ရောဂါဖြစ်ခြင်း။
ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်မှုကို ပျက်စီးစေခြင်း၊ အဝလွန်စေခြင်း။
အခြားအစားအစာများ ဆေးများနှင့် မတည့်သောအခါ အဆိပ်
ဖြစ်စေခြင်း။
ပဋိဇီဝဆေးများ၏ အာနိသင်ကို လျော့ကျစေခြင်း။
ကွမ်းကို စွဲလမ်းသွားစေခြင်း။
မျိုးဆက်ပွားပြဿနာ(မွေးဖွားလာသော ကလေးတွင် ပေါင်မပြည့်ခြင်း)နှင့်
ကွမ်းသွေးသည် ပတ်ဝန်းကျင်ကိုညစ်ပေစေခြင်း စသည်တို့ကို မလွဲမသွေဖြစ်စေပါသည်။
အထက်ပါ အကြောင်းရင်းများကြောင့် အမေရိကန်ပြည်ထောင်စုရှိ Food and Drug Administration (FDA) အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာနမှ ကွမ်းကိုမဝါးသင့် မစားသင့်သောစာရင်းတွင် ထည့်ထားသည်။ ထို့ပြင် အဆိပ်ဖြစ်စေသော အပင်များအနေနှင့်လည်း သတ်မှတ်ထားသည်။ Centers for Disease Control and Prevention (CDC) ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ခြင်းဌာနကလည်း ကွမ်းစားခြင်းကြောင့် ဖြစ်စေတတ်သော ရောဂါများကို ထုတ်ပြန်ထားသည်။
အကယ်၍ ကွမ်းယာကို နေ့စဉ်နေ့တိုင်း အကန့်အသတ်မရှိ စားသုံးနေမည်ဆိုပါက ခန္ဓာကိုယ်ထဲတွင် ထုံးဓာတ်လွန်ကဲပြီး အထက်တွင် ရေးသားဖော်ပြထားသော ရောဂါများအပြင် ဆီးကျောက်တည်ရောဂါ ဖြစ်ပွားလာနိုင်ပါသည်။ ဆီးကျောက်တည်သောအခါ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ်နှင့် ကျင်ချောင်းတစ်လျှောက် ကျောက်တည်ပြီး လူကိုဒုက္ခပေးတတ်သည်။ လူတချို့က တစ်ရက်လျှင် ကွမ်းယာစုစုပေါင်း ၂၀ ကျော်ထိ လွန်လွန်ကြူးကြူး စားသုံးကြသလို တချို့ကလည်း ညအိပ်သည့်အချိန်ထိပင် ထွေးမထုတ်ဘဲ ငုံအိပ်တတ်ကြသည်။ ထိုလူများတွင် ဆီးကျောက်တည်ဝေဒနာဖြစ်ရန် သေချာနေသည်။ ထို့ပြင် နှိုင်းယှဉ်ကြည့်ရာ၌ ထိုလူများသည် ကွမ်းလုံးဝမစားသူများထက် ပါးစပ်နှင့် လျှာကင်ဆာ၊ ခံတွင်းကင်ဆာ ၄၆ ရာခိုင်နှုန်းအထိ ဖြစ်ပွားလေ့ရှိကြောင်း ပညာရှင်များက သတိပေးထားသည်။
ကွမ်းစားခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်
ကိုရိုနာဗိုင်းရပ်သည် ကိုဗစ်ရောဂါရှိသူ တံတွေးဂလင်းတွင် ခိုအောင်းနေလေ့ရှိပြီး နှာချေ၊ ချောင်းဆိုး၊ စကားပြောရာမှတစ်ဆင့် ထွက်လာသော တံတွေးအစက်အမှုန်များတွင် ရောဂါပိုးအမြောက်အမြား ပါဝင်နိုင်သည်။
သုတေသန မှတ်တမ်းများအရ ကိုရိုနာဗိုင်းရပ်ပိုးရှိသူ၏ တံတွေးနှင့် သလိပ်တို့တွင် ဗိုင်းရပ်ပါဝင်နှုန်းသည် ၉၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရသည်။ ၎င်းအစက်အမှုန်များသည် အနီးကပ်ထိတွေ့သူ၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် တိုက်ရိုက်ထိရောက်ခြင်း၊ ထိုအစက်အမှုန်များ တင်ကျန်ရစ်သည့် အရာဝတ္ထုမျက်နှာပြင်ကို တခြားသူများ၏ ထိကိုင်မိသောလက်များမှတစ်ဆင့် ရောဂါကူးစက်ခံရနိုင်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ဖြစ်ပွားနေမှုအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် စည်းကမ်းမဲ့တံတွေးထွေးခြင်း၊ သလိပ်ထွေးခြင်း၊ ကွမ်းသွေးထွေးခြင်းတို့ကို လုံးဝရှောင်ကြဉ်သင့်ပါသည်။
ကွမ်းစားသူတိုင်း ဆေးလိပ်သောက်သည်ဟု မဆိုလိုသော်လည်း ကွမ်းစားသူအများစုက ဆေးလိပ်သောက်ကြ သကဲ့သို့ ဆေးလိပ်၊ ဆေးရွက်ကြီးငုံသူ အများစုကလည်း ကွမ်းစားတတ်ကြသည်။ ကွမ်းယာ၊ ဆေးရွက်ကြီးနှင့် ဆေးလိပ်ကို တစ်နည်းနည်းသုံးစွဲနေခြင်းတို့မှာ ယင်းတို့၏ အန္တရာယ်ကို မသိ၍မဟုတ်ဘဲ သိပင်သိလျက် အစွန့်ရခက်နေကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကွမ်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးများ မစွဲလမ်းသေးဘဲ အစပြု၍ စားသုံး၊ သောက်သုံးနေသူများအနေဖြင့် ယနေ့(ယခုချက်ချင်း)ရပ်သင့်ပါသည်။ အကယ်၍ ကွမ်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးတို့ကို စွဲသွားပြီဆိုလျှင်လည်း ဖြတ်တောက်စေရန် ယေဘုယျနည်းများ သုံးခြင်းထက် မိမိတစ်ဦးချင်းစီအလိုက် စွဲလမ်းမှုအနေအထားအရ ဆရာဝန်နှင့် တိုင်ပင်၍ ဖြတ်ခြင်းက များစွာ သင့်လျော်ပါသည်။
ထို့ပြင် ကွမ်းစွဲနေသူများက ကွမ်းစားသုံးသောအလေ့အထကို အကျင့်တစ်ခုအနေဖြင့် တဖြည်းဖြည်းချင်း လျှော့စားရန်၊ ခံတွင်းချဉ်ပျောက်ရုံသာ အာသာပြေ(ခေတ္တ)စားရန်၊ ကွမ်းသီးနှင့် ကွမ်းဖတ်တို့ကို တာရှည်ငုံမထားဘဲ ထွေးပစ်ပြီး ခံတွင်းတစ်ခုလုံးကို ရေဖြင့် အာလုတ်(ပလုတ်)နာနာကျင်း၍ သန့်ရှင်းစွာထားရန် လိုပါသည်။ အကယ်၍ ထွေးမပစ်ဘဲ ပါးစောင်တွင်ငုံထားပါက အမှတ်မထင်ကွမ်းသီးအချွန်အတက်များနှင့် ပွတ်တိုက်ထိတွေ့မှုများပြီး ထုံးပေါက်ကာ အနာရောဂါအဖြစ် ခံတွင်းကင်ဆာ၊ လျှာကင်ဆာဖြစ်လာအောင် မိမိကိုယ်ကို နှိပ်စက်နေခြင်းသာ ဖြစ်ကြောင်းကို သိနားလည်ထားကြစေလိုသည်။
ကွမ်းယာ သို့မဟုတ် ဆေးလိပ်နှင့် ဆေးရွက်ကြီးကို တစ်နည်းနည်း သုံးစွဲနေခြင်းတို့မှာ ယင်းတို့၏ အန္တရာယ်ကိုမသိ၍ မဟုတ်ဘဲ သိပင်သိလျက် အစွန့်ခက်နေကြခြင်း ဖြစ်ပါသည်။ ဤကဲ့သို့သောသူများကို အသိပညာပေးမှုများ မည်မျှပင်လုပ်စေကာမူ အောင်မြင်နိုင်မည်မဟုတ်ပေ။ တရားဥပဒေနည်းလမ်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ နည်းလမ်းများကို တိတိကျကျ ကျင့်သုံးပြီး စဉ်ဆက်မပြတ် ထိထိရောက်ရောက် ပြုလုပ်နိုင်မှသာ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုသိသိသာသာ လျော့ကျလာမည်ဖြစ်ပါသည်။ ဥပဒေဖြင့် ထိန်းချုပ်ထားပြီး ပြည်သူများကလည်း လိုက်နာသည့်အတွက် ဆေးလိပ်ကင်းစင်သည့်နိုင်ငံများ ကမ္ဘာပေါ်တွင်ရှိနေသည်ကို အားကျ၍ အတုယူကြစေလိုသည်။
အချုပ်အားဖြင့်ဆိုသော် ကွမ်းယာ၊ ဆေးလိပ်၊ ဆေးရွက်ကြီးတို့ကို စွဲမြဲစွာ စားသုံးခြင်းဖြင့် ကနဦးထိခိုက်သူမှာ ကာယကံရှင်ကိုယ်တိုင်ဖြစ်ပါသည်။ အထူးသဖြင့် နှာခေါင်းနှင့်ပါးစပ်တို့ကို Mask လုံလုံတပ်ထားသင့်သော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကာလမှာ ကွမ်းစား၍ ကွမ်းသွေးတပြစ်ပြစ် ထွေးထုတ်နေရခြင်းက မိမိထံကို ကိုရိုနာဗိုင်းရပ်ပိုးများ အလွယ်တကူဝင်ရောက်လာစေရန် တံခါးပေါက်များ ဖွင့်ထားသလိုဖြစ်နေပါသည်။ အကယ်၍ မိမိမှာ ကိုဗစ်ရောဂါပိုးရှိနေပါက သူတစ်ပါးကို ရောဂါဖြန့်ဝေရာရောက်ပါသည်။ နိုင်ငံတော် အနေဖြင့်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များအရ သော်လည်းကောင်း၊ ကွမ်းယာစားသုံးခြင်းကြောင့် ဖြစ်သော တရားဥပဒေနည်းလမ်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ နည်းလမ်းများကို တိတိကျကျကျင့်သုံးပြီး စဉ်ဆက်မပြတ် ထိထိရောက်ရောက် ပြုလုပ်နိုင်မှသာ ဆေးလိပ်၊ ကွမ်းယာ၊ ဆေးရွက်ကြီးသုံးစွဲမှု သိသိသာသာ လျော့ကျလာမည် ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါသည်။ ။
ပေါက်ပေါက်