စက်သုံးဆီကိုချွေတာသုံးစွဲပါ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် ကျွန်တော်တို့နိုင်ငံမှာ မော်တော်ကားမျိုးစုံတစ်သန်းကျော်ခန့်နဲ့  ဆိုင်ကယ်က ခြောက်သန်းကျော်ခန့်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ စက်သုံးဆီတင်သွင်းခဲ့မှုဟာ တန်ချိန် ၄ ဒသမ ၁၂ သန်းကျော်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ကျွန်တော်တို့နိုင်ငံမှာ အများသုံး သယ်ယူပို့ဆောင်ရေးစနစ် (Public Transportation) အားနည်းလို့ ပြည်သူတွေဟာ ကိုယ်ပိုင်ယာဉ်နဲ့သာ အားကိုးသွားလာကြရပါတယ်။ အများသုံးသယ်ယူပို့ဆောင်ရေး စနစ်ဖြစ်တဲ့ရထား၊ ဘတ်စကား၊ သင်္ဘောရေယာဉ်များရဲ့ ဝန်ဆောင်မှုကို မြှင့်တင်ခြင်း၊ တစ်ဦးချင်း စက်သုံးဆီသုံးစွဲမှုကို ချွေတာခြင်း ဆောင်ရွက်ပြီး  ဒီကိစ္စကိုဖြေရှင်းရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ အများသုံးသယ်ယူပို့ဆောင်ရေး စနစ်ဖြစ်တဲ့ ရထားပို့ဆောင်ရေးစနစ်၊ ဘတ်စကားယာဉ်တွေနဲ့ ပို့ဆောင်ရေးစနစ်၊    သင်္ဘောရေယာဉ်တွေနဲ့ ပို့ဆောင်ရေးစနစ်တို့ကို ဝန်ဆောင်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။  တိုင်းရင်းသားပြည်သူလူထု အနေနဲ့လည်း ကိုယ်တိုင်စက်သုံးဆီ သုံးစွဲမှုကို ချင့်ချိန်ချွေတာ သုံးစွဲခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုပါတယ် ဟူ၍ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် အသုံးပြုသူတိုင်းက တစ်ရက်ကို စက်သုံးဆီဘူးတစ်ဝက်ခန့် လျှော့ချသုံးစွဲမည် ဆိုပါက ဆိုင်ကယ်ခြောက်သန်းအတွက် တစ်ရက်ကို ၁၂၅ ဂါလန်သက်သာပါမည်။ မော်တော်ယာဉ် အသုံးပြုသူတိုင်းက  ကားတစ်စီးတစ်ရက်ကို သုံးစွဲမှုဆီပုလင်းတစ်ဝက် လျှော့ချနိုင်လျှင် တစ်ရက်ကို ဂါလန် ၁၂၅၀၀၀ လျှော့ချနိုင်မည် ဖြစ်ပါသည်။ တန်ဖိုးအားဖြင့် တစ်ဂါလန် ၆၀၀၀ ကျပ် ပျမ်းမျှဈေးနှင့် တွက်ကြည့်လျှင် တစ်ရက်ကို ငွေကျပ် ၁ ဒသမ ၅ ဘီလီယံထိ လျှော့ချနိုင်မှာဖြစ်ပါသည်။ ယာဉ် အသုံးပြုသူများအနေဖြင့် မိမိတို့တစ်ဦးချင်းက တစ်ပတ်လျှင် အနည်းဆုံးတစ်ရက် ယာဉ်အသုံးမပြုဘဲ နေမည်ဆိုပါက စက်သုံးဆီကို ချွေတာရာ ရောက်သကဲ့သို့ ကုန်ကျငွေကို ချွေတာလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်လာမှုကြောင့် နိုင်ငံများစွာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးများ သက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်မှုကြောင့် နိုင်ငံ့စီးပွားရေး အားနည်းခဲ့ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဖိဖိစီးစီးဆောင်ရွက်ရာတွင် အောင်မြင်မှုရှိသလို ငွေကြေးကုန်ကျမှုလည်း များစွာရှိခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအားဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည် ဟူသော ရှေ့လုပ်ငန်းစဉ်အရ ကိုဗစ်-၁၉ ရန်ပုံငွေမှ ကုမ္ပဏီ/လုပ်ငန်းများသို့ ငွေကြေးများထုတ်ချေးပေးခဲ့ရသည်။ ချေးငွေပြန်ဆပ်ရမည့် ကာလကိုလည်း တစ်နှစ်သက်တမ်းတိုးပေးခဲ့သည်။ နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်ရေး၊ အလုပ်လက်မဲ့နည်းပါးစေရေးတို့အတွက် လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နေရမည် ဖြစ်သည်။ ထိုသို့ လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကူညီမှုပြုနေသလို ပြည်သူတစ်ဦးချင်းကလည်း မိမိတို့ဘဝရှင်သန်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကာ လုပ်ငန်းများ လုပ်ကိုင်နေကြရပေမည်။

ပြည်သူတစ်ရပ်လုံး စက်သုံးဆီချွေတာသုံးစွဲကြရန် နှိုးဆော် အသိပေးနေသကဲ့သို့ မဖြစ်မနေ သုံးစွဲနေကြရသူများအတွက် စက်သုံးဆီကို ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးနေပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီမှာ ယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ  ဒီဇယ်ဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဇန်နဝါရီ ၁၁ ရက်မှ စတင်ရောင်းချပေးလျက် ရှိပါသည်။ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကုမ္ပဏီ ၁၈ ခု တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်စုစုပေါင်း ၃၃၆ ဆိုင်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းတို့ကို ဆက်သွယ်တိုင်ကြား နိုင်ကြောင်းကိုလည်း ဖုန်းနံပါတ်များနှင့်အတူ အသိပေးထားပါသည်။

နိုင်ငံသားအားလုံးက မိမိနိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေချင်သည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တစ်ဦးချင်းက တတ်နိုင်သည့်ဘက်မှ ပါဝင်လုပ်ဆောင်သင့်သည်။ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု လျော့နည်း နိုင်သမျှလျော့နည်းလေလေ နိုင်ငံအတွက်ကုန်သွယ်မှု ပိုငွေရလေလေ ဖြစ်ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ပမှ တင်သွင်းနေရသော စက်သုံးဆီများကို မသွားမဖြစ်၊ မသုံးမဖြစ်သော ကိစ္စရပ် များမှအပ ချွေတာသုံးစွဲစေချင်သည်။ ခရီးသွားမည် ဆိုပါလျှင် အတတ်နိုင်ဆုံး အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်၊ ရထားများကို အသုံးပြုစေချင်သည်။ မသွားလျှင်မဖြစ်သော ခရီးမှအပ ခရီးသွားလာမှုကို လျှော့ချသင့်ပါသည်။ တစ်ဦးချင်းက ကိုယ်စီအသိဖြင့် စက်သုံးဆီချွေတာမည် ဆိုပါက နိုင်ငံတော်အတွက်၊ မိမိအတွက် ကောင်းကျိုးရလဒ်များသာ ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။