လက်ရှိကမ္ဘာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ဈေးကွက်များ အပေါ် သက်ရောက်လာနိုင်တဲ့ ဂယက်ရိုက်ခတ်မှုများ

လက်ရှိကမ္ဘာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ဈေးကွက်များ အပေါ် သက်ရောက်လာနိုင်တဲ့ ဂယက်ရိုက်ခတ်မှုများ

ကမ္ဘာ့နိုင်ငံရေး အကျပ်အတည်းဆိုတာကတော့ တစ်နေရာရာမှာ တင်းမာမှုတွေဖြစ်၊ ညှိနှိုင်းလို့မရတာတွေဖြစ်နဲ့  နောက်ဆုံး တိုက်ခိုက်မှုတွေဖြစ်လာတာမျိုးကို ဆိုလို တာဖြစ်ပါတယ်။

လက်ရှိ အကျပ်အတည်းတွေ့နေရတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေက  အရှေ့ဥရောပဒေသမှာပါ။ အရှေ့ဥရောပဒေသလို့ ဆိုပေမယ့်လည်း   တကယ်တမ်း အားပြိုင်နေတာက အမေရိကန် ဦးဆောင်ပါဝင်တဲ့ ဥရောပအုပ်စုနဲ့ ရုရှားနိုင်ငံတို့ ဖြစ်ပါတယ်။

သူတို့ရဲ့အားပြိုင်မှုက သူတို့ကြားမှာ ပဋိပက္ခဖြစ်မှုနဲ့တင် ရပ်တန့်သွားခြင်း မရှိပါဘူး။  စစ်ရေး၊  စီးပွားရေး၊  နိုင်ငံရေး အစရှိတဲ့ရေးရာ အဖြာဖြာမှာ   ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဖြစ်တဲ့အလျောက် သူတို့ကြား အဆင်မပြေဖြစ်မှုက ကောက်ပဲ သီးနှံဈေးကွက်မှသည် စွမ်းအင်ဈေးနှုန်းနဲ့ နောက်ဆုံးစတော့အိတ်ချိန်း ဈေးကွက်တွေအထိကို သက်ရောက်မှုရှိပါတယ်။

ဒါကြောင့်  ကမ္ဘာ့နိုင်ငံရေးအကျပ် အတည်းက လက်ရှိအခြေအနေထက်ပိုပြီး တင်းမာမှုတွေ မြင့်တက်လာခဲ့မယ်ဆိုရင် ဈေးကွက်အသီးသီးအပေါ် ဘယ်လိုသက် ရောက်မှုတွေ၊  ဂယက်ရိုက်ခတ်မှုတွေ ရှိနိုင်မလဲဆိုတာကို ထုတ်နုတ်တင်ပြပေး လိုက်ရပါတယ်။

လုံခြုံစိတ်ချရတဲ့ရင်းနှီးမြှုပ်နှံမှု

လုံခြုံစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုတာကတော့ ဘယ်အချိန်၊ ဘယ်အခြေအနေ မှာပဲရောက်ရောက် ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုက ဆုံးရှုံးသွားနိုင်ခြင်း မရှိဘူးလို့  ဆိုလိုတာဖြစ်ပါတယ်။

အခုလိုကာလမှာ ရင်းနှီးမြှုပ်နှံသူတွေက ငွေတိုက်စာချုပ်လို့လည်း ခေါ်တဲ့ ငွေချေးစာချုပ်တွေဘက်ကို    လှည့်လာကြပါတယ်။

အရှေ့ဥရောပပြဿနာက လောင်စာဆီဈေးနှုန်းကို မြင့်တက်လာစေတာဟာ လက်ရှိအချိန်မှာ အားလုံးမျက်မြင်ပဲ မဟုတ်ပါလား။ ဒီတော့ အကျိုးဆက်အနေနဲ့ ငွေကြေးဖောင်းပွမှုကလည်း မြင့်တက်လာရပါတော့တယ်။

ဆယ်စုနှစ်ပေါင်း များစွာအတွင်း အမြင့်ဆုံးကို ရောက်ရှိလာတဲ့  ဒီလိုငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်းမြင့်တက်မှုတို့ ကြောင့်  ငွေချေးစာချုပ် ဈေးကွက်ဆီကို ရင်းနှီးမြှုပ်နှံသူတွေက  ဦးတည်လာကြတာပါ။

နိုင်ငံခြားငွေကြေးလဲလှယ်မှု ဈေးကွက်မှာဆိုရင် ယူရိုကနေ ဆွစ်ဇာလန် ငွေကြေးကိုလဲလှယ်မှုနှုန်းက လက်ရှိဥရောပဒေသ မှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ညွှန်ပြနေတဲ့  အကောင်းဆုံးသော ရည်ညွှန်းမှုတစ်ခုလည်းဖြစ်ပါတယ်။

အခုဆိုရင် ဆွစ်ဇာလန်ငွေကြေးဖြစ်တဲ့ ဖရန့်နဲ့ ယူရိုတို့ကြားငွေလဲနှုန်းမှာ ယူရို ငွေလဲနှုန်းကကျဆင်းပြီး ဖရန့်ငွေလဲနှုန်း က ၂ဝ၁၅ ခုနှစ် မေလနောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာတာ တွေ့ရပါတယ်။

အလားတူ ရွှေဈေးကွက်သည်လည်း ကမ္ဘာပေါ်မှာ ပဋိပက္ခတွေဖြစ်တဲ့အချိန်တိုင်း ဒါမှမဟုတ် စီးပွားရေးအရဆုံးရှုံးမှု တွေဖြစ်တဲ့အခါတိုင်း အမြဲတမ်းဈေးကောင်း ရနေတဲ့ ဈေးကွက်လို့ ပြောလို့ရပါတယ်။

အကြောင်းရင်းကတော့ ရွှေသည် ဘယ်အချိန်ပဲကြည့်ကြည့် တန်ဖိုးလျော့ကျသွားလေ့မရှိတဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ အတွက်ပါပဲ။

လက်ရှိကမ္ဘာ့ရွှေဈေးအနေနဲ့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉ဝဝ နီးပါးရှိတာကိုတွေ့ရပါတယ်။

ကောက်ပဲသီးနှံ

အရှေ့ဥရောပဒေသပဋိပက္ခက ကောက်ပဲ သီးနှီးဈေးကွက်အပေါ်  ဘာကြောင့်သက်ရောက်မှု ရှိရတာလဲဆိုပြီး မေးခွန်း ထုတ်စရာရှိပါတယ်။   အဲဒီမေးခွန်းကိုဖြေပေးပါမယ်။

ကမ္ဘာပေါ်မှာ ဂျုံတင်ပို့မှု အများဆုံးနိုင်ငံက ရုရှားနိုင်ငံပါ။ ဂျုံတင်ပို့မှုမှာ စတုတ္ထမြောက် အများဆုံးနဲ့ ပြောင်းတင်ပို့မှုမှာ တတိယမြောက် အများဆုံးနိုင်ငံက ယူကရိန်းပါ။

ကောက်ပဲသီးနှံအများဆုံး တင်ပို့နေရတဲ့ လေးနိုင်ငံစာရင်းမှာ ရုရှား၊ ယူကရိန်း၊ ကာဇက်စတန်နဲ့ ရိုမေးနီးယားနိုင်ငံတို့ ပါဝင်ပါတယ်။

အဲဒီလေးနိုင်ငံစလုံးက ပင်လယ်နက် ဒေသထဲမှာရှိတဲ့  ဆိပ်ကမ်းတွေကနေ ကုန်စည်တင်ပို့ ရောင်းချမှုတွေကို အဓိကထား လုပ်ဆောင်နေတာပါ။

ဒီတော့ အရှေ့ဥရောပဒေသမှာ စစ်မီး တောက်ပြီဆိုရင် အဲဒီဆိပ်ကမ်းတွေသည် လည်း လုပ်ငန်းတွေကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါဆိုရင်   ကမ္ဘာ့ဈေးကွက်ထဲကို ကောက်ပဲသီးနှံ ဝင်ရောက်မှု ကျဆင်းပြီး ကုန်ဈေးနှုန်း တက်လာမှာကတော့ မြေကြီးလက်ခတ်မလွဲတဲ့  အမှန်တရားပဲဖြစ်ပါတယ်။

ရေနံနှင့်သဘာဝဓာတ်ငွေ့

အရှေ့ဥရောပဒေသမှာ စစ်မီးတောက်ရင် အထိခိုက်ဆုံးဖြစ်မှာကတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့တို့ ပါဝင်တဲ့ စွမ်းအင် ဈေးကွက်ပါပဲ။

ဥရောပဒေသကြီး တစ်ခုလုံးအနေနဲ့ သူတို့လိုအပ်တဲ့ သဘာဝဓာတ်ငွေ့ ၃၅ ရာခိုင် နှုန်းဝန်းကျင်ကို  ရုရှားဆီကနေ ရယူနေ ရတာဖြစ်ပါတယ်။

ဥရောပဒေသကို သဘာဝဓာတ်ငွေ့ပေးပို့နေတဲ့  Nord Stream  1  ပိုက်လိုင်းတစ်ခုတည်းသာ ရုရှားကနေ ဂျာမနီကို တိုက်ရိုက်ချိတ်ဆက် ထားတာဖြစ်ပြီး အများစုက ဘယ်လာရု(စ်)နဲ့ပိုလန်နိုင်ငံတို့ကိုဖြတ်ပြီးမှ ဂျာမနီနိုင်ငံထဲဝင်တာပါ။ တခြားပိုက်လိုင်းတွေကတော့ ယူကရိန်းကနေ ဖြတ်သန်းသွားတာ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင်လည်း ဥရောပ ဒေသမှာ  သဘာဝဓာတ်ငွေ့ဈေးနှုန်းက အတက်ဘက်ကို လျင်မြန်စွာ ရောက်ရှိနေ ပါတယ်။

အကြောင်းရင်းကတော့ ဥရောပဈေး ကွက်အတွင်းမှာ သဘာဝဓာတ်ငွေ့ဝယ်လိုအား များနေပေမယ့် ရောင်းလိုအားက နည်းနေခြင်းကြောင့်ပါပဲ။

ဒီကြားထဲမှာ  ဥရောပက  ရုရှားကို အရေးယူပိတ်ဆို့လိုက်မယ် ဆိုရင်  ရုရှားရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည်လည်း အရေးယူပိတ်ဆို့မှု စာရင်းထဲမှာ မဖြစ်မနေပါသွားနိုင်ပါတယ်။ ဒါဆိုရင်တော့ ဥရောပ လောင်စာဈေးကွက်မှာ သဘာဝဓာတ်ငွေ့က ရွှေထက်ရှားတယ် ဆိုပြီးတော့တောင် ပြောစမှတ် တွင်သွားပါလိမ့်မယ်။

အလားတူပဲ ရုရှားကနေ တင်ပို့ရောင်းချနေတဲ့ ရေနံစိမ်းသည်လည်း ဒီပဋိပက္ခထဲမှာ မဖြစ်မနေကြားညပ်ဦးမှာပါ။  ရုရှားက ဥရောပဆီ တင်သွင်းနေတဲ့ ရေနံစိမ်းတွေက  ယူကရိန်းကနေတစ်ဆင့်  ဖြတ်သန်း သွားရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ယူကရိန်းကနေ ဖြတ်သန်းတင်ပို့ရတဲ့ ရေနံစိမ်းပမာဏက မက်ထရစ်တန်ချိန် ၁၁ ဒသမ  ၉  သန်းသာရှိပြီး ၂ဝ၂ဝ ပြည့်နှစ်ထက် မက်ထရစ်တန်ချိန်တစ်သန်းနီးပါး လျော့နည်းတာကို တွေ့ရ ပါတယ်။

ရင်းနှီးမြှုပ်နှံမှုဘဏ် တစ်ခုဖြစ်တဲ့ ဂျေပီမော်ဂန်ကတော့ ရေနံဈေးနှုန်းက တစ် စည်ကိုဒေါ်လာ ၁၅ဝ အထိသာမြင့်တက် လာမယ်ဆိုရင် ကမ္ဘာ့အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးက ၁ ရာခိုင်နှုန်းနီးပါး ကျဆင်းပြီး ငွေကြေးဖောင်းပွမှုကလည်း ၇ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။

ကုမ္ပဏီများရဲ့ထိခိုက်မှု

အရှေ့ဥရောပဒေသမှာ စစ်မီးတောက် ခဲ့မယ်ဆိုရင် ရုရှားနိုင်ငံထဲမှာရှိတဲ့ ပြည်ပစီးပွားရေး ကုမ္ပဏီတွေရဲ့ဆုံးရှုံးမှုကတော့ မတွေးရဲစရာပါပဲ။

ရုရှားကုမ္ပဏီတွေနဲ့ ပူးတွဲ လုပ်ဆောင်နေတဲ့ စွမ်းအင်ကုမ္ပဏီတွေ အနေနဲ့ လောင်စာ ဈေးနှုန်းမြင့်တက်မှုကနေ ဆုံးရှုံးမှုကို ခုနှိမ်နိုင်ပါသေးတယ်။ သို့သော်လည်း ဘဏ္ဍာရေးဈေးကွက်မှာတော့ အရှုံးကြီးရှုံးမယ့် အနေအထား ဖြစ်နေတာကို   တွေ့ရပါတယ်။

သြစတြီးယားနိုင်ငံရဲ့ Nord Stream  1  ဘဏ်ဆိုရင် ပြီးခဲ့တဲ့နှစ်တုန်းက သူတို့ရဲ့အသားတင်အမြတ် ၃၉ ရာခိုင်နှုန်းကို ရုရှား နိုင်ငံရှိဘဏ်ခွဲကနေ ရရှိတာပါ။

အလားတူပဲ ဥရောပအခြေစိုက် တခြား ဘဏ်များသည်လည်း ရုရှားနိုင်ငံရှိ ဘဏ်ခွဲတွေဆီကနေ အတိုင်းအတာတစ်ခုအထိ အမြတ်ရရှိနေတာဖြစ်ပါတယ်။

ငွေထုတ်ချေးမှုမှာတော့  ပြင်သစ်နဲ့ သြစတြီးယားဘဏ်တွေက  ငွေပမာဏ အများဆုံး ထုတ်ချေးထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၂ ဘီလီယံနဲ့ ၁၇ ဒသမ ၂ ဘီလီယံအသီးသီး ရှိပါတယ်။

အမေရိကန်ဘဏ်တွေကတော့ ဒေါ်လာ ၁၆ ဘီလီယံ၊ ဂျပန်ဘဏ်တွေက ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံနဲ့ ဂျာမနီဘဏ်တွေက ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။

ဒီတော့ အဲဒီပိုင်ဆိုင်မှုတွေ၊ ငွေကြေး တွေအားလုံးက စစ်မီးနဲ့အတူလောင်ကျွမ်းသွားနိုင်တဲ့  အခြေအနေဖြစ်ပြီး နောက် ဆက်တွဲဆိုးကျိုးတွေကလည်း အင်မတန်မှကို ပြင်းထန်လွန်း ပါလိမ့်မယ်။

အရှေ့ဥရောပပဋိပက္ခက ဒီလောက်အထိကို ထိခိုက်နိုင်ပါ့မလားဆိုပြီး မေးလာရင်တော့ ဒီထက်တောင်ပိုသေးတယ်လို့ ပြောရမှာပါ။

ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ဈေးကွက်အသီးသီးရဲ့ အခြေအနေသည် ကမ္ဘာ့နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် သာဖြစ်တယ်ဆိုတာကို   ကွက်ကွက် ကွင်းကွင်း သိရှိနိုင်စေဖို့ ရေးသား တင်ပြလိုက်ရပါတယ်။