ဝါသနာဟူသည် စွဲမြဲနေသောအလေ့အကျင့်ဖြစ်သည်။ မြတ်စွာဘုရားဟောကြားသည့် ဒေသနာတော်တွင် စိတ်သည်မကောင်းမှု၌ မွေ့လျော်တတ်၏ ဟု ပါရှိသည်။ စိတ်အလိုလိုက်မိက မကောင်းမှု၌ ဝါသနာထုံတတ်သည်။ ထိုသို့မဖြစ်စေရန် သတိဖြင့် ထိန်းချုပ်ရသည်။ ကောင်းသော ဝါသနာအမျိုးမျိုးရှိရာ ယင်းတို့အနက် စာဖတ်ဝါသနာသည် အကောင်းဆုံး၊ အစွမ်းအထက်ဆုံး၊ အကျိုးပြုဆုံးပင်ဖြစ်ကြောင်း မည်သူမျှငြင်းဆို၍ မရချေ။
စာဖတ်သောသူသည် အတွေ့အကြုံ ဗဟုသုတများသူဖြစ်၍ စဉ်းစားတွေးခေါ်ဉာဏ်ထက်သန်သည်။ အခက်အခဲပြဿနာများကို ရင်ဆိုင်နိုင်ပြီး အလွယ်တကူဖြေရှင်းကျော်လွှားနိုင်သည်။ အတားအဆီးကိုမမှု ဖြတ်ကျော်နိုင်သည်။ ထို့ကြောင့်စာဖတ်သောသူသည် အောင်မြင်တိုးတက်၍ တိုးတက်အောင်မြင်သူတိုင်း စာဖတ်ကြသည်။
စာဖတ်ဝါသနာထုံမွမ်းထားသင့်သည်။
စာဖတ်ခြင်းသည် ကျွန်ုပ်တို့အားလုံးနားလည်သော ဘာသာစကားဖြင့် တည်ရှိနေသော သုခဘုံတစ်ခု ဖြစ်သည်ဟု ဆိုသည်။ ရေကြောင့် ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်သလို စာဖတ်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ အသိတရားကို သန့်ရှင်းစင်ကြယ်စေသည်။ စာဖတ်ခြင်းသည် အသိဉာဏ်ရှင်သန်မြင့်မားလျက် စိတ်နေစိတ်ထား ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးနိုင်သည်။ စာဖတ်ခြင်းသည် ဘဝလမ်းကြောင်းကို ရွေးချယ်ပေးသည်။ စိတ်နေစိတ်ထားကို လျော်ကန်သင့်မြတ်အောင် တည့်မတ်ပေးသည်။ စာဖတ်ရာတွင် အသိတရား မှန်ကန်ရေးသည် စာဖတ်ဝါသနာ၏ အရေးကြီးဆုံးအင်္ဂါရပ် ဖြစ်သည်။ အတွေးအခေါ် အသိတရားမှားသွားလျှင် အလွန်အန္တရာယ်ကြီးသဖြင့် စာဖတ်သက်ရင့်ခြင်းကပင် စာအုပ်စာပေ၏ အကျိုးသက်ရောက်မှုစွမ်းအားကို အဆုံးအဖြတ် ပေးခွဲခြားပေးသည်။
စာများများဖတ်မှ ထိုအသိဝင်လာနိုင်ပေသည်။
စာဖတ်ဝါသနာဟုဆိုရာတွင် စာဖတ်လျှင်မည်သည့် အမျိုးအစားအားဖတ်ရမည်ကို ခွဲခြားသိမြင်ရေး လိုအပ်သည်။ ဖတ်ပြီးသော စာပေများကိုလည်း မေ့လျော့မသွားရအောင် နှစ်သက်ရာကို စုစည်းလျက် လေ့လာထုတ်နုတ်မှတ်စု ရေးသားသင့်သည်။ တချို့စာအုပ်များမှာ ကိုယ်ပိုင်ထားရှိသင့်သည့် စာအုပ်များ ဖြစ်လာတတ်သဖြင့် ဝယ်ယူစုဆောင်းရပေမည်။ စာပေမှပေးသောဗဟုသုတ၊ ပညာများကို သင်ခန်းစာယူ အတွေ့အကြုံယူလျက် အတုယူသင့်သည်ကိုအတုယူကာ ရှောင်ကြဉ်ရမည်ကို ရှောင်ကြဉ်တတ်ရေးလိုအပ်သည်။ စာဖတ်ဝါသနာသည် ကမ္ဘာကြီး ကြည့်မြင်တတ်မှုကိုအားပေးသည်။ အသိအမြင်များခြင်း၊ ဗဟုသုတကြွယ်ဝခြင်းကြောင့် သဘာဝတရားနှင့်တကွ လူသားတို့၏ စိတ်နေစိတ်ထားဖြစ်ပျက်ပုံတို့ကို အမှန်အတိုင်းထိုးထွင်းသိမြင်ကာ နေရာတိုင်း၌ ဝင်ဆံ့လာတတ်သည်။ ပညာရဲရင့်ပွဲလယ်တင့်တတ်ကြသည်။
စွမ်းအားထက်မြက်သော စာပေတို့သည် စာဖတ်ဝါသနာရှင်များအား ကိုယ်ကျင့်တရားကောင်းပြီး လူအချင်းချင်း ရိုင်းပင်းကူညီလိုစိတ်၊ ယဉ်ကျေးမှုအစဉ်အလာဓလေ့ ထုံးတမ်းများကို မြတ်နိုးထိန်းသိမ်းလိုစိတ်၊ သရုပ်ပျက်ယဉ်ကျေးမှုကို အားမပေးသောစိတ်၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားပြီး ဇာတိသွေး ဇာတိမာန်ထက်သန်လိုစိတ်၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးစိတ် အစရှိသည့် စိတ်ဓာတ်ကောင်းတို့ ပေါ်ထွန်းအောင် မျိုးစေ့ချပေးတတ်သည်။ စာဖတ်ဝါသနာကား လူသားကောင်းကျိုး နှိုးဆော်ပေးသည့် ကြီးစွာသော မှီခိုရာဖြစ်သည်နှင့်အညီ ငယ်စဉ်ကတည်းကပင် စာဖတ်ဝါသနာ ထုံမွမ်းတတ်အောင် တာဝန်ရှိသူ လူကြီးမိဘများက ပြုစုပျိုးထောင် အားပေးကြမည်ဆိုလျှင် ကျောက်ကောင်းများစွာ ပွင့်လာမည်မှာ မလွဲပင်ဖြစ်သည်။
စာအုပ်စာပေ လူ့မိတ်ဆွေ ဟုဆိုသည်။ စာအုပ်ကောင်းသည် မိတ်ဆွေကောင်းသဖွယ် ကောင်းကျိုးများစွာကို မဖောက်မပြန်ပေးအပ်မြဲဖြစ်သည်။ မိတ်ဆွေကောင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက ဟောကြားတော်မူသည် မှာ မိတ်ဆွေကောင်းတစ်ဦးရှိလျှင်ပင် ဘဝပြီးပြည့်စုံသည်ဟူ၍ဖြစ်သည်။ စာအုပ်ကောင်းများစွာသည် မိတ်ဆွေကောင်းများစွာဖြစ်၍ စာဖတ်ဝါသနာကြောင့် မိတ်ဆွေကောင်းရှာတွေ့ပေါင်းဖော် ရသည့်အတွက် ဘဝ၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရသည်။
စာပေဟုဆိုရာတွင် စာနယ်ဇင်း အားလုံးအကျုံးဝင်သည်။ စာပေသည် အသေးငယ်ဆုံး အခြင်းအရာမှ အတိုးတက်ဆုံးသိပ္ပံနှင့် နည်းပညာရပ်အထိ ကျယ်ပြန့်လှသည်။ စာနှင့်ကင်း၍ကျော်ကြားသူ မရှိသလို၊ စာနှင့်ကင်း၍တိုးတက်သော လူမျိုးဟူ၍မရှိချေ။ လူသားတို့၏ အတွေ့အကြုံများကို မှတ်တမ်းပြုထားသော စာအုပ်စာပေသည် အတိတ်သမိုင်းကို သိခွင့်ရသလို ပစ္စုပ္ပန်ကောင်းကျိုးကိုညွှန်ပြသည်။ အလားတူစွာ အနာဂတ်ကို အကဲခတ်နိုင်သည်။ စာပေသည် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် အဓွန့်ရှည်တည်တံ့ရေးအတွက် ရေသောက်မြစ်ပင်ဖြစ်သည်။
စာပေနှင့်ပတ်သက်၍ လေ့လာမှတ်သားခဲ့ရဖူးသည်မှာ စာပေတွင်မကောင်းသောစာပေ၊ မလေ့လာအပ်သော စာပေဟူ၍မရှိ၊ ထိုစာပေမှရအပ်သော ဗဟုသုတကိုသာသုံးအပ်သည် ရှောင်သင့်၊ ဆောင်သင့်သည်ကို စာပေကပင်လမ်းညွှန်သွားလိမ့်မည် ဟူ၍ဖြစ်သည်။ အသိဉာဏ်ကွန့်နိုင်အောင် စာများများ ဖတ်ဖို့လိုသည်။ ဗဟုသုတများလျှင် အသိအမြင် ကျယ်ပြန့်သည်။ အသိဉာဏ်ကျယ်ပြန့်လာသည်နှင့်အမျှ စာကောင်း၊ စာညံ့ခွဲခြားတတ်လာသည်။ ဤအသိသည် ကောင်းသောအသိ၊ မကောင်းသော အသိဟူ၍ ခွဲခြားတတ်လာသည်။ ထိုသို့အသိဉာဏ်ကျယ်ပြန့်ပြီး စိစစ်ဝေဖန်တတ်ခြင်းသည်ပင် စာပေ၏ကျေးဇူးဖြစ်သည်။
စာပေကျေးဇူးကားထူးကဲလှသည်။ စာဖတ်၍ လူ့လောကအကောင်းအဆိုး၊ အကြောင်းအကျိုးဆက်စပ် သိမြင်လာသော် နားမျက်စိပွင့်သွားပေပြီ။ ကမ္ဘာနှင့်ယှဉ်၍၊ လောကနှင့်ယှဉ်၍ သုံးသပ်သိမြင်လာခြင်းသည် ကိုယ်ရည်ကိုယ်သွေးတိုးတက်လာခြင်းပင်ဖြစ်သည်။ မြန်မာစာပေ၏ အနှစ်သာရဖြစ်သော ကဗျာ၊ လင်္ကာ၊ သီချင်း၊ စကားပြေတို့ကိုလေ့လာခြင်းဖြင့် ရသအမျိုးမျိုးကို ခံစားရရှိစေသည်။ ဗုဒ္ဓစာပေများကြောင့် ယဉ်ကျေးသိမ်မွေ့လာသည်။
သမိုင်းဖြစ်စဉ်ဖြစ်ရပ်များ ဖတ်ရှုခြင်းကြောင့် သင်ခန်းစာဖော်ထုတ်နိုင်ကာ မျက်မှောက်ခေတ်နှင့် ချိန်ထိုးတွက်ဆနိုင်သည်။
လူတစ်ဦး၏တိုးတက်မှု၊ ဆုတ်ယုတ်မှုဟူသည် အသိဉာဏ်ရှိခြင်း၊ မရှိခြင်းအပေါ် လုံးဝတည်မှီနေသည်။ အသိဉာဏ်ကျယ်ပြန့်လေတိုးတက်လေဖြစ်ပြီး အသိဉာဏ်နည်းလေဆုတ်ယုတ်လေဖြစ်သည်။ အသိဉာဏ်ကျယ်ပြန့်ရေးအတွက် စာဖတ်ရပေမည်။ လူကိုစိတ်က ဦးဆောင်သည်။ စိတ်ကိုဉာဏ်ပညာက ဦးဆောင်သည်။ ဉာဏ်ပညာကို ဗဟုသုတက ဦးဆောင်သည်။ ဗဟုသုတကိုစာအုပ်စာပေက ဦးဆောင်သည်ဟု ဖတ်မှတ်လေ့လာဖူးသည်။
လူတစ်ဦးလေ့လာမှုသည် တစ်ကိုယ်စာသာရရှိတတ်၍ ဘောင်ကျဉ်းလှပါသည်။ စာအုပ်စာပေသည်လူများစွာ တို့၏ အတွေ့အကြုံများစွာကို မှတ်တမ်းပြုထားသည်
ဖြစ်ရာ စာပေဖတ်ရှုလိုက်သည်နှင့် လူများစွာတို့၏ အတွေ့အကြုံ ဗဟုသုတများ၊ ပညာရပ်ကျွမ်းကျင်မှု ဆိုင်ရာများ၊ တွေးခေါ်မြော်မြင်မှု ဒဿနများ စသည်ဖြင့် ဗဟုသုတများစွာ ရရှိသည်ဖြစ်ရာ စာဖတ်ခြင်းဖြင့် အလွန်ကျယ်ပြန့်သော ဗဟုသုတပင်လယ်ပြင်အတွင်း ရွက်လွှင့်ရာရောက်သလို ကောင်းကျိုးချမ်းသာ အဖြာဖြာကိုရရှိစေသည်။
စာအုပ်စာပေထဲ၌ရှိသော ဗဟုသုတများကိုတကယ် လက်တွေ့လူ့လောကတွင် အသုံးချတတ်မှသာ တကယ့် ပညာဖြစ်သည်ဟု မှတ်သားဖူးသည်။ စာပေဆိုသည်မှာ ဖတ်ရုံသက်သက်၊ သိရုံသက်သက်မဟုတ်ဘဲ စာပေဖြင့် လူ့လောကကို အလှဆင်တတ်မှသာ စာပေ၏ကျေးဇူးကိုအထူးရရှိမည် ဖြစ်သည်။ ထို့ကြောင့် လောကကောင်းကျိုးထမ်းရွက်နိုင်သူတိုင်း စာဖတ်ကြသည်။ အလားတူစွာပင် လူတစ်ဦး၏ စဉ်းစားတွေးခေါ်မှု၊ ပြောမှုဆိုမှု၊ လုပ်ကိုင်ဆောင်ရွက်မှုတို့ကို လေ့လာကြည့်လျှင် ထိုသူသည် စာဖတ်သူဟုတ်၊ မဟုတ်ကောင်းစွာ သိမြင်နိုင်သည်။ စာဖတ်သူဟူသည် နှုတ်ထွက်စကားအလွန်ပြေပြစ်သည်။
ကြောင်းကျိုးလျော်ညီသည်။ အဆက်အစပ်ရှိသည်။
ကျစ်လျစ်ခိုင်မာသည်။ မည်သည့်အခါမျှ ပရမ်းပတာမပြော၊ မလုပ်တတ်ပေ။
စာဖတ်ဝါသနာထုံမွမ်းနိုင်အောင် ငယ်စဉ်ကပင် လေ့ကျင့်မွေးမြူသင့်သည်။ အထူးသဖြင့် ယနေ့ကာလကျောင်းသား၊ ကျောင်းသူများ ကျောင်းနေစဉ်ကာလ ကတည်းကပင် စာအုပ်စာပေနှင့် မကင်းကွာသင့်ပေ။ ယနေ့ကာလ ကျောင်းသား၊ ကျောင်းသူများကို လေ့လာကြည့်ပါက ကျောင်းသင်ခန်းစာများနှင့် အချိန်ကုန်ရုံသာမက တချို့ဆိုလျှင် ကျောင်းသင်ခန်းစာကိုပင် နိုင်နိုင်နင်းနင်း မရှိကြောင်းတွေ့ရသည်။ စာဖတ်ပျင်းကြသည်။ ထိုအလေ့အထသည် ဘဝတိုးတက်ရေးအတွက် ကြီးစွာသောအနှောင့်အယှက်ပင်ဖြစ်သည်။
ကျောင်းသင်ခန်းစာများသည် အသိပညာ၊ အတတ်ပညာရပ်တစ်ခုခုအတွက် အစပျိုးမှုမျှသာဖြစ်သည်။
တကယ့်အသိပညာနှင့် အတတ်ပညာ ရရှိရေးအတွက်ဆိုလျှင် ကျောင်းသင်ခန်းစာအပြင် အခြားသော စာအုပ်စာပေများကို ဖတ်မှတ်လေ့လာမှသာ ရရှိနိုင်သည်။ ထိုသို့ဖြစ်စေရန် ကျောင်းစာကြည့်တိုက်များကို အသုံးချခြင်း၊ ပြည်သူ့စာကြည့်တိုက်များကို အသုံးချခြင်း၊ ပြင်ပမှာငှားရမ်းခြင်း၊ စာအုပ်စာပေဝယ်ယူ စုဆောင်းခြင်း စသည့်နည်းလမ်းအမျိုးမျိုးဖြင့် ဖတ်စရာစာအုပ်ရှိအောင်ကြိုးစားသင့်လှပေသည်။
စာဖတ်ဝါသနာပါအောင် လေ့ကျင့်ပျိုးထောင်ယူ၍ရသည်။ တစ်နေ့တာအတွက် အချိန်များအနက်မှ စာဖတ်ချိန် သတ်မှတ်ထားပြီး ထိုသတ်မှတ်ချက်အတိုင်း နေ့စဉ်မှန်မှန်ဖတ်ပေးပါက စာဖတ်ဝါသနာထုံလာပေမည်။ ဖတ်လိုသည့် စာအုပ်ကိုကြိုတင် ရွေးချယ်၍ မိမိ၏အနီးနားတွင် ထားသင့်သည်။ အိမ်တစ်အိမ် စာအုပ်စင်တစ်စင်ထားနိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။ စာဖတ်ချိန်များလာသည်နှင့်အမျှ စာပေ၏ ကောင်းကျိုးကို သိမြင်လာကာ သတ်မှတ်ချိန်ရောက်လာလျှင် စာမဖတ်ရမနေနိုင်အောင် ဖြစ်လာမည်မှာ မလွဲသော သဘောပင်ဖြစ်သည်။
အချုပ်အားဖြင့် ဆိုရသော် လူ့ဘဝအနှစ်သာရပြည့်လိုလျှင်စာဖတ်ပါ။ လူ့လောကအတွင်းဝင်ဆံ့လိုလျှင် စာဖတ်ပါ။ အောင်မြင်တိုးတက်လိုလျှင်စာဖတ်ပါ။ စာဖတ်သူ၏ဘဝသည် ပြီးပြည့်စုံခြင်းသို့ ရောက်ရသည်ဖြစ်ရာ စာဖတ်ဝါသနာ ထုံမွမ်းနိုင်ကြပါစေကြောင်း အလေးထား ရေးသားလိုက်ရပါသည်။ ။
လင်းအရုဏ်ဉီး(ပဲခူး)