အိပ်ရာထထချင်း ရေသောက်ခြင်း အကျိုးကြောင့် အစာအိမ်ရောဂါဖြစ်၍ နှစ်ကြိမ်ခွဲစိတ်ကုသမှု ခံယူထား ရသူတစ်ဦး နှစ်ရှည်ခံစားနေရသော ဝေဒနာများ ပျောက်ကင်းကျန်းမာသည့် အကြောင်းကို ရေးသား တင်ပြလိုပါသည်။
စာရေးသူ၏ လူနာများထဲတွင် ဦးပေါများဆိုသူ လက်လုပ်လက်စားတစ်ဦး ရှိပါသည်။ ဦးပေါများဆိုသည့် အမည်နှင့်မလိုက်အောင် သူ့မှာဆင်းရဲသား လက်လုပ်လက်စားတစ်ဦး ဖြစ်ပါသည်။ ပျံကျအလုပ်အမျိုးမျိုး လုပ်ကိုင်စားသောက်သူဖြစ်သည်။ ယခုလောလောဆယ် ပန်းရန်ဝင်လုပ်ရင်း အမြင့်မှလိမ့်ကျ၍ ခါးနာသွားသဖြင့် အလုပ်ရှင်က စာရေးသူ၏ ဆေးခန်းသို့ ပို့ပေးခြင်း ဖြစ်သည်။
စာရေးသူသည် ဦးပေါများ ခါးမှလိမ့်ကျဒဏ်ရာနှင့် ခါးဆစ် ခါးဆိုင်းကြောများကို အကြောပြင်ဆေး လိမ်းပေးပြီးနောက် ပက်လက်လှန်အိပ်ကြည့်ခိုင်းသောအခါ ကောင်းစွာအိပ်နိုင်သဖြင့် ခါးရိုးဆစ်မကျိုးပါ။ ဒဏ်ရာစိုးရိမ်စရာ မရှိပါ။ နှစ်ရက်၊ သုံးရက် အနားယူဆေးလိမ်းလျှင် ကောင်းသွားနိုင်ပါသည်ဟု ပြောပြပါသည်။
ပက်လက်လှန် အိပ်လိုက်သောအခါ ဦးပေါများ၏ ဝမ်းဗိုက်တွင် အထက်အောက်ဗိုက်ခွဲထားသည့် ချုပ်ရိုးကြီး နှစ်ကြောင်းကို ကင်းခြေများကြီးသဖွယ် တွေ့ရပါသည်။
စာရေးသူက ဘာဒဏ်ရာလဲဟုမေးသောအခါ ဦးပေါများက သူ့အစာအိမ်တွင် အနာရှိသဖြင့် နှစ်ကြိမ်ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူရကြောင်း ပြောပြပါသည်။
ပထမ အိမ်မှာ လေအောင့်သည်ထင်၍ ကြုံရာလေဆေးတစ်ထုပ်ဝယ်သောက်ပြီး ပေနေရာမှ ချွေးသီးချွေးပေါက် များကျပြီး သတိလစ်သွားသဖြင့် အိမ်နီးချင်းများက ဆေးရုံပို့လိုက်ပြီးခွဲစိတ်ရခြင်း ဖြစ်သည်။ လွန်ခဲ့သောဆယ်နှစ်ခန့်က ဖြစ်သည်ဟုဆိုသည်။
ဒုတိယအကြိမ် ခွဲစိတ်ရခြင်းမှာ လွန်ခဲ့သော လေးနှစ်ခန့်ကဖြစ်သည်။ အလုပ်ထဲမှာ မိုးမိပြီးအပြန်မှာ ချမ်းတုန် ဖျားလာသဖြင့် လမ်းထိပ်ဆေးဆိုင်တစ်ခုမှာ ဝင်ပြောပြီး စပ်ဆေးတစ်ထုပ်ဝယ်ခဲ့သည်။ အိမ်ရောက်တော့ စားစရာမရှိသဖြင့် ကော်ဖီမစ်တစ်ထုပ်ဖျော်သောက်ပြီး စပ်ဆေးအတောင့်အပြားများကို တစ်ကြိမ်တည်း ပေါင်းသောက်ချလိုက်သည်။ နောက်နာရီဝက်ခန့်ကြာသော် ဗိုက်ထဲမှမခံမရပ်နိုင်အောင်နာသည်။ ရေနွေးပုလင်းကပ်ပြီး ပေနေလိုက်သည်။ နံနက်လင်းပိုင်း နှစ်နာရီခန့်တွင်အန်သည်။ နီရဲသောသွေးများ ပါလာသဖြင့် ဆေးရုံသို့ အရေးပေါ်တင်လိုက်ရပြီး နံနက်၈ နာရီခန့်တွင် ခွဲစိတ်ခံရသည်ဟုဆိုသည်။ စပ်ဆေး များ၏ အကျိုးပင်ဖြစ်တော့သည်။
သူသည် ဆေးရုံမှ ဒုတိယအကြိမ် ဆင်းပြီးနောက် ၃ လခန့်အထိ မစာမစားနိုင်။ ဆန်ပြုတ်၊ ကွေကာအုပ်၊ ဖျော်ရည်များနှင့်သာ အသက်ဆက်နေရသည်ဟုဆိုသည်။ ဆေးရုံမှမှာလိုက်သည်။ အပူအစပ်နှင့် အစာများများမစားဖို့၊ နည်းနည်းနှင့် အကြိမ်များများ ခွဲစားဖို့မှာရခြင်းမှာ သူ့အစာအိမ်မှာ နှစ်ကြိမ်ခွဲစိတ်ပြီး လှီးထုတ် ခံထားရသဖြင့် သိပ်မကျန်တော့၊ ကျဉ်းသွားပြီဟုဆိုသည်။
သူသည် ထမင်းမစားရသဖြင့် လူကပိန်သည်ထက် ပိန်လာသည်၊ ကြုံရာကျပန်းအလုပ်လည်း မလုပ်နိုင်သဖြင့် ဝင်ငွေကမရှိ၊ စားဝတ်နေရေးအခက်အခဲကလည်း ရှိလာသဖြင့် မြန်မာပီပီ ဘုန်းကြီးကျောင်းတစ်ခုသို့ သွားနေသည်။ ကပ္ပိယလုပ်နေသည်။ ဘုန်းကြီးကျွေးသော ဆွမ်းကျန်ကိုသာ စားသည်။ ထိုကျောင်းဘုန်းကြီးက အစာစားနိုင်အောင် သူ့အစာအိမ်ကိုကုပေးလိုက်သည်ဟု ပြောသည်။
ဘုန်းကြီးပေးလိုက်သော ကုထုံးမှာ အထူးအဆန်းဖြစ်သည်။ နံနက်စောစော အုန်းမောင်းခေါက်ချိန် အိပ်ရာထသည်နှင့် မျက်နှာမသစ် သွားမတိုက်မီ ရေအဝသောက်ခိုင်းသည်။ အစကတော့ အိပ်ရာထစနှင့် မျက်နှာမသစ်သွား မတိုက်ရသေးဘဲ(အာပုပ်ရည်)နှင့် သူကရေမသောက်ချင်။ သို့သော် ဘုန်းကြီးက နံနက်စောစော ခံတွင်းမှအရည်တွင် အစာကြေစေနိုင်သော အရည်ပါသည်ဟုဆိုသည်။
သူသောက်ရသောရေမှာလည်း တစ်ခွက်မဟုတ်။ တစ်ဖလားအပြည့်။ မျက်နှာသစ်သည့် ရေဖလားနှင့် အပြည့်နီးပါး ရေကိုရေစစ်ဖြင့် စစ်ပေးပြီး ကုန်အောင်သောက်ခိုင်းသည်။ ရေတစ်ဖလားသောက်ရသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်။
ဒီရေတွေကို အကုန်ဝင်အောင်သောက် ဒါမှ နင့်အစာအိမ်က ပြန်ကျယ်လာမယ်။ အစာအိမ်ကျယ်မှ အစာဝင်လာမှာဟု ဆရာတော်ကြီးက ပြောသဖြင့် မသောက်ချင်သော်လည်း ကုန်အောင်ကြိတ်မှိတ် သောက်ရသည်။ သူ့ကျောင်းမှာ မှီခိုကပ်ရပ်နေရသော အကြောင်းကလည်း ရှိသည်မဟုတ်လား။
ဤသို့ နေ့စဉ်ရက်ဆက် နံနက်အိပ်ရာထသည့်အချိန် တန်းပြီးရေတစ်ဖလား သောက်ရသည့် ဒုက္ခ မှာမသေးဟု နဂိုက ထင်သော်လည်း တစ်ပတ်ဆယ်ရက်ခန့်ကြာလာသောအခါ ခံနိုင်ရည်ရှိလာသည်။ အကျင့်ဖြစ်၍ နံနက် ထသည်နှင့် ရေကန်သို့တန်းပြေး၊ ရေစစ်နှင့် တစ်ဖလားစစ်ယူလာပြီး အားပါးတရ သောက်လိုက်ရမှနေသာသလို ဖြစ်သွားသည်။
နောက်မကြာမီမှာပင် ကျောင်းမှစွန့်သော ဟင်းမျိုးစုံပါသော ဟင်းလေးနှင့်ဆွမ်းကျန်တို့ကို စားနိုင်လာသည်။ စားနိုင်သည်မှ ရှေးယခင်ဆယ်နှစ်ကထက်ပင် ပိုစားနိုင်လာသည်။ ယခင်က ထမင်းပန်းကန်တစ်ဝက်ပင်မကုန်။ အစာအိမ်ကျဉ်းသဖြင့် မဝင်သောသူသည် ထမင်းတစ်ဇလုံအပြည့် အသာလေးဝင်သည်။ ဟင်းချိုကလည်း ပါသေးသည်။ သူ့ကိုနှစ်ကြိမ်နှစ်ခါ ဒုက္ခပေးခဲ့သော အစာအိမ်သည် ရေသောက်ခြင်းအကျိုးဖြင့် ပြန်ကောင်းခဲ့ရသည်ဟုဆိုသည်။
ဦးပေါများ၏ ပြောပြချက်များကို ပြန်စဉ်းစားကြည့်သောအခါ အစာအိမ်နာအခံရှိသူ အကိုက်အခဲပျောက်ဆေး၊ စပ်ဆေးများကို ကြုံရာကျပန်းဝယ်သောက်သဖြင့် အစာအိမ်သွေးကြောပေါက်ရခြင်း၊ ခွဲစိတ် ကုသသည့်အခါ အစာအိမ်ကိုလှီးထုတ်၊ ပြန်ချုပ်နှစ်ကြိမ်မျှလုပ်ခဲ့ရဖူးသဖြင့် အစာအိမ်ကျဉ်းသွားသဖြင့် အစာမဝင်သောဘ၀ ရောက်ရသည်။
ခွဲစိတ်ကုသမှုကြောင့် အစာအိမ်ကျဉ်းသွားသောသူ၊ အစာအိမ်ဖြတ်ထုတ်ရသောသူများကို ဆရာဝန်များက များများမစားရန်၊ နည်းနည်းချင်းနှင့် အကြိမ်ကြိမ်ခွဲပြီး အစာကိုစားရန်နှင့် ကြေလွယ်သောအစာကိုစားရန် ကောက်ညှင်း၊ ဆန်ကြမ်း၊ မာသောအစာ၊ အကြော်အလှော်အပူအစပ်များကို ရှောင်ခိုင်းလေ့ရှိပါသည်။ အဓိကရောက်သောဒုက္ခမှာ များများမစားရ။ နည်းနည်းနှင့် တစ်နာရီ တစ်ကြိမ်ခန့်စားနေရခြင်းဖြစ်သည်။ လက်လုပ်လက်စားများအဖို့ လိုက်နာရန်မလွယ်သော ကိစ္စဖြစ်သည်။
ရှေးမြန်မာနည်း၊ ဗိန္ဒောနည်းများသည် တစ်ခါတစ်ရံ ဆေးမပေးဘဲ ရေနှင့်ကုသောကုထုံးများရှိသည်။ ရေကိုပင် ဆေးတစ်ပါးအဖြစ်သုံးသည်။ ရေအမျိုးမျိုး၏ အာနိသင်ကိုခွဲခြားပြီး ဆေးအဖြစ်သုံးသည်။ ဥပမာ- မိုးရေကိုခံထားပြီး ကျိုချက်သောက်ခြင်း၊ မိုးသီး၊ နှင်းရည်တို့ကိုခံယူထားပြီး မျက်စဉ်းခတ်ခြင်း၊ တိမ်သလာတို့ကို ကုသခြင်းများပြုလုပ်လေ့ရှိသည်။
ယခုဆရာတော်က ဦးပေါများကို ရေတစ်ဖလားသောက်ခိုင်းခြင်းမှာလည်း ဆေးကျမ်းတွင်ပါသည် မဟုတ်။ ရှေးအစဉ်အဆက် လက်ဆင့်ကမ်းခဲ့သော ရှေးဗိန္ဒောနည်းဖြစ်ပါလိမ့်မည်။
ရှေးခေတ်က အစွမ်းထက်သော၊ နာမည်ကျော်ကြားသော ဗိန္ဒောဆရာကြီးများရှိခဲ့သည်။ အင်္ဂလိပ် လက်အောက်ကျပြီးနောက် တဖြည်းဖြည်းတိမ်ကော ပပျောက်ခဲ့သည်။ လက်ဆင့်ကမ်းအမွေယူမည့်သူမရှိ။
မြန်မာ့ထုံးစံအတိုင်း မှတ်တမ်းမရှိသဖြင့် ပျောက်ပျက်ပျောက်ကွယ်သွားရသော ဆေးကုနည်းကောင်း များစွာရှိနိုင်သည်။
ယခု ဦးပေါများပြောသောနည်းကို သိရသောအခါ စာရေးသူတို့ ငယ်စဉ်ကခေတ်စားခဲ့သော သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ ပျောက်သည်ဆိုသော ဂျပန်ရေသောက်နည်းကို သွားသတိရမိပါသည်။
ထိုနည်းမှာရေတစ်အိုး(တစ်လီတာဘူးနှင့် ၄ ပုလင်း) သောက်သောနည်းဖြစ်သည်ဟုမှတ်မိသည်။ နည်းလမ်းအတိအကျကိုတော့ မမှတ်မိတော့ပါ။ စာရေးသူ ငါးတန်းကျောင်းသားအရွယ် ၁၉၆၃ ခုနှစ်ခန့်က ဖြစ်သည်။ ထိုရေသောက်နည်းဖြင့် ကျောက်ကပ်နှင့် သွေးတိုးရောဂါရှိသူအတော်များများ ပျောက်ကင်းခဲ့သည်။
နောက်မှ ထိုနည်းသည် အဘယ်ကဲ့သို့မှေးမှိန်သွားသည်ကို မူမသိတော့ပါ။
ရေသည် ရန်သူမျိုးငါးပါးတွင် ပါဝင်သော်လည်း မရှိလျှင်မဖြစ်သည့် သက်စောင့်ဓာတ်ဖြစ်သည်။ အာယုဗေဒဆေးပညာ၊ တိုင်းရင်းမြန်မာဆေးပညာ၊ တရုတ်ဆေးပညာ အခြေခံတို့တွင် ရေနှင့်မြေသည် လောကနှင့် လူသားတို့အတွက် အဓိကကျသော ဓာတ်များဖြစ်သည်။ ဆေးကုသရာတွင် ပိုလျှင်လျှော့ လိုလျှင်ဖြည့်ရမည့်ဓာတ်များဖြစ်သည်။
ရေကုထုံး
ရေသောက်ခြင်း၊ ရေကုထုံးများကြောင့် ဆရာဝန်ကြီးများပင် ကောင်းမည်မထင်သည့် ရောဂါဝေဒနာများ ပျောက်ကင်းခဲ့ဖူးသည့် သာဓကများစွာရှိပါသည်။ ရောဂါရှိသူ၊ မရှိသူ၊ လူ၏အနေအထား၊ ခန္ဓာကိုယ် အချိုးအစားအပိန်အဝပေါ် မူတည်၍ သောက်သင့်သည့် ရေအချိုးအစားမှန်ကန်စွာ သောက်သုံးနိုင်ပါက ရောဂါကင်းရှင်းကျန်းမာစေနိုင်သော သဘာဝကပေးသည့် ဆေးတစ်ပါးဖြစ်သည်။
စာဖတ်သူသည် အောက်ပါရောဂါများရှိသူဖြစ်ပါက ဤနည်းကို စမ်းသပ်ကြည့်စေလိုပါသည်။
၁။ နှစ်ကြာအစာအိမ်ရောဂါ
၂။ လေရောဂါအမျိုးမျိုး
၃။ ကျောက်ကပ်ရောဂါ၊ ဆီးရောဂါ
၄။ သွေးတိုးရောဂါ
၅။ ဝမ်းချုပ်ရောဂါ
၆။ လိပ်ခေါင်းရောဂါ
၇။ အာသီးရောင်ရောဂါ
၈။ အကြောတက်ရောဂါ
၉။ မျက်စိအားနည်းရောဂါတို့အတွက် အကျိုးရှိစေနိုင်ပါသည်။
နံနက်အိပ်ရာထချိန်သည် အရုဏ်တက်ချိန်(နံနက်၄ နာရီမှ ၅ နာရီခွဲအတွင်း)ဖြစ်လျှင် ရေသောက်ခြင်းသည်ပို၍ ထိရောက်ပါသည်။ အိပ်ရာထလျှင် သောက်ရန်ရေအေးကို ညကတည်းက ရေတကောင်း သို့မဟုတ် ဖန်ချိုင့်တစ်ခုခုဖြင့် ကြိုတင်ပြင်ဆင်ထားလျှင် အကောင်းဆုံးဖြစ်ပါသည်။
ရေသောက်နည်းမှာ အိပ်ရာထပြီး အပေါ့အပါးသွားပြီးသည်နှင့် ရေတစ်ဖလား (သောက်ရေသန့်ဘူးဖြင့် တွက်လျှင် တစ်ဘူးခွဲခန့်)ကို ကုန်နိုင်သမျှသောက်ပါ။ စသောက်သောက်ချင်း မကုန်နိုင်လျှင် ကိစ္စမရှိပါ။ နောင်တဖြည်းဖြည်း သောက်နိုင်လာပါလိမ့်မည်။ ဝမ်းမှန်ခြင်း၊ မျက်နှာကြည်လင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းများ သန့်ရှင်း၍ကျန်းမာခြင်း အကျိုးကျေးဇူးများ မကြာမီရရှိလာပါလိမ့်မည်။ ဆေးမစားရဘဲ ရေသောက်ခြင်း တစ်မျိုးတည်းဖြင့် နှစ်ရှည်ခံစားနေရသောဝေဒနာများပါ ပျောက်ကင်းပြီး ကျန်းမာ အသက်ရှည်နိုင်စေကြောင်း နည်းလမ်းကောင်းအဖြစ် တင်ပြလိုက်ရပါသည်။ ။
ကြည်လွင်မြင့်(မုဒြာ)