၂၀၂၁ ခုနှစ်၊ မတ်လအတွင်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၌ ရာအိမ်မှူးတစ်ဦးနှင့် ပြည်သူတစ်ဦးတို့အား ဒလန်ဟုစွပ်စွဲပြီး တာယာကွင်းစွပ်၍ ရက်စက်စွာ မီးရှို့သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိ

၂၀၂၁ ခုနှစ်၊ မတ်လအတွင်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၌ ရာအိမ်မှူးတစ်ဦးနှင့် ပြည်သူတစ်ဦးတို့အား ဒလန်ဟုစွပ်စွဲပြီး တာယာကွင်းစွပ်၍ ရက်စက်စွာ မီးရှို့သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂

မကောင်းဟူသည် ဆိတ်ကွယ်ရာမရှိ၊ ရာဇဝတ်ဘေးပြေးမလွတ်ဟူသည့်အတိုင်း အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် နှင့် အပြစ်မဲ့ပြည်သူလူထုအား သေကြေထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ မည်သို့ပင် လုပ်ဆောင်လျက်ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူလူထုတို့ ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ပြစ်မှုကျူးလွန် သူမှန်သမျှကိုဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိသည်။

ထိုသို့ ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီ ၅၀ မိနစ်ခန့်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ညောင်တုန်းလမ်းနှင့် ဉီးပုညလမ်းထောင့်၌ ဒလန်ဟုစွပ်စွဲပြီး ကြိုးတုပ်၊ တာယာ ကွင်းစွပ်၍ သတ်ဖြတ်ခံခဲ့ရသည့် ရာအိမ်မှူးဖြစ်သူ ဦးသန်းဦးနှင့် ဦးစွန်ရဲ(ခ) ဦးမြသန်းတို့ ၂ ဦးအား သတ်ဖြတ်ခဲ့သည့် လူသတ်တရားခံများအား သက်ဆိုင်ရာ အာဏာပိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်း ဖော်ထုတ်မှုအရ  သတ်ဖြတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ခိုင်ကြီး(ဘ)ဦးဝင်းနိုင်၊ စည်သူဝင်း(ဘ) ဦးဝင်းနိုင်၊ ကျော်မြင့်(ဘ) ဦးတိုးတိုး၊ အရိုး(ဘ)ဦးစိုးလွင်၊ အရိုး(ဘ) ဦးကြည်လွင်နှင့် ဝင်းသီတာမြင့် (ဘ)ဦးသောင်းမြင့်  အပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦးတို့အား ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၃ ရက်နေ့ တွင်ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ပူးပေါင်း၍ ကွင်းဆက်တရားခံ များအား ဆက်လက် ကြိုးပမ်းဖော်ထုတ်ခဲ့ရာ ဦးသန်းဦးနှင့် ဦးစွန်ရဲ(ခ)ဦးမြသန်းတို့ ၂ ဦးအား သတ်ဖြတ်မှုကျူးလွန်စဉ် ကြိုးတုပ်ပေးခဲ့သည့် ဇော်ထွန်း(ဘ) ဦးလှထွန်းနှင့် ၎င်း၏ညီဖြစ်သူ ဇော်‌ဇော်လွင် တို့ညီအစ်ကို ၂ ဦးအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ပဒေသာ(၄)လမ်းရှိ ၎င်းတို့၏နေအိမ်၌  ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရ သည်။

ဖမ်းဆီးရမိသော ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် လူသတ်တရားခံများအား တရားဥပဒေနှင့်အညီ ထိုက်တန်သည့် ပြစ်ဒဏ်ကျခံစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။