ကူးစက်မှုက ပြင်းသည်ဖြစ်စေ၊ ပျော့သည်ဖြစ်စေ နှလုံးကိုထိခိုက်စေတဲ့ ကိုဗစ်-၁၉
ကိုဗစ်-၁၉ ရောဂါဆိုတာ ရောဂါပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ မကူးစက်တာ အကောင်းဆုံးပဲလို့ ကျွန်တော် ပြောလေ့ရှိပါတယ်။
အခုတော့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပြီးနောက် ရောဂါပြင်းထန်စွာ ခံစားရသည်ဖြစ်စေ၊ ရောဂါပြင်းထန်စွာ မခံစားရသည်ဖြစ်စေ၊ သူ့ရဲ့အကျိုးဆက် အနေနဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို သုတေသန ပညာရှင်တွေက ဖော်ထုတ်လိုက်နိုင်ပါပြီ။
နှလုံးကျန်းမာရေး ဆိုတဲ့နေရာမှာ ရုတ်တရက် နှလုံးခုန်ရပ်ခြင်း၊ လေသင်တုန်းဖြတ်ခြင်း၊ နှလုံးကြွက်သား ရောင်ရမ်းခြင်းတို့ပါဝင်ပြီး ရောဂါကူးစက်ခံရတဲ့ သူက အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နှလုံးရောဂါ ဖြစ်စေတဲ့ တခြားသော အခြေခံအကြောင်းအရာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံလိုက်ရပြီဆိုတာနဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေတော့ တာပါပဲ။
အခုတင်ပြပေးမယ့် အကြောင်းအရာတွေကိုတော့ Nature Medicine ဂျာနယ်မှာ ဖော်ပြထားချက်တွေကို တစ်ဆင့်ပြန်လည် ရေးသား ဖော်ပြသွားမှာဖြစ်ပါတယ်။
လက်ရှိအချိန်မတိုင်ခင် အထိတော့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုဟာ ရေတိုမှာ နှလုံးကျန်းမာရေးအပေါ် ထိခိုက်နိုင်မှု ရှိတယ်ဆိုတာကိုပဲ သိခဲ့ရပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ သုတေသနမှာ ကျတော့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းဟာ နှလုံးကျန်းမာရေး အပေါ် ရေရှည်အကျိုး သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သေချာတာ တစ်ခုကတော့ ကိုဗစ်-၁၉ ရောဂါပိုးသည် လူသားတွေရဲ့ နှလုံးနားမှာ တဝဲလည်လည်လုပ်နေသူ တစ်ယောက်လိုပါပဲ။
ဒါ့အပြင် နှလုံးကျန်းမာရေးအပေါ် ရေရှည်အကျိုး သက်ရောက်မှုရှိခြင်းဟာလည်း အထူးစိုးရိမ်ဖွယ်ရာ ကိစ္စရပ်တစ်ခုပါ။
သူ့ကြောင့် ကမ္ဘာ့တစ်ဝန်းမှာ နှလုံးရောဂါ ဖြစ်ပွားသူ အရေအတွက် ၁၅ သန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။
ဒီအတွက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတိုင်း အနေနဲ့ ကိုဗစ်-၁၉ ရောဂါရဲ့ နောက်ဆက်တွဲ အနေနဲ့ နှလုံးကျန်းမာရေးကိုပါ အထူးဂရုပြု စောင့်ရှောက်ရမယ်လို့ သုတေသီ တစ်ဦးဖြစ်တဲ့ မစ်ဆူရီပြည်နယ်ရှိ စစ်မှုထမ်းဟောင်းများ ဆေးရုံမှ သုတေသနအရာရှိချုပ် ဇီယတ်အယ်အလိုင်းက သတိပေးထားပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးရဲ့ သက်ရောက်မှုအပေါ် လေ့လာခြင်း သုတေသနပညာရှင်များဟာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် နာတာရှည် နှလုံးရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနိုင်စေဖို့ အတွက် အမေရိကန် စစ်မှုထမ်းဟောင်းများ ဌာနကပြုစုထားတဲ့ အမျိုးသားအဆင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ရယူ အသုံးပြုပါတယ်။
သုတေသီတွေက အဲဒီအချက်အလက်တွေကို အပိုင်းသုံးပိုင်း ခွဲလိုက်ပါတယ်။ အဲဒါတွေကတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဖူးသူစာရင်း၊ ရောဂါပိုးကူးစက် မခံရဖူးသူ စာရင်းနဲ့ ကပ်ရောဂါကာလ မတိုင်မီကောက်ယူထားတဲ့ စာရင်းတို့ပါပဲ။
ဒီလိုအပိုင်းခွဲပြီး လေ့လာကြည့်လိုက်တဲ့ အခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး သေတွင်းကနေ လွတ်မြောက်လာသူတွေဟာ အမျိုးမျိုးသော နှလုံးရောဂါတွေဖြစ်နိုင်ခြေ မြင့်တက်မှု ရှိနေတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။
အဲဒီနှလုံးရောဂါတွေထဲမှာ လေဖြတ်နိုင်စေတဲ့ ဦးနှောက်သွေးကြော မူမမှန်ခြင်း၊ နှလုံးခုန်စည်းချက် မမှန်ခြင်း၊ နှလုံးရောင်ရမ်းခြင်း၊ နှလုံးကသွေးပို့မှု မလုံလောက်သည့် ရောဂါဖြစ်ခြင်း၊ သွေးခဲခြင်းနဲ့ တခြားနှလုံး လှုပ်ရှားမှု ပုံစံမမှန်ခြင်းတို့ ပါဝင်ပါတယ်။
အတိအကျဆိုရလျှင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူအနေနဲ့ သာမန်လူတွေနဲ့ နှိုင်းယှဉ်ပါက အချိန်အားဖြင့် ၁၂ လအတွင်း နှလုံးဖောက်ပြန်နိုင်ခြေ ၆၃ ရာခိုင်နှုန်း၊ လေသင်တုန်းဖြတ်နိုင်ခြေ ၅၂ ရာခိုင်နှုန်း၊ ရုတ်တရက် နှလုံးရပ်တန့်နိုင်ခြေ ၇၂ ရာခိုင်နှုန်း ရှိပါတယ်။
ဒီလိုနှလုံးရောဂါ ဖြစ်ပွားနိုင်ခြေမြင့်တက်ရခြင်း အကြောင်းရင်းထဲမှာ အသက်အရွယ်၊ မျိုးရိုး၊ လိင်အမျိုးအစား၊ နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံ အစရှိတဲ့အရာတွေကို တစ်ခုမျှထည့်သွင်း တွက်ချက်ထားခြင်း မရှိပါဘူး။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါဖြစ်လို့ ဆေးရုံမတက်ရတဲ့ သူတောင်မှ အခုလိုမျိုး အခြေအနေနဲ့ ရင်ဆိုင်ရတယ်လို့ သုတေသီတွေက ပြောထားပါတယ်။
ဒီအတွက်ကြောင့် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးတွေ များသည်ထက် များလာတာနဲ့အမျှ ရောဂါဖြစ်ပွားမှု အန္တရာယ်လည်း ပိုမိုကြီးမား လာတဲ့အတွက် ကာကွယ်ဆေးထိုးခြင်းသည်သာ အခုလိုနှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်တက်မှုကို နည်းပါးစေမယ့် နည်းလမ်းဖြစ်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပြီဆိုလျှင် သုတေသနပညာရှင်တွေ အနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုးက နာတာရှည် နှလုံးရောဂါဖြစ်မှုအပေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာနေဆဲဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ နှလုံးရောဂါဖြစ်နေတဲ့ လူနာတစ်ဦး ရောက်လာပြီဆိုရင် ဆရာဝန်တွေအနေနဲ့ အဲဒီလူနာဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးခြင်းရှိ၊ မရှိကိုလည်း မေးမြန်းသင့်တယ်လို့ သုတေသီတွေကဆိုပါတယ်။
ဒါ့အပြင် လူနာရှင်တွေ အနေနဲ့ကလည်း ကိုယ့်ရဲ့လူနာဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးခြင်း ရှိ၊ မရှိကို ဆရာဝန်ဆီ အရင်ဆုံး ပြောပြထားသင့်ပါတယ်။ ဒါမှသာ ဆရာဝန်က လူနာမှာ နှလုံးရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကို ပိုမိုခွဲခြမ်းစိတ်ဖြာနိုင်မှာပါ။
အရင်တုန်းက ယူဆထားတာက ကိုဗစ်-၁၉ ရောဂါဖြစ်ပြီဆိုရင် အဆုတ်ကိုပဲ ထိခိုက်စေတယ်ဆိုပြီးဖြစ်ပေမယ့်လည်း အခုအခါမှာတော့ နှလုံး၊ ကျောက်ကပ်၊ အာရုံကြောစနစ်နဲ့ သွေးတွင်းကလာပ်စည်းများ အပါအဝင် တခြားကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ထိခိုက်နိုင်စေတယ်လို့ ပြောင်းလဲယူဆလာရပါပြီ။
ဒါပေမဲ့ ဘယ်လို အကြောင်းအရာတွေကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုက နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒီအတွက်ကြောင့် ကာကွယ်ဆေးထိုးခြင်းနဲ့အတူ ရောဂါပိုးကူးစက်မှု မခံရအောင် နေထိုင်ခြင်းကသာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ်ဆိုပြီး သုတေသနပညာရှင်များက သတင်းကောင်း ပါးထားတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါက နှလုံးကြွက်သား ရောင်ရမ်းမှုပိုဖြစ်စေ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှု နည်းပညာတစ်ခုဖြစ်တဲ့ mRNA နည်းနဲ့ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေက နှလုံးကြွက်သားရောင်ရမ်းမှုကို ဖြစ်စေတယ်လို့ဆိုပါတယ်။
အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာနမှ ကိုယ်ခံအားမြှင့်တင်ရေး ဆိုင်ရာ အကြံပေးကော်မတီက mRNA နည်း ပညာသုံး ကာကွယ်ဆေးများနဲ့ ရှားပါးနှလုံးရောင်ရမ်းမှု ပုံစံနှစ်မျိုးဖြစ်တဲ့ နှလုံးကြွက်သားရောင်ရမ်းခြင်းနဲ့ နှလုံးအမြှေး ရောင်ရမ်းခြင်းတို့ကြား ဆက်စပ်မှု ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီရောဂါနှစ်မျိုးဖြစ်လေ့ရှိတဲ့ အချိန်ကလည်း ဒုတိယအကြိမ် mRNA ကာကွယ်ဆေးထိုးပြီး သီတင်းပတ် တစ်ပတ်အတွင်းဖြစ်တာ တွေ့ရပြီး များသောအားဖြင့် အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြားရှိ လူငယ်ယောက်ျားလေးများမှာ ဖြစ်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။
ဒါပေမဲ့လည်း mRNA ကာကွယ်ဆေးထိုးပြီးနောက် နှလုံးကြွက်သား ရောင်ရမ်းမှုဖြစ်နိုင်ခြေထက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပြီးနောက်ဖြစ်လာနိုင်တဲ့ နှလုံးကြွက်သား ရောင်ရမ်းမှုဖြစ်နိုင်ခြေက ရာခိုင်နှုန်းပိုများတာကို သုတေသီတွေက တွေ့ရှိထားပါတယ်။
နှလုံးကြွက်သား ရောင်ရမ်းခြင်းက လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တာ မှန်ပေမယ့်လည်း mRNA ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်ပွားတဲ့ နှလုံးကြွက်သားရောင်ရမ်းခြင်းက ပြင်းထန်မှုမရှိဘဲ ထိန်းချုပ်နိုင်ပါတယ်။
သို့သော် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပြီးနောက် ဖြစ်ပေါ်တဲ့ နှလုံးကြွက်သား ရောင်ရမ်းခြင်းကတော့ ဆေးရုံတက်ရ နိုင်ခြေနဲ့ သေဆုံးနိုင်ခြေတို့ကိုပါ မြင့်တက်စေတာ ဖြစ်ပါတယ်။
ဒီအနေအထားကို ကြည့်မယ်ဆိုရင် mRNA ကာကွယ်ဆေးတွေက နှလုံးကြွက်သား ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်တယ် ဆိုပေမယ့်လည်း ကိုဗစ်-၁၉ ရောဂါပိုးဖြစ်ပြီးနောက် ခံစားရတဲ့ နှလုံးကြွက်သား ရောင်ရမ်းခြင်းထက် နည်းပါးတဲ့အတွက် ကာကွယ်ဆေး ထိုးခြင်းသည်သာ ဘေးကင်းမှုရှိတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ သုတေသီတွေက မှတ်ချက်ပြု ပြောထားကြောင်း ဗဟုသုတ ရရှိစေရန်အလို့ငှာ ရေးသား တင်ပြလိုက်ရ ပါတယ်။