အမ်ဘတ်ပီအနေဖြင့် ယခုတစ်ကြိမ် ကမ်းလှမ်းမှုကို ငြင်းဆိုမည်ဆိုပါက နောက်ထပ် မည်သည့်အခါမျှ ကမ်းလှမ်းမှုပြုလုပ်မည် မဟုတ်ကြောင်း ရီးယဲလ်မက်ဒရစ် အသင်း သတိပေး
ရီးယဲလ်မက်ဒရစ် အသင်းက ၎င်းတို့အသင်း ကာလရှည် ပစ်မှတ်ထား ခေါ်ယူရန်ကြိုးပမ်းနေသည့် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီအား ယခုတစ်ကြိမ် ကမ်းလှမ်းမှုကို ငြင်းဆိုမည်ဆိုပါက နောက်ထပ် မည်သည့်အခါမျှ ကမ်းလှမ်းမှု ပြုလုပ်မည်မဟုတ်ကြောင်း သတိပေးခဲ့ သည်။
ရီးယဲလ်မက်ဒရစ် အသင်းသည် အမ်ဘတ်ပီကို ပြီးခဲ့သည့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလကတည်းက မြင့်မားသော ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့ပြီး အမ်ဘတ်ပီကိုယ်တိုင်က ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ပီအက်စ်ဂျီ အသင်းက ပယ်ချခဲ့ခြင်း ဖြစ်သည်။
ပီအက်စ်ဂျီအသင်းက ငြင်းပယ်မှုများ ပြုလုပ်ခဲ့သဖြင့် အမ်ဘတ်ပီကိုယ်တိုင်က စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ ကစားခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ ကစားရန် ဆုံးဖြတ်ထားပြီး ရီးယဲလ်မက်ဒရစ်အသင်း ကလည်း ခေါ်ယူရန် သဘောတူညီမှု ရရှိထားကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။
သို့သော် နောက်ပိုင်းတွင် ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာဖြစ်သည့် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် တစ်သန်းဖြင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းထားမှုနှင့် အတူ နည်းပြသစ်အဖြစ် ဇီဒန်းကိုခန့်အပ်ရန် ပြင်ဆင် မှုများကြောင့် အမ်ဘတ်ပီကလည်း ပီအက်စ်ဂျီအသင်း နှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး ဆက်လက်လက်တွဲ ရန် ဆုံးဖြတ်ဖွယ်ရှိနေခြင်းဖြစ်သည်။
အမ်ဘတ်ပီ ကိုယ်တိုင်ကလည်း ပြီးခဲ့သည့်ရက်ပိုင်း ကတည်းက မည်သည့်အသင်းနှင့်မျှ သဘောတူညီမှု မရရှိသေးဘဲ အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ရခြင်း မရှိသေးဟု ပြောကြားခဲ့ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်းက အမ်ဘတ်ပီ၏ ဆုံးဖြတ်ချက်ကို သဘောကျခြင်း မရှိသည့်အတွက် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။