မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ၂ဝ၂၂ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ ထိုင်းနိုင်ငံ၌ ၁ဝ ရက်ခန့် ခြေစမ်းပွဲစဉ်များ ကစားမည်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ၂ဝ၂၂ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ ထိုင်းနိုင်ငံ၌ ၁ဝ ရက်ခန့် ခြေစမ်းပွဲစဉ်များ ကစားမည်

မြန်မာ့လက်ရွေးစင်  ဖူဆယ်အသင်းသည် ၂ဝ၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ  (၂ဝ၂၂ အာရှဖူဆယ် ချန်ပီယံရှစ် ခြေစစ်ပွဲ)မတိုင်မီ ထိုင်းနိုင်ငံ၌ ဖိတ်ခေါ် ဖလားပြိုင်ပွဲ အပြင် ပြိုင်ပွဲမတိုင်မီ ၁ဝ ရက်ခန့် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ကာ ခြေစမ်းပွဲစဉ်များ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့လက်ရွေးစင်   ဖူဆယ်အသင်းသည် ယခုနှစ်အတွင်း ၂ဝ၂၂ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ   (၂ဝ၂၂ အာရှ ဖူဆယ်ချန်ပီယံရှစ်ခြေစစ်ပွဲ)နှင့် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ  (ဆီးဂိမ်း)တို့ကို ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲများအတွက်   ဇန်နဝါရီ ၂၃ ရက်ကတည်းက ပဏာမကစားသမားများဖြင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်   ဖူဆယ်အသင်းသည် ပထမဆုံးပြိုင်ပွဲအဖြစ် ဧပြီ ၃ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၂၂ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ  (၂ဝ၂၂ အာရှဖူဆယ် ချန်ပီယံရှစ်ခြေစစ်ပွဲ)ကို ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အာဆီယံ ဒေသတွင်းမှ လာအို၊  ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့ ပါဝင်မည်မဟုတ်ဘဲ သြစတြေးလျအသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ ငါးသင်းပါ တစ်အုပ်စုနှင့် လေးသင်းပါ   တစ်အုပ်စု အုပ်စုနှစ်ခု ခွဲခြား ကျင်းပမည်ဖြစ်သည်။

၂ဝ၂၂   အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ   (၂ဝ၂၂ အာရှဖူဆယ် ချန်ပီယံရှစ်ခြေစစ်ပွဲ)အတွက်   အုပ်စုမဲခွဲမှုအပြီးတွင်  အုပ်စု (က)၌ အိမ်ရှင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အုပ်စု(ခ)တွင် မြန်မာ၊ ဗီယက်နမ်၊ တီမော၊ သြစတြေးလျအသင်းတို့ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

၂ဝ၂၂   အာဆီယံဖူဆယ်ချန်ပီယံရှစ်

ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသည့်   အသင်းသုံးသင်း အနေဖြင့်  စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၂ဝ ရက်အထိ ကူဝိတ်နိုင်ငံ၌ကျင်းပမည့် ၂ဝ၂၂  အာရှဖူဆယ်ချန်ပီယံရှစ် ြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်   ဖူဆယ်အသင်းသည် ၂ဝ၂၂ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ  (၂ဝ၂၂ အာရှဖူဆယ်ချန်ပီယံရှစ် ခြေစစ်ပွဲ)မတိုင်မီ ကြိုတင်ပြင်ဆင်သည့် အနေဖြင့်  မတ် ၁၅ ရက်မှ ၂၁ ရက်အထိ  ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပမည့် NSDF FUTSAL INVIT-ATION 2022 ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါ   ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် အာဆီယံဒေသတွင်းမှ   အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းအသင်းနှင့် မြန်မာ့ လက်ရွေးစင်ဖူဆယ်အသင်း နှစ်သင်းသာ ပါဝင်မည်ဖြစ်ပြီး ကျန်အသင်းများ အဖြစ် အာရှဒေသတွင်း   အသင်းများဖြစ်သည့် မွန်ဂိုလီးယား လက်ရွေးစင် ဖူဆယ်အသင်း၊ တာဂျစ်ကစ္စတန်   လက်ရွေးစင် ဖူဆယ်အသင်း၊ မော်လ်ဒိုက်လက်ရွေးစင် ဖူဆယ် အသင်းနှင့်   အိုမန်လက်ရွေးစင် ဖူဆယ်အသင်းတို့ဖြင့် ကျင်းပမည်ဖြစ်သည်။မြန်မာ့လက်ရွေးစင်  ဖူဆယ်အသင်းသည် အဆိုပါပြိုင်ပွဲပြီးနောက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌  ၁ဝ ရက်ခန့် ဆက်လက် နေထိုင်ကာ Joint Training နှင့် ခြေစမ်းပွဲများ ကစားမည်ဖြစ်ကြောင်း သိရသည်။