ဗိုင်းရပ်များဟာ ပတ်ဝန်းကျင်အနေအထားနဲ့ ရေမြေပထဝီဒေသများအလိုက် ရှင်သန်နေထိုင်နိုင်အောင် ပြုပြင်ရင်း သက်ရှိသတ္တဝါများ၏ ကိုယ်ခန္ဓာအတွင်းမှာ ပုံတူပွားများရာမှာ မူလပုံစံကနေကွဲပြားတဲ့ အထွန်းဖြစ်ပွားမှုများ ပေါ်ပေါက်တတ်ကြပါတယ်။ ထိုသို့အထွန်းဖြစ်ပွားမှုများပေါ်ပေါက်ရင်းနဲ့ပဲ မူလဗိုင်းရပ်နဲ့ ပုံစံတူအာနိသင်ကွဲ မျိုးကွဲများပေါ်ပေါက်လာကြပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးဟာ စတင်ဖြစ်ပွားခဲ့သည့် ကာလမှ ယခုချိန်ထိ မျိုးကွဲ(Variants)ပေါင်းမြောက်မြားစွာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲ့လိုမျိုးကွဲပေါင်း မြောက်မြားစွာထဲက လူတွေကိုဒုက္ခအပေးနိုင်ဆုံး မျိုးကွဲငါးခုအထိ ပေါ်ထွက်ခဲ့ကာ လူပေါင်းများစွာကို အသက်ဆုံးရှုံး စေပြီးလည်း ဖြစ်ပါတယ်။ ၎င်းတို့ကို အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်လ်တာနဲ့ အိုမီခရွန် ဆိုပြီး အမည်တပ်ထားပါတယ်။ အဆိုပါမျိုးကွဲငါးခုစလုံးသည် ထူးခြားတဲ့ အာနိသင်အသီးသီး ရှိကြပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ အိုမီခရွန်မျိုးကွဲကတော့ ရှေ့ကမျိုးကွဲတွေထက် ပိုမိုကူးစက်မြန်တာကြောင့် ယခုအခါ ကမ္ဘာပေါ်မှာကူးစက်သမျှ ကိုဗစ်-၁၉ ပိုးတိုင်းဟာ စစ်ဆေးကြည့်လိုက်ရင် အိုမီခရွန်ချည်း ဖြစ်နေတာတွေ့ရကာ တခြားမျိုးကွဲတွေကို ကျော်လွန်လွှမ်းမိုးလာတာ တွေ့ရပါတယ်။ အိုမီခရွန်မျိုးကွဲထူးခြားချက်ကတော့ မျိုးကွဲစိတ်(Subvariant) များ ထပ်မံပေါ်ထွက်နေတာပဲ ဖြစ်ပါတယ်။ မူလအိုမီခရွန်ကို BA.1 ဟုခေါ်ပြီး ၎င်းမှထပ်မံကွဲပြားလာသည့် မျိုးကွဲများထဲမှ BA.2 ဟုခေါ်သည့် မျိုးကွဲစိတ်တစ်မျိုးဟာ မူလမျိုးကွဲထက် ကူးစက်မှု ၃၀ ရာခိုင်နှုန်းခန့်ပိုမြန်ပြီး ရောဂါပြင်းထန်မှုလည်း ပိုများကြောင်း တွေ့ရှိလာရပါတယ်။ ထို့ပြင် ၎င်းမျိုးကွဲကို ပုံမှန်ကိုဗစ်စစ်ဆေးသည့် RT-PCR နည်းဖြင့် စစ်ဆေး၍ အမျိုးအစား မခွဲခြားနိုင်သောကြောင့် ကိုယ်ပျောက်အိုမီခရွန်ဟုလည်း ခေါ်ဆိုနေကြပါတယ်။ ယခုအခါ ကိုယ်ပျောက်အိုမီခရွန်မျိုးကွဲဟာ တောင်အာဖရိကနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ယူကေနိုင်ငံနဲ့ အခြားနိုင်ငံပေါင်း ၇၀ ကျော်ခန့်ကို ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒယ်လ်တာမျိုးကွဲအပါအဝင် တခြားကိုဗစ်မျိုးကွဲများကဲ့သို့ ပြင်းထန်နိုင်
လေ့လာမှုများအရ ကိုယ်ပျောက် အိုမီခရွန်ဟာ ယခင်ပြင်းထန်မျိုးကွဲဖြစ်တဲ့ ဒယ်လ်တာကဲ့သို့ ပြင်းထန်မှုများရှိလာနိုင်ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သုတေသနများမှာ ကိုယ်ပျောက်အိုမီခရွန်မျိုးကွဲဟာ ရောဂါပြင်းထန်မှုများ ဖြစ်စေနိုင်သည့် အာနိသင်၊ ကာကွယ်ဆေးများကို ထိုးဖောက်နိုင်စွမ်းရှိတဲ့ အာနိသင်နဲ့ ကုသမှုမှာ လက်ရှိသုံးစွဲနေတဲ့ ဆေးဝါးများကို ခုခံနိုင်စွမ်းရှိတဲ့ အာနိသင်များကို စမ်းသပ်တွေ့ရှိရကြောင်း ဆိုပါတယ်။ ကိုယ်ပျောက်အိုမီခရွန်ဟု ဆိုသော်လည်း ၎င်းမှာ မူလအိုမီခရွန်နဲ့ များစွာကွဲပြားနေတာ တွေ့ရပါတယ်။ အနည်းဆုံး နေရာ ၂၀ လောက်မှာ မတူညီတဲ့ အထွန်းဖြစ်ပွားမှုတွေ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ၎င်းကို စောင့်ကြည့်နေပြီး စိုးရိမ်ဖွယ်မျိုးကွဲအုပ်စု (Variant of Concern)အုပ်စုတွင် သီးခြားထည့်သွင်း သင့်ကြောင်းလည်း အဆိုပြုလာကြပါတယ်။
ကိုယ်ပျောက်အိုမီခရွန်ဟာ မူလအိုမီခရွန်ထက် ပိုမိုကူးစက်မှုမြန်တဲ့အပြင် မူလအိုမီခရွန်ကူးစက်မှုကြောင့် ရရှိထားတဲ့ ကိုယ်ခံစွမ်းအားကိုပါ ထိုးဖောက်နိုင်ဖွယ် ရှိနေကြာင်းလည်း ဆိုပါတယ်။ ဒါဟာဆိုရင် တကယ့် သတင်းဆိုးပါပဲ။ မူလအိုမီခရွန် ကူးစက်ခံရမှုများကြောင့် လူအများစုဟာ ကိုယ်ခံစွမ်းအား ရရှိနေရင်တောင်မှ ကိုယ်ပျောက် အိုမီခရွန်ကြောင့် ဆက်လက်ပြီး ကူးစက်ခံရနိုင်ဖွယ်ရှိကာ ကိုဗစ်လှိုင်းများလည်း ဆက်တိုက်ဖြစ်ပွား လာနိုင်ဖွယ် ဖြစ်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အဆိုပါ ကိုယ်ပျောက် အိုမီခရွန်ဟာ မူလအိုမီခရွန်ထက် ကူးစက်မှုပိုမြန်တာကြောင့် နောက်ထပ် အိုမီခရွန်လှိုင်းများ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သတိပေးထားပါတယ်။ အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါထိန်းချုပ်ရေးဗဟို CDC က ညွှန်ကြားရေးမှူးကတော့ ကိုယ်ပျောက်အိုမီခရွန်ကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ပြီး ယခုချိန်ထိတော့ ပိုမိုဆိုးရွားပြင်းထန်တဲ့ ကူးစက်ပြန့်ပွားမှုများကိုတော့ မတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ တာဝန်ရှိသူများကလည်း ထိုကဲ့သို့သော မှတ်ချက်မျိုးကိုပဲ ပေးထားဆဲလည်း ဖြစ်ပါတယ်။
အိုမီခရွန်သည်ပင် ရောဂါအပျော့စားမဟုတ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အိုမီခရွန်မျိုးကွဲသည် သာမန်အပျော့စား တုပ်ကွေးအမျိုးအစားလိုမျိုးမဟုတ်ဘူးလို့ အခိုင်အမာ ဆိုထားပါတယ်။ ဒယ်လ်တာထက် ပိုပျော့သော်ငြားလည်း အိုမီခရွန်လှိုင်းကာလမှာ ဆေးရုံတင်ကုသရမှုများဟာ သိသိသာသာ များပြားနေဆဲပဲလို့ ဆိုပါတယ်။ တခြားမျိုးကွဲတွေဖြစ်တဲ့ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ ဒယ်လ်တာမျိုးကွဲများဟာ တဖြည်းဖြည်းတွေ့ရှိရမှု လျော့နည်းလာနေပြီ ဖြစ်ကာ အိုမီခရွန်ဟာ ၎င်းတို့နေရာမှာ သိသိသာသာ ထိုးဖောက်နေရာ ယူလာတာကို ကြည့်ခြင်းအားဖြင့် ယခင်မျိုးကွဲတွေထက် ပိုမိုအားကောင်း မောင်းသန် ကူးစက်မြန်တာကို တွေ့ရှိရမှာလည်း ဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေသည့် အချက်အလက်များအရ ကိုယ်ပျောက်အိုမီခရွန်၏ ပြင်းထန်မှု အခြေအနေ ကိုယ်ပျောက်အိုမီခရွန်ဟာ မူလအိုမီခရွန်ထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမိုကူးစက်မှု မြန်ဆန်နိုင်ကြောင်း၊ ယခုအခါ နိုင်ငံပေါင်း ၇၄ နိုင်ငံအထိ ကူးစက်ပြန့်ပွားနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါကိုယ်ပျောက်မျိုးကွဲဟာ နိုင်ငံပေါင်း ၁၀ နိုင်ငံအထက် မှာတော့ အဓိကကူးစက်တဲ့ မျိုးကွဲဖြစ်နေပါပြီ။ ၎င်းနိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ ဒိန်းမတ်၊ မွန်တီနီဂရိုး၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ Guam နှင့် ဘရူနိုင်းနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ ယခုချိန်ထိ ၄ ရာနှုန်းခန့်ကတော့ ကိုယ်ပျောက် အိုမီခရွန်ကူးစက်မှုဘဲဖြစ်ကြောင်း သိရှိရပါတယ်။ တချို့သော ကိုယ်ပျောက် အိုမီခရွန်မျိုးကွဲတွေ့ရှိရတဲ့ နိုင်ငံများဖြစ်တဲ့ တောင်အာဖရိကနဲ့ ယူကေနိုင်ငံတွေမှာ ဆေးရုံတက်ရမှုနှုန်း လျော့ကျနေသော်လည်း ဒိန်းမတ်နိုင်ငံမှာတော့ ဆေးရုံတင်ကုသရမှု အများစုက ကိုယ်ပျောက်အိုမီခရွန် ကူးစက်မှုကြောင့်ဖြစ်ကြောင်း သိရှိရပါတယ်။ မြေပြင်သတင်း အချက်အလက်များအရ ကိုယ်ပျောက်အိုမီခရွန်ရဲ့ ပြင်းထန်မှုဟာ ရောထွေးနေတာကိုလည်း တွေ့ရှိရပါတယ်။ သီးခြားရှင်းလင်း ပြတ်သားတဲ့ သတင်းအချက်အလက်တော့ မရသေးပါဘူး။
ကိုယ်ပျောက်အိုမီခရွန်၏ အဓိကရောဂါလက္ခဏာများ
အိုမီခရွန်စတင်တွေ့ရှိခဲ့သည့် လွန်ခဲ့သော သုံးလခန့်မှစတင်၍ လေ့လာမှုများအရ ၎င်းဟာ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို အဓိကတိုက်ခိုက်တာ ဖြစ်ကြောင်း တွေ့ရပါတယ်။ ဒယ်လ်တာမျိုးကွဲတုန်းကတော့ အသက်ရှူလမ်းကြောင်း အောက်ပိုင်းဖြစ်တဲ့ အဆုတ်ကို အဓိကတိုက်ခိုက်လို့ ရောဂါပြင်းထန်ကာ အများစုဟာ အောက်ဆီဂျင်ကျကာ အောက်ဆီဂျင်ရှူရတဲ့ နှုန်းများတာ ဖြစ်ပါတယ်။ ကိုယ်ပျောက်အိုမီခရွန်ဟာလည်း မူလအိုမီခရွန်လိုပဲ အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းကို ထိခိုက် စေတာဖြစ်ကြောင်း တွေ့ရပါတယ်။ ကိုယ်ပျောက်အိုမီခရွန်မှာ အဓိကတွေ့ရှိရတဲ့ လက္ခဏာနှစ်ရပ်က စဖြစ်ဖြစ်ချင်းမှာ ခေါင်းမူးတာနဲ့ နွမ်းနယ်တာဖြစ်ကြောင်း လေ့လာမှုများအရ သိရပါတယ်။ ၎င်းလက္ခဏာနှစ်ရပ်ဟာ လူတိုင်းမှာ အဆင်မသင့်ရင် ဖြစ်လေ့ဖြစ်ထရှိတာ ဖြစ်ပေမယ့်လို့ တစ်ရက်ထက်ပိုကြာပြီး ဖြစ်တာဖြစ်စေ၊ ယခင်ဖြစ်နေကျ ပုံစံမျိုးကနေ ကွဲပြားကြောင်း သတိထားမိရင်ဖြစ်စေ ကိုဗစ်စစ်ကြည့်ရန် လိုအပ်ပါတယ်။ ၎င်းလက္ခဏာနှစ်ရပ်ဟာ ဗိုင်းရပ်ပိုးခန္ဓာကိုယ်ထဲဝင်ပြီး နှစ်ရက်ကနေ သုံးရက်မှာ စတင်ခံစားရစေကာ တာရှည်ဆက်လက်ခံစားရနေတာလည်း ဖြစ်နိုင်ပါတယ်။ တခြား ဖြစ်လေ့ရှိတဲ့ လက္ခဏာများကတော့ ဖျားခြင်း၊ အလွန်အကျွံပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းနာခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်းနဲ့ နှလုံးခုန်နှုန်းများနေခြင်း စသည်တို့ပဲဖြစ်ပါတယ်။ အဆုတ်ကို ထိခိုက်မှုနည်းတာကြောင့် အသက်ရှူရခက်ခဲခြင်း၊ အနံ့အရသာပျောက်ခြင်းကဲ့သို့သော ယခင်ကိုဗစ်တွေတုန်းက ဖြစ်တတ်တယ်ဆိုတဲ့ လက္ခဏာများတော့ ခံစားရမှာ မဟုတ်ပါဘူး။
ကိုယ်ပျောက်အိုမီခရွန်ဟာ မူလအိုမီခရွန်နဲ့ အထိုက်အလျောက် ကွဲပြားမှုများ ရှိနေတဲ့အပြင် မူလအိုမီခရွန် ကူးစက်ပြီးပါကလည်း ထပ်မံ၍ ကိုယ်ပျောက်အိုမီခရွန်ကူးစက်မှုများ ဖြစ်ပွားလာနိုင်ခြေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ထို့ကြောင့် နောက်ထပ် ကိုဗစ်လှိုင်းများ ဖြစ်ပွားနေဦးမှာလည်း ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေ ကူးစက်ခံရပြီးဖြစ်စေ၊ ကာကွယ်ဆေးထိုးပြီးဖြစ်စေ၊ ထပ်မံကူးစက်နိုင်ခြေရှိနေတဲ့ အနေအထားမှာ လူတိုင်းလူတိုင်းအနေနဲ့ တစ်ကိုယ်ရေ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများဖြစ်တဲ့ ပါးစပ် နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေး ရှောင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လေဝင်လေထွက်ကောင်းအောင် ပြုပြင် နေထိုင်ခြင်း စတဲ့စည်းမျဉ်းများကို လိုက်နာလုပ်ဆောင်ရန် လိုအပ်နေဦးမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်။ ။
ကိုဇေ