မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တမ္မကောက်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးအား အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးအား မိုင်းထောင်ဖောက်ခွဲ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တမ္မကောက်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးအား အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးအား မိုင်းထောင်ဖောက်ခွဲ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင်အဆောက်အဦ များကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် တာဝန်ထမ်းဆောင် နေကြသည့် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများကိုလည်း အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၃ နာရီ  ၄၅ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တမ္မကောက်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆူးလေကုန်းကျေးရွာနေ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်လဲ့လဲ့(၃၇)နှစ် (ဘ)ဦးသောင်းညွန့်သည် ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြားပြီး ၎င်း၏ဖခင်ဖြစ်သူ ဦးသောင်းညွန့်နှင့်အတူ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မောင်းတွင်းကျေးရွာနှင့် ရှားပင်အိုင်ကျေးရွာကြားအရောက် အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်သူအမျိုးသား ၃ ဦးက ဆိုင်ကယ်အား ရပ်တန့်စေပြီး ဖခင်ဖြစ်သူ ဦးသောင်းညွန့်အား ဓားဖြင့်ထောက်ထားကာ ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်လဲ့လဲ့အား ဓားဖြင့်ထိုးသတ်ခဲ့ပြီး ဆိုင်ကယ်အား လုယက်ယူဆောင်၍ လက်ဆည်-ပေါက်သွားကားလမ်းအတိုင်း ပေါက်မြို့ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး၊ နိုင်ငံခြားသားများ ရေးရာဌာန၊ ပြည်ဝင်/ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲရုံးဝင်းအတွင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ အဆိုပါဖောက်ခွဲမှုကြောင့် ရန်ကင်းမြို့နယ်၊ အမှတ်(၁၁) ရပ်ကွက်နေ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးခိုင်အုန်း(၅၄)နှစ် (ဘ)ဦးတင်အုန်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်နေ ဦးစီးအရာရှိ ဒေါ်မိုးမိုးမြင့်(၅၀)နှစ် (ဘ) ဦးထွန်းမြင့်နှင့် ပန်းပဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်နေ ဦးစီးအရာရှိ ဒေါ်ချိုချိုမာ(၄၅)နှစ် (ဘ) ဦးဘာဘာတို့ ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်များတွင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။