Genocide Convention အရလျှောက်ထားသောအမှု (ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ) ၂၁ ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ် PROFESSOR MR CHRISTOPHER STAKER ၏ ပထမအကြိမ်လျှောက်လဲချက် ကနဦးကန့်ကွက်လွှာ ပထမအချက်

Genocide Convention အရလျှောက်ထားသောအမှု

(ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ)

၂၁ ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ်

PROFESSOR MR CHRISTOPHER STAKER ၏ ပထမအကြိမ်လျှောက်လဲချက်

ကနဦးကန့်ကွက်လွှာ ပထမအချက်

နိဒါန်း

ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊

1။       ကျွန်တော့်အနေဖြင့်တရားရုံးတော်ရှေ့မှောက်၌ နောက်တစ်ကြိမ် လျှောက်လဲခွင့်ရတဲ့ အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

၂။       ယခုအမှုနဲ့မသက်ဆိုင်တဲ့အကြောင်းအရာဖြစ်တဲ့ မနှစ်ကမေလမှာ ICJ တရားသူကြီး James Crawford ဆုံးပါးသွားတဲ့အတွက် မိမိအနေဖြင့်အလွန်ကိုဝမ်းနည်းရပါကြောင်း ဖော်ပြလိုပါတယ်။ ၎င်းသည် နေ့ပေါင်းများစွာတိုင် အပြည်ပြည်ဆိုင်ရာရှေ့နေများကို အား ပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် သင်ကြားမှုများပေးခြင်းတို့ကို လည်းဆောင်ရွက်ခဲ့သူဖြစ်ပါ တယ်။ ယင်းကဲ့သို့ အခွင့်အရေးရခဲ့တဲ့သူများထဲမှာ မိမိလည်းပါဝင်ခဲ့ပါတယ်။

3။       ကျွန်တော့်အနေဖြင့် ကနဦးကန့်ကွက်လွှာနှင့်စပ်လျဉ်း၍ တင်ပြမည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေဖြင့် ယခုတရားစွဲဆိုသည့်အမှုတွင် အမှန်တကယ် လျှောက်ထားသူမှာ “OIC” ဟုခေါ်သော အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းဖြစ်သဖြင့် တရားရုံးတွင် စီရင်ပိုင်ခွင့် မရှိကြောင်း သို့မဟုတ် လျှောက်ထားချက်ကို ခွင့်မပြုသင့်ကြောင်းကို အခိုင်အမာ လျှောက်ထားတင်ပြလိုပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ Statute အပိုဒ် ၃၄၊ စာပိုဒ် ၁ တွင် တရားရုံး ရှေ့မှောက်သို့ ရောက်ရှိလာသောအမှုများတွင် အမှုရင်ဆိုင်ကြသူများမှာ နိုင်ငံများသာလျှင်ဖြစ်ကြောင်း ပြဌာန်းထားပါတယ်။

၄။       ယခုကနဦးကန့်ကွက်ချက်တွင် အကြောင်းခြင်းရာပြဿနာ (Question of Fact) နှင့် ဥပဒေကြောင်းပြဿနာ (Question of Law) ဟူ၍ ပြဿနာနှစ်ခုပေါ်ပေါက်နေပါတယ်။

၅။       အဓိကအကြောင်းခြင်းရာပြဿနာမှာ ယခုအမှုတွင် ဂမ်ဘီယာနိုင်ငံမှ OIC ကိုယ်စား တရားစွဲဆိုခြင်းဖြစ်တဲ့အတွက် OIC သည်သာ အမှန်တကယ်လျှောက်ထားသူဖြစ်သည်ဆိုသော ပြဿနာဖြစ်ပါတယ်။

၆။       ဥပဒေအကြောင်းခြင်းရာပြဿနာ (Question of Law) မှာ နိုင်ငံအမည်နှင့် တရားစွဲဆိုလို့မရသောကိစ္စကို ယင်း၏ကိုယ်စား တတိယနိုင်ငံတစ်နိုင်ငံက တရားရုံးတွင် တရားစွဲဆို၍ ရနိုင် မရနိုင်ဆိုသောပြဿနာ ဖြစ်ပါတယ်။

အကြောင်းခြင်းရာပြဿနာ

ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊

၇။      ကျွန်တော့်အနေဖြင့် အကြောင်းခြင်းရာပြဿနာနှင့်စပ်လျဉ်း၍ စတင်လျှောက်လဲ တင်ပြလိုပါတယ်။

၈။      ယခုကဲ့သို့ တရားစွဲဆိုဆောင်ရွက်မှုများအထိ ဖြစ်ပေါ်လာရသော အကြောင်းအရာများကို ဂမ်ဘီယာနိုင်ငံ၊ OIC အဖွဲ့အစည်းနှင့် OIC ၏ အခြားအဖွဲ့ဝင်နိုင်ငံများအကြား  ဆက်သွယ် ဆောင်ရွက်နေသော အသေးစိတ်အချက်အလက်များပါဝင်သည့် စာရွက်စာတမ်းများကို စာဖြင့်ရေးသားထားသည့် လျှောက်လဲချက်တွင် ဖော်ပြထားပြီး ဖြစ်ပါတယ်။

၉။       ယင်းစာရွက်စာတမ်းအထောက်အထားများအရ ၂၀၁၈ ခုနှစ် မေလတွင် OIC ၏ အဓိက အဖွဲ့အစည်း တစ်ရပ်ဖြစ်သော နိုင်ငံခြားရေးဝန်ကြီးများကောင်စီက သီးခြားကော်မတီတစ်ရပ်ကို  ဖွဲ့စည်းခဲ့ပြီး ဂမ်ဘီယာနိုင်ငံမှကိုယ်စားလှယ်ကို ဥက္ကဌအဖြစ်ခန့်အပ်ခဲ့ပါတယ်။ ၎င်းအဖွဲ့အစည်း ကို “ကော်မတီ” ဟု ရည်ညွှန်းပြောဆိုသွားမည် ဖြစ်ပါတယ်။

၁၀။    ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ် ယင်းကော်မတီက Genocide Convention အရ မြန်မာနိုင်ငံကို တရားရုံးတွင် တရားစွဲဆိုမည့်ကိစ္စနှင့်ပတ်သက်သော စီမံချက်တစ်ရပ်ကို ချမှတ် ခဲ့ပါတယ်။

၁၁။    နောက်လတွေမှာ နိုင်ငံခြားရေးဝန်ကြီးများကောင်စီက ကော်မတီ၏စီမံချက်ကို အတည် ပြုသော ဆုံးဖြတ်ချက်တစ်ရပ်ကိုချမှတ်ခဲ့ပါတယ်။

၁၂။     ယင်းနောက် ၂၀၁၉ ခုနှစ်၊ မေလမှာ ထိုကိစ္စကို OIC ၏အမြင့်ဆုံးအာဏာပိုင်ဖြစ်သည့် အစ္စလမ်မစ်ထိပ်သီးအစည်းအဝေးတွင် ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ အဆိုပါထိပ်သီး အစည်းအဝေး၏ အပြီးသတ်ထုတ်ပြန်ကြေညာချက်တွင် အစ္စလမ်မစ် ထိပ်သီးအစည်းအဝေးက အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ် -

“………OIC ကိုယ်စား ဂမ်ဘီယာက ICJ တရားရုံးမှာ တရားစွဲဆိုခြင်းဖြင့် ချက်ချင်း အရေးယူဆောင်ရွက်ရန် ad hoc Ministerial Committee အား တိုက်တွန်းခဲ့ပါသည်။”

၁၃။    ဒီနေရာမှာ တင်ပြရမယ့် အဓိကအချက် ၃ ချက် ရှိပါတယ်။ ပထမအချက်က အစ္စလာမ်မစ်ထိပ်သီးအစည်းအဝေးက တရားစွဲဆိုရန် တိုက်တွန်းခဲ့ကြောင်း၊ ဒုတိယတစ်ချက်က OIC ကော်မတီက တရားစွဲဆိုဆောင်ရွက်ခဲ့ရာတွင် ဂမ်ဘီယာမှကော်မတီဥက္ကဌအဖြစ် ဖော်ပြခဲ့ကြောင်း နှင့် တတိယအချက်က အဆိုပါ တရားစွဲဆိုဆောင်ရွက်ခြင်းကို OIC ကိုယ်စား ဆောင်ရွက်ခဲ့ခြင်းတို့ဖြစ်ပါတယ်။

၁၄။    တစ်လအကြာဖြစ်သော ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင်  ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေချုပ်နှင့် တရားရေးဝန်ကြီးက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအား တရားစွဲဆို၍ အရေးယူဆောင်ရွက်ရန် ဂမ်ဘီယာနိုင်ငံအတွက် OIC ၏ အဆိုပြုချက်စာတမ်းကို ဂမ်ဘီယာနိုင်ငံအစိုးရအဖွဲ့သို့ တင်သွင်းခဲ့ပါတယ်။ အစိုးရအဖွဲ့ကလည်း အဆိုပါ OIC အဆိုပြုချက်စာတမ်းကို  အတည်ပြုခဲ့ပါတယ်။

၁၅။    ဒီအခြေအနေမှာ အချက်သုံးချက် တွေ့ရှိရပါတယ်။ ပထမအချက်က ဂမ်ဘီယာနိုင်ငံ၏ ဆုံးဖြတ်ချက်သည် OIC ၏ အဆိုပြုချက်နှင့်အညီဆောင်ရွက်ခဲ့ခြင်းအချက် ဖြစ်ပါတယ်။ ဒုတိယအချက်က ဂမ်ဘီယာနိုင်ငံက ဦးဆောင်၍တရားစွဲဆိုရမည်ဆိုခြင်းသည် ၎င်း၏ တစ်နိုင်ငံတည်း သဘောဖြင့် ကိုယ်ပိုင်အခွင့်အရေးအရ တရားစွဲဆိုခဲ့သည်ဟူသော အဆိုနှင့် ဆန့်ကျင်နေပါတယ်။ တတိယအချက်က ဂမ်ဘီယာနိုင်ငံမှ OIC ကိုယ်စား တရားစွဲဆိုသင့်ကြောင်း အစ္စလမ်မစ်ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး တစ်လအကြာမှာ ဂမ်ဘီယာနိုင်ငံက OIC ၏ အဆိုပြုချက်ကို လက်ခံခဲ့ခြင်း ဖြစ်ပါတယ်။

၁၆။    ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုရန် လျှောက်ထားသည့်နေ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ် ဥပဒေအကျိုးဆောင်များက ဘာသာခြောက်မျိုးဖြင့် သတင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါသတင်းဖော်ပြချက် အစပိုင်းတွင် ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံကိုယ်စား ဆောင်ရွက်ခြင်း ဖြစ်ပါတယ်လို့ ဖော်ပြထား ပါတယ်။ ယင်းတို့၏တစ်ဆက်တည်း သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါအတိုင်း ကိုးကားတင်ပြလိုပါတယ်-

“OIC အဖွဲ့အစည်းမှ ၎င်းကိုယ်စားတရားစွဲဆိုဆောင်ရွက်နိုင်ရန် OIC အဖွဲ့ဝင်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံ ကို ခန့်အပ်ခဲ့ပါသည်။”

၁၇။    ယင်းစကားရပ်အား ဂမ်ဘီယာနိုင်ငံမှ သေသေချာချာဂရုပြု၍ ရွေးချယ်အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

၁၈။    သို့ဖြစ်၍ ဂမ်ဘီယာက OIC ကိုယ်စား တရားစွဲဆိုခြင်းဖြစ်တယ်ဆိုတဲ့ ပြောကြားချက်ကို ဂမ်ဘီယာနိုင်ငံ၏ ကိုယ်စားလှယ်နှင့် OIC ၏ အမြင့်ဆုံးသော အာဏာပိုင်အဖွဲ့အစည်းက ပြောကြားခဲ့ခြင်းဖြစ်တာကို ကျွန်တော်တို့အနေနဲ့ တင်ပြလိုပါတယ်။ အခြားစာရွက်စာတမ်း များမှာလည်း အလားတူဖော်ပြချက်များ ပါဝင်နေပါတယ်။

၁၉။    OIC ကော်မတီနှင့်  OIC အဖွဲ့အစည်းက ယခုအမှုအား တရားစွဲဆိုခြင်းဖြစ်သည်ဆိုသော ထုတ်ပြန်ချက်များကို ၂၀၂၀ ပြည့်နှစ်အတွင်း OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီမှ ထပ်မံ၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၊ OIC ဂျာနယ်၊ OIC သတင်းထုတ်ပြန်ချက်၊ OIC တွစ်တာစာမျက်နှာ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းဖြစ်သည့် Fortify Rights တို့ကလည်း အလားတူ ထုတ်ပြန်ခဲ့ကြ ပါတယ်။

၂၀။     OIC ဂျာနယ်၊ OIC သတင်းထုတ်ပြန်ချက်၊ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေအား အစီရင်ခံစာ တင်သွင်းလျက်ရှိသည့် ကုလသမဂ္ဂ၏အထူးကိုယ်စားလှယ်တို့က ယခုအမှုကို OIC က တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။

၂၁။     ဂမ်ဘီယာနိုင်ငံမှ OIC ကိုယ်စားတရားစွဲဆိုကြောင်းကို OIC နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီ၏ ဆုံးဖြတ်ချက်တွင်လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံသမ္မတရုံး၊ ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ဂမ်ဘီယာနိုင်ငံဒုတိယသမ္မတ၊ မော်ဒိုက်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေရှ့် နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများ၏ ပြောကြားချက်များတွင်လည်းကောင်း၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများနှင့် အခြားနိုင်ငံများ၏ မီဒီယာသတင်းဖော်ပြချက်များတွင်လည်းကောင်း အသီးသီးဖော်ပြခဲ့ပါတယ်။

၂၂။     ယင်းကဲ့သို့ တရားစွဲဆိုရန်အတွက် OIC အဖွဲ့အစည်းက ဂမ်ဘီယာနိုင်ငံအား ဆောင်ရွက်ရန် သို့မဟုတ် ထိုသို့ဆောင်ရွက်ရန်ရွေးချယ်ခဲ့ကြောင်း ပြောကြားချက်များကို ဂမ်ဘီယာနိုင်ငံ သမ္မတရုံး၊ OIC ၏သတင်းထုတ်ပြန်ချက် နှင့် မီဒီယာများတွင် အသီးသီး ဖော်ပြခဲ့ပါတယ်။

၂၃။     ယခုအမှုအား ဂမ်ဘီယာနိုင်ငံမှ OIC ကော်မတီ၏ ဥက္ကဌအဖြစ်ဆောင်ရွက်မှု အခွင့် အာဏာအတွင်းမှစွဲဆိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အတိအလင်း သို့မဟုတ် သွယ်ဝိုက်သော အားဖြင့် OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ၏ ဆုံးဖြတ်ချက်၊ မလေးရှားနိုင်ငံ၏နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် OIC၏သတင်းထုတ်ပြန်ချက် သုံးခုတို့တွင် ဖော်ပြခဲ့ပါတယ်။

၂၄။     ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုပိုင်ခွင့်အရ တရားစွဲဆိုခြင်းမဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံမှ ဦး ဆောင် ၍တရားစွဲဆိုခြင်း သို့မဟုတ် စုပေါင်း၍တရားစွဲဆိုခြင်းဖြစ်ကြောင်းပြောကြားချက်ကို ဂမ်ဘီယာနိုင်ငံသမ္မတရုံး၊ ဂမ်ဘီယာနိုင်ငံ၏ဒုတိယသမ္မတနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့မှထပ်မံဖော်ပြခဲ့ကြပါတယ်။

၂၅။     မြန်မာနိုင်ငံ၏ကနဦးကန့်ကွက်ချက်၏နောက်ဆက်တွဲပါစာရွက်စာတမ်းများတွင် တရား စွဲဆိုရန်အတွက် ကုန်ကျမည့်စရိတ်ကို ဂမ်ဘီယာနိုင်ငံ၏စီမံခန့်ခွဲမှုမဟုတ်သောမိမိ သဘောဆန္ဒ အလျောက် ထည့်ဝင်ရသည့် OIC မှ မတည်ထားသောအထူးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သတင်းအစီရင်ခံစာတစ်ခုက အလှူရှင်များမှာ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဘီးယား၊ တူရကီ၊ နိုင်ဂျီရီးယား၊ မလေးရှားနှင့် အစ္စလာမ်ညီညွတ်ရေးရန်ပုံငွေတို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဆိုပါ အထောက် အထား များတွင် ဂမ်ဘီယာသည် အမှုကုန်ကျစရိတ်တစ်စုံတစ်ရာကို ကိုယ်တိုင်ကျခံမည့် အကြောင်း မပါရှိသကဲ့သို့ ထိုသို့ ကျခံခြင်းမပြုဟုလည်း ဖော်ပြထားခြင်းမျိုး ရှိပါတယ်။

ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊

၂၆။     အဆိုပါအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဂမ်ဘီယာမှ မည်သို့ ဖြေကြားခဲ့ပါသလဲ။

၂၇။     အလွန်အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင်ပင် ဂမ်ဘီယာကဘာမျှမပြောခဲ့ပါ။ အ ထက်ပါဖြစ်ရပ်များအပေါ် အခြားနည်းဖြေရှင်းချက်လည်းမပေးခဲ့သည့်အပြင် ယင်းအ ထောက် အထားများနှင့်စပ်လျဉ်း၍ရှင်းလင်းချက်လည်းမရှိခဲ့ပါ။ အဆိုပါအကြောင်းအရာများမရှိကြောင်း ကိုလည်းအထောက်အထားမပေးနိုင်ခဲ့ပါ။ ထိုအကြောင်းအရာများကို ရည်ညွှန်းထားခြင်း မရှိကြောင်းလည်း အကြောင်းပြချက်ပေးနိုင်မည်မဟုတ်ပါ။

၂၈။     ဂမ်ဘီယာနိုင်ငံ၏ စာဖြင့်ရေးသားတင်ပြချက်များ (Written Observations) တွင် နောက်ဆက်တွဲ တစ်ရပ်ကို ဖော်ပြထားသော်လည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံ၏ တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက် ဖြစ် သည့် တစ်ခုတည်းသောစာရွက်စာတမ်းအထောက်အထားအသစ်နှင့်သာ ဤကိစ္စနှင့် သက်ဆိုင် ပါတယ်။ ယင်းစာရွက်စာတမ်း အထောက်အထားအသစ်က ဂမ်ဘီယာနိုင်ငံ သည် OIC အဖွဲ့အ စည်း၏ ဆုံးဖြတ်ချက်အရ OIC အဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းကို ပြောထားပါတယ်။

၂၉။     ဤအချက်တွေကိုကျော်လွားဖို့အတွက် ဂမ်ဘီယာအနေဖြင့် ယေဘုယျသာလျှင် ပြောနိုင်ပြီး သက်သေအထောက်အထားတစ်ခုခုဖြင့် အခိုင်အမာတင်ပြနိုင်ခြင်းမရှိပါဘူး။

၃၀။    ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုခြင်းနှင့်စပ်လျဉ်း၍ ၎င်းတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဂမ်ဘီယာနိုင်ငံ၏ဆုံးဖြတ်ချက်အပေါ် OIC မှ အတည်ပြုထောက်ခံ ထားခြင်း မရှိသဖြင့် OIC ၏ မေတ္တာရပ်ခံချက်အရ ၎င်းကတရားစွဲဆိုရသည်ဆိုသည့် စွပ်စွဲချက် အတွက် အခြေခံအကြောင်းခြင်းရာမရှိဘူးလို့ ဖော်ပြနေပါတယ်။ အဲ့ဒီအတွက်သက်သေ အထောက်အထားက ဘယ်နေရာမှာများရှိပါသလဲ။ ကျွန်တော်တို့အနေဖြင့် ဂမ်ဘီယာကတရား စွဲဆိုရန် OIC ၏အဆိုပြု ချက်ကို ဂမ်ဘီယာနိုင်ငံအစိုးရအဖွဲ့ကအတည်ပြုခဲ့ပြီး OIC ကော်မတီမှ OIC ကိုယ်စားတရားစွဲဆိုသင့်ကြောင်း အစ္စလာမ်ထိပ်သီးအစည်းအဝေးပြီးနောက်ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်ဆိုသောစာရွက်စာတမ်းအထောက်အထားများကိုသာ တွေ့မြင်နေရပါတယ်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံ၏တရားရေးဝန်ကြီးကိုယ်တိုင် ဤအမှုအား OIC မှစတင် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သို့ပါ၍ ဂမ်ဘီယာက ဤအကြောင်း အရာအပေါ် ဖြေရှင်းချက်ပေးနိုင်မည်မဟုတ်ပါ။

၃၁။     ဂမ်ဘီယာနိုင်ငံက ၎င်းအနေဖြင့် OIC ဆုံးဖြတ်ချက်များချမှတ်၍ OIC  ကော်မတီ ဖွဲ့စည်း ဆောင်ရွက်ရာတွင် အရေးပါသည့်ကဏ္ဍတွင် ပါဝင်ခဲ့သဖြင့့် ထိုကိစ္စကို အသိအမှတ်ပြုသော အားဖြင့် ၎င်းအားကော်မတီဥက္ကဌအဖြစ် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ ပါတယ်။ အဲ့ဒီအတွက်အထောက်အထားကဘယ်မှာလဲ။ ကော်မတီဥက္ကဌအဖြစ် ခန့်အပ်ခံ ရခြင်းသည် ဂမ်ဘီယာနိုင်ငံက အဆိုပါကော်မတီကို ဖွဲ့စည်းရာတွင် အရေးပါသူ သို့မဟုတ် ကော်မတီ၏ အရေးယူဆောင်ရွက်မှုကို အဓိကပံ့ပိုးသူဖြစ်ခြင်းကြောင့်ဟု ယူဆလို့မရနိုင်ပါဘူး။ တရားရုံးရှေ့တင်ပြချက်များသည် အမှန်အားဖြင့် မည်သူက မည်သည့်အဆိုပြုချက်ကို မည်သည့် အချိန်တွင် ပြုလုပ်ခဲ့သည် သို့မဟုတ် အားပေးထောက်ခံခဲ့သည်ဟူသောအချက်ကို အတိအကျ တင်ပြနိုင်ခြင်းမရှိပါဘူး။ ထိုသို့ဆောင်ရွက်နေသည့်ကိစ္စကို မြန်မာနိုင်ငံကမသိနိုင်သလို ဂမ်ဘီ ယာနိုင်ငံကလည်း အသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။ အမှန်အားဖြင့် အမှုကိစ္စ အဓိက ဆောင် ရွက်သူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသော်လည်းကောင်း၊ ဆော်ဒီအာရေးဗျနိုင်ငံ ဦးဆောင် သည့် Contact Group ကိုသော်လည်းကောင်း ထည့်သွင်းပါဝင်စေနိုင်သည်ဆိုသည့် ယူဆချက် များလည်းရှိပါတယ်။ အခြားစာရွက်စာတမ်းတွင် OIC က ဤအမှုကိုစွဲဆိုစေရန်အတွက် နိုင်ငံ တစ်ခုကို ရှာဖွေနေခဲ့ကြောင်း ပါရှိပါတယ်။

၃၂။      ဂမ်ဘီယာနိုင်ငံက OIC အဖွဲ့အစည်းမဟုတ်ဘဲ ၎င်းကသာ အမှုကို အလုံးစုံ ထိန်းချုပ် ညွှန်ကြားကြောင်းဆက်လက်ရပ်တည်နေပါတယ်။ ယင်းရပ်တည်မှုအတွက် ဘာအထောက် အထားရှိပါသလဲ။ တရားရုံးရှေ့တင်ပြချက်များကမည်သူက မည်သည့်ဆုံးဖြတ်ချက်ကို ချမှတ်နေ ကြောင်းပြသနိုင်ခြင်း မရှိပါဘူး။ မိမိတို့ အနေဖြင့် Provisional Measures အတွက် ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်အဖွဲ့၌ OIC အကြီးတန်းအရာရှိ သုံးဦးပါဝင်နေကြောင်း သိရှိ ထားပြီး ဂမ်ဘီယာနိုင်ငံ၏ အဆိုလွှာကို မတင်သွင်းမီ ရက်အနည်းငယ်အလိုတွင် OIC ကော်မ တီတွင် တွေ့ဆုံဆွေးနွေးမှုရှိခဲ့ဟန်တူပါတယ်။ ဂမ်ဘီယာနိုင်ငံမှ OIC ကိုအမှုတိုးတက်မှုအခြေ အနေကို အကျဉ်းရုံးရှင်းပြခဲ့ကြောင်းမိမိတို့သိပါတယ်။ OIC ၏မှတ်တမ်းတစ်ခုမှာ တရားဝင်ကိုယ် စားလှယ် ရွေးချယ်ရန်ကိစ္စကို ဂမ်ဘီယာနိုင်ငံ၏ လုပ်ပိုင်ခွင့်အဖြစ် ဖော်ပြထားပါတယ်။ သို့တိုင် အဆိုပါလုပ်ပိုင်ခွင့်ကို OIC အဖွဲ့အစည်းက အပ်နှင်းခဲ့ခြင်းမဟုတ်ဟု ပြောနိုင်ပါသလား။

၃၃။     နောက်ဆုံးအနေဖြင့် ဂမ်ဘီယာနိုင်ငံက OIC ထံမှ အထောက်အပံ့ရှာဖွေရယူခြင်းသာဖြစ် ကြောင်းဆိုပါတယ်။ သို့ရာတွင် ဂမ်ဘီယာနိုင်ငံကို ပေးနေသော အထောက်အပံ့များကို ဖော်ပြသည့် စာရွက်စာတမ်းများတွင် မိမိ ရည်ညွှန်းဖော်ပြပြီးဖြစ်သော အခြားထုတ်ဖော်ပြောဆို ချက်အားလုံးနှင့် ဆန့်ကျင်ရန်မဆိုထားနှင့် ကွဲပြားမှုပင်မရှိသလောက် ဖြစ်နေပါတယ်။

ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းခင်ဗျာ၊

၃၄။     တရားရုံးရှေ့ ရောက်လာသောအမှုများတွင် လျှောက်ထားသူနိုင်ငံက တတိယနိုင်ငံ၊ အဖွဲ့အစည်းအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခြင်း ဟုတ်မဟုတ်နှင့်စပ်လျဉ်းသည့် မေးခွန်းမရှိသလောက်ပင်ဖြစ်ပါတယ်။ သို့ရာတွင် အဆိုပါကိစ္စရှိခဲ့ပါက မဟုတ်မှန်ကြောင်း သက်သေပြရန် တာဝန်မှာ တရားပြိုင်အပေါ်တွင် မဟုတ်ဘဲ အမှုစွဲဆိုသည့် လျှောက်ထားသူ နိုင်ငံအပေါ်တွင် ရှိရမည် ဖြစ်ပါတယ်။

၃၅။     ဤကိစ္စတွင် တရားမျှတမှုရှိကြောင်း သိသာထင်ရှားသည့်အကြောင်းပြချက် လိုအပ်ပါ တယ်။ လျှောက်ထားတဲ့နိုင်ငံသာလျှင် ၎င်းနှင့် အခြားတတိယနိုင်ငံတို့အကြား ဆက်သွယ်ဆောင် ရွက်မှုအကြောင်းစုံကို အသေးစိတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာနိုင်ငံ နှင့် OIC အဖွဲ့အစည်းအကြား သော်လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် အခြား OIC အဖွဲ့ဝင် နိုင်ငံများ အကြားသော် လည်းကောင်း ပြုလုပ်နေသည့် အပေးအယူဆက်ဆံ မှုအသေးစိတ်ကို မသိရှိနိုင်ပါဘူး။ ဤကိစ္စကို ဂမ်ဘီယာနိုင်ငံက သိရှိပြီး သတင်းအချက် အလက်ထုတ်ဖော်ပြ သရန် ပျက်ကွက်နေကြောင်း ထင်ရှားနေပါတယ်။

၃၆။     ထို့အပြင် မူသဘောအားဖြင့်ဆိုပါက တရားရုံးဥပဒေပြဌာန်းချက်များအရ အမှုတိုင်းတွင် အခြေခံကျသော စီရင်ပိုင်ခွင့်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန်လိုအပ်သည့် အချက် အလက်အထောက်အထားများကို ပြသရမည့်သူမှာ အမှုလျှောက်ထားသည့် နိုင်ငံသာ ဖြစ်ပါ တယ်။ အမှုစွဲတင်စဉ်ကတည်းက အငြင်းပွားမှုရှိကြောင်း သက်သေပြရန် တာဝန်ရှိသူမှာ အမှုစွဲ ဆိုသူသာလျှင်ဖြစ်သည်မှာ အပြည့်အဝလက်ခံထားပြီး လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အမှု လျှောက် ထားသူ အမှန်သည် မည်သူမည်ဝါဖြစ်သည်ဟူသောကိစ္စမှာ အကြောင်းခြင်းရာ ပြဿနာပင်ဖြစ် ပါတယ်။

၃၇။     သက်သေပြရန်တာဝန်သည် ဂမ်ဘီယာနိုင်ငံအပေါ်တွင် မရှိဘူးဆိုလျှင်ပင် တရားရုံး အနေဖြင့် ဆက်စပ်အကြောင်းခြင်းရာများကို ဆုံးဖြတ်သည့်အခါ ရုံးရှေ့တင်ပြထားချက်အပေါ် အခြေခံ၍ ဆုံးဖြတ်ရန် လိုအပ်မှာဖြစ်ပါတယ်။

၃၈။     ဂမ်ဘီယာနိုင်ငံအနေဖြင့် ရုံးရှေ့တင်ပြချက်များ၏ မှန်ကန်မှုအပေါ် အငြင်းပွားခြင်း မရှိ သလို ယင်းတွင်ပါဝင်သည့်သီးခြားဖော်ပြချက်များကို ငြင်းဆိုခြင်း သို့မဟုတ် ရှင်းလင်းရန် တောင်းဆိုခြင်း မပြုခဲ့သည့်အပြင် ဆန့်ကျင်ဘက်သက်သေထောက်အထား တင်ပြခြင်းလည်း မပြုလုပ်ခဲ့ပါ။ အထောက်အထားတင်ပြထားခြင်းမရှိသော ဂမ်ဘီယာနိုင်ငံ၏ တိကျရှင်းလင်းမှု မရှိသည့် စွပ်စွဲတင်ပြချက်များကို တရားရုံးက ဆက်စပ်အကြောင်းခြင်းရာအဖြစ် မှတ်ယူအသုံး ပြုနိုင်မည်မဟုတ်ပါ။

၃၉။     တရားရုံးရှေ့မှောက်တွင် OIC အဖွဲ့အစည်းက ၎င်းကိုယ်စား ယခုအမှှုကို စွဲဆိုရန် ဂမ်ဘီယာနိုင်ငံကို တာဝန်ပေးထားသည်ဟု ဖော်ပြပါရှိသည့် ဂမ်ဘီယာနိုင်ငံနှင့် OIC ပင်မ အဖွဲ့ကြီးတို့၏ တရားဝင် ထုတ်ပြန်ချက်များရှိပါတယ်။ ဤအချက်ကို အခြားစာရွက်စာတမ်း များစွာတွင်လည်း မီးမောင်းထိုးဖော်ပြထားပါတယ်။ ယင်းအတွက် ဆန့်ကျင်ဘက် သက်သေ အထောက်အထား တင်ပြထားခြင်းလည်းမရှိပါဘူး။ အမှုအား ယင်းအချက်အပေါ် အခြေခံပြီး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါတယ်။

ဥပဒေကြောင်းကိစ္စ

ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊

၄၀။     ဥပဒေ ကြောင်းကိစ္စနှင့်စပ်လျဉ်း၍ တင်ပြလိုပါတယ်။

၄၁။     တရားရုံး၏အငြင်းပွားမှုဆိုင်ရာစီရင်ပိုင်ခွင့်တွင် ကန့်သတ်ချက်ရှိသည်ဟူသောအချက်မှာ အခြေခံကျသည့်အချက်ဖြစ်ပါတယ်။

၄၂။      ကန့်သတ်ချက်တစ်ခုမှာ နိုင်ငံများကသာ ရုံးရှေ့အမှုသည်များအဖြစ် ပါဝင်ဆောင်ရွက် နိုင်သည်ဟူသောအချက်ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း တစ်ခုအနေဖြင့် ဆောင် ရွက်ခွင့်မရှိသလို အစိုးရမဟုတ်သောအဖွဲ့အစည်း၊ စီးပွားရေးဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းများလည်းဆောင်ရွက်ခွင့်မရှိပါဘူး။ ဤအမှုတွင် တိုက်ရိုက် ပေါ်ပေါက် သည့် မေးခွန်းတစ်ခုမှာ နိုင်ငံမဟုတ်သည့် အဖွဲ့အစည်းတစ်ခုသည် ၎င်းကိုယ်စား အမှုစွဲဆိုပေးရန် နိုင်ငံတစ်နိုင်ငံကို တာဝန်ပေးခြင်း သို့မဟုတ် ခန့်အပ်ခြင်းဖြင့် တရားရုံး ၏စီရင်ပိုင် ခွင့်ကန့် သတ်ချက်ကို ရှောင်တိမ်း၍ ရနိုင်လားဆိုသည့်ကိစ္စဖြစ်ပါတယ်။

၄၃။     ဒုတိယကန့်သတ်ချက်မှာ တရားရုံးအနေဖြင့် အငြင်းပွားမှုဆိုင်ရာအမှုများတွင် နှစ်ဖက် အမှုသည်များ၏ သဘောတူညီချက်ဖြင့်သာ စီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်သည်ဟူသောအချက် ဖြစ်ပါတယ်။ ဥပမာ၊ နှစ်ဖက်နိုင်ငံများပါဝင်သည့် နိုင်ငံတကာစာချုပ်တစ်ခုပါ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်း စည်းကမ်းချက်အပိုဒ်တွင် ဖော်ပြသည့် သဘောတူညီချက်မျိုးဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်သည့် မေးခွန်းတစ်ခုမှာ အဆိုပါ ကန့်သတ်ချက်ကိုရော အထက်တွင် ဖော်ပြသည့် နည်းဖြင့် ရှောင်ရှားနိုင်သလားဆိုသည့်ကိစ္စဖြစ်ပါတယ်။ ဥပမာ၊ နိုင်ငံ “က” သည် ဂျီနိုဆိုက် ကွန်ဗင်းရှင်းအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံဖြစ်ပြီး နိုင်ငံ “ခ” နှင့် နိုင်ငံ “ဂ” တို့မှာ ကွန်ဗင်းရှင်းကို ခြွင်းချက်ပြု လုပ်ထားခြင်းမရှိသည့်အဖွဲ့ဝင်နိုင်ငံများဖြစ်သည်ဆိုပါစို့။ အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံ “က” က ဂျီနိုဆိုက်ကွန်ဗင်းရှင်းအရ နိုင်ငံ “ခ” အပေါ် အမှုစွဲဆိုရန်အတွက် နိုင်ငံ “ဂ” ကို တာဝန် ပေးခြင်း သို့မဟုတ် ခန့်အပ်ခြင်းပြုနိုင်ပါသလား။

၄၄။     ဤဒုတိယမေးခွန်းသည် လက်ရှိအမှုနှင့်စပ်ဆိုင်နေပါတယ်။ အဘယ်ကြောင့်ဆိုသော် OIC အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံအနက် ၂၀ နိုင်ငံသည် ဂျီနိုဆိုက်ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံ မဟုတ်ကြ ပါဘူး။ ဒါမှမဟုတ်အဖွဲ့ဝင်ဖြစ်ပါကဂျီနိုဆိုက်ကွန်ဗင်းရှင်းအပိုဒ် ၉ ကို ခြွင်းချက်ပြုထား ကြပါ တယ်။ ယင်းတို့အနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မလေးရှားနိုင်ငံ ၂ နိုင်ငံက OIC ကော်မတီ တွင်ပါဝင်ပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအထိ ဒီအမှုအတွက် ရန်ပုံငွေထက်ဝက်ကို ပံ့ပိုးထားသူများ ဖြစ်ကြပါတယ်။ အနည်းဆုံး သတင်းမီဒီယာဆောင်းပါးတစ်ခုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမှုစွဲဆိုရန် OIC ကို စည်းရုံးဆွဲဆောင်ရာ၌ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း ဆိုထားပါတယ်။

၄၅။     ထိုသို့သော မေးခွန်းများမှာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းအရ စွဲဆိုသည့်အမှုများအတွက်သာ မဟုတ်ပါဘူး။ အခြားနိုင်ငံတကာစာချုပ်များအရ စွဲဆိုသည့်အမှုများတွင်လည်း ဖြစ်ပေါ်နိုင်ပါ တယ်၊ အထူးသဖြင့် အဆိုပါစာချုပ်တွင် အခြားသောစာချုပ်ဝင်နိုင်ငံများ အပေါ် စာချုပ်ဝင် တစ်နိုင်ငံချင်းက တာဝန်ရှိခြင်းကို အကြောင်းပြု၍ အမှုစွဲဆိုခွင့်ပါရှိကြောင်း လျှောက်ထား သူတစ်ဦးဦးကတင်ပြသည့်အခါတွင် ဖြစ်ပေါ်နိုင်ပါတယ်။ သို့ဖြစ်၍ ဤသို့သော မေးခွန်း များသည် သဘာဝပတ်ဝန်းကျင်၊ စွမ်းအင် သို့မဟုတ် ကုန်သွယ်ရေးဥပဒေ၊ ပင်လယ်ရေကြောင်း ဆိုင်ရာ ဥပဒေ သို့မဟုတ် နယူးကလီးယားလက်နက် အပါအဝင် ဥပဒေနယ်ပယ်များစွာနှင့် ဆက်စပ်သည့် နိုင်ငံတကာ စာချုပ်များအရ စွဲဆိုသည့်အမှုများတွင် ဖြစ်ပေါ်နိုင်ပါတယ်။

၄၆။     ဤမေးခွန်းနှင့်စပ်လျဉ်း၍ တင်ပြရမည်ဆိုပါက လျှောက်ထားသူ အစစ်အမှန်မှာ ၎င်းအား ကိုယ်စားပြုစွဲဆိုပေးရန်ခိုင်းစေထားသည့် တတိယနိုင်ငံအဖွဲ့အစည်းဖြစ်ပြီး ကိုယ်စားလှယ် Proxy နိုင်ငံဆိုသည်မှာ ယင်းတတိယနိုင်ငံ အဖွဲ့အစည်းကို ကိုယ်စားပြုစွဲဆိုပေးသည့် နိုင်ငံဖြစ် သည်လို့ မိမိရည်ညွှန်းလိုပါတယ်။

၄၇။     ယခု စောဒကတက်နိုင်သည်မှာ ကြားခံကိုယ်စားလှယ်နိုင်ငံအနေဖြင့် ၎င်း၏ကိုယ်ပိုင် အကျိုးစီးပွား ရရှိမှုမရှိဘဲ အခြားသူအတွက် အမှုစွဲဆိုပေးခြင်းဖြင့် ဒုက္ခရှာလိမ့်မည် မဟုတ်ဟူ သောအချက်ဖြစ်ပါတယ်။ သို့ရာတွင် ထိုသို့မှတ်ယူ၍မရပါ။ သီအိုရီအားဖြင့် ကြားခံ ကိုယ်စား လှယ် နိုင်ငံတွင် ရည်ရွယ်ချက်များစွာ ရှိနေနိုင်ပါတယ်။ ဥပမာ၊ အမှန်တကယ်အမှုလျှောက်ထား သူ အတွက် နိုင်ငံရေးအကျိုးအမြတ်ရရှိရေး ဆောင်ရွက်ပေးခြင်းဖြင့် အပြန်အလှန်အကျိုးပြုမှု ပြန်လည်ရရှိရေးအတွက်ဖြစ်နိုင်ပါတယ်။ လျှောက်ထားသူအမှန်က အမှုစွဲဆိုပေးခြင်းအတွက် ကိုယ်စားလှယ်နိုင်ငံကို ငွေကြေးပေးချေရနိုင်ပါတယ်။ မည်သည့်အခြေအနေတွင်မဆို ဂမ်ဘီယာ နိုင်ငံကပြောဆိုသည့်အတိုင်း တရားစွဲဆိုရတဲ့ ရည်ရွယ်ချက်များသည် စီရင်ပိုင်ခွင့်ရှိ မရှိကိစ္စနှင့် စပ်ဆိုင်မှုမရှိဟု အသိအမှတ်ပြုထားခြင်းဖြစ်ပါတယ်။

၄၈။     မည်သည့်ရည်ရွယ်ချက်မျိုးရှိစေကာမူ အခြေအနေသည် အောက်ပါအတိုင်း ဖြစ်ရ မည်ဖြစ်ပါတယ်။ တတိယပုဂ္ဂိုလ် အဖွဲ့အစည်းသည် နိုင်ငံတစ်နိုင်ငံမဟုတ်ခြင်းကြောင့် ဖြစ်စေ၊ အမှုစွဲဆိုခံရမည့်နိုင်ငံနှင့်၎င်းအကြား အမှုစီရင်ခွင့်နှင့်စပ်လျဉ်း၍ အပြန်အလှန်လက်ခံထားမှု မရှိခြင်းကြောင့်ဖြစ်စေ ၎င်းကိုယ်တိုင် အမှုမစွဲဆိုနိုင်သည့်ကိစ္စတွင် ကိုယ်စားလှယ်ကို အမှုစွဲဆို စေခြင်းဖြင့် တရားရုံး၏စီရင်ပိုင်ခွင့်ကန့်သတ်ချက်ကို ရှောင်ရှား၍ မရနိုင်ပါဘူး။

၄၉။     သဘောရိုးဖြင့်ဆောင်ရွက်ခြင်းနှင့် အကျိုးသက်ရောက်မှုဆိုင်ရာ နိုင်ငံတကာဥပဒေ မူသဘောအရ ဤသို့ ကောက်ချက်ချရန်ဖြစ်ပါတယ်။ တရားရုံး၏စီရင်ပိုင်ခွင့်ကို ယင်းတရားရုံး၏ ဥပဒေအရ ဆုံးဖြတ်ရမှာ ဖြစ်ပြီး ယင်းဥပဒေမှာ နိုင်ငံတကာစာချုပ် ဖြစ်ပါတယ်။ နိုင်ငံတကာ စာချုပ်ဆိုင်ရာဥပဒေတွင် သဘောရိုးဖြင့်ဆောင်ရွက်ခြင်းနှင့် အကျိုးသက်ရောက်မှုဆိုင်ရာ မူသဘောအခိုင်အမာ ရှိထားပြီး ယေဘုယျအားဖြင့် နိုင်ငံတကာဥပဒေ၏ အခြေခံအုတ်မြစ် တစ်ခု ဖြစ်ပါတယ်။ ကြားခံကိုယ်စားလှယ်နိုင်ငံကို အသုံးပြုခြင်းဖြင့် တရားရုံး၏စီရင်ပိုင်ခွင့်ကို ကန့်သတ်သည့် ဥပဒေပြဌာန်းချက်များကို ကျော်လွှားရှောင်ရှားမည်ဆိုပါက ထိုဥပဒေ ပြဌာန်းချက်များ၏ အကျိုးသက်ရောက်မှုမှာ အားနည်းသွားမှာဖြစ်ပါတယ်။

၅၀။     ရှေ့က မိမိပေးခဲ့သည့်ဥပမာအရ ဂျီနိုဆိုက်ကွန်ဗင်းရှင်းအဖွဲ့ဝင် မဟုတ်သည့်နိုင်ငံ “က” အပေါ် မည်သည့်အမှုမျှ စွဲတင်ခွင့် မရှိချိန်တွင် နိုင်ငံ “က” သည် နိုင်ငံ “ဂ” ကို ကိုယ်စားလှယ် အဖြစ်အသုံးချ၍ နိုင်ငံ “ခ” အပေါ် ကွန်ဗင်းရှင်းအရ အမှုစွဲနိုင်သလိုဖြစ်နေပါတယ်။ ဤ သဘော သည် အပြန်အလှန်ပြုမူဆောင်ရွက်ခြင်းမူသဘောနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်။ တရားရုံး၏စီရင်ပိုင်ခွင့် ဆိုင်ရာ ပြဌာန်းချက်များအား ယင်းတို့၏ ရည်ရွယ်ချက် အမှန်ကို ကြည့်၍ အဓိပ္ပါယ်ဖွင့်ဆိုမည် ဆိုပါက အထက်တွင် ဖော်ပြသည့် အမှုစွဲဆိုခြင်းနည်းကို ခွင့်ပြု၍ မရပါဘူး။

၅၁။     ဒါ့အပြင်လျှောက်ထားသူနိုင်ငံသည် အခြားသူအတွက် ဆောင်ရွက်ပေးခြင်း ဟုတ် မဟုတ် ဆိုသည့် ပြဿနာသည် လုပ်ထုံးလုပ်နည်းဆိုင်ရာပြဿနာမျှသာ မဟုတ်ဘဲ အကြောင်း ခြင်းရာ ပြဿနာ၊ အမှု၏အဓိကအကြောင်းအရာနှင့်သက်ဆိုင်သည့် ပြဿနာဖြစ်ပါတယ်။ လျှောက်ထား သူသည် အမှန်တကယ် အခြားသူအတွက် ဆောင်ရွက်ခြင်းဖြစ်သည်မှန်လျှင် နိုင်ငံတကာဥပဒေ သို့မဟုတ် ပြည်တွင်းဥပဒေ အရချုပ်ဆိုသည့် ကိုယ်စားပြုခွင့်ဆိုင်ရာ သဘောတူညီချက် ကဲ့သို့သော ကြားခံကိုယ်စားပြုသည့် နိုင်ငံနှင့် အမှန်စွဲဆိုသူနိုင်ငံတို့အကြား ဥပဒေကြောင်းအရ စည်းနှောင်မှုရှိသည့် ဆက်နွယ်မှု ရှိ မရှိ  သို့မဟုတ် အမှန်စွဲဆိုသူက ကိုယ်စားပြုဆောင်ရွက်သူကို အတင်းအကြပ်ဆောင်ရွက်စေရန် ဥပဒေအရလုပ်ပိုင်ခွင့် ရှိ မရှိ ကိစ္စမှာ အရေးပါသည့်ကိစ္စ မဟုတ်ပါ။ ထိုအခြေအနေများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိ ရည်ညွှန်းဖော်ပြခဲ့သည့် မူ သဘောတရားများ၏သက်ရောက်မှု အတူတူပင်ဖြစ်ပါတယ်။ မည်သို့ဆိုစေကာမူ ယခုအမှု၌ ဂမ်ဘီယာနိုင်ငံအနေဖြင့် OIC ၏ အဖွဲ့အစည်းတစ်ခုအဖြစ် သို့မဟုတ် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည်ဟုကောက်ချနိုင်သည့်အကြောင်းရင်းများရှိပါတယ်။

၅၂။      ထို့ပြင် လျှောက်ထားသူသည် အမှန်တကယ် အခြားသူအတွက် ဆောင်ရွက်ခြင်း ဖြစ်သည် မှန်လျှင်အမှုကို ဆောင်ရွက်ရန်နည်းလမ်းနှင့်စပ်လျဉ်း၍ အမှန်တကယ်အမှုလျှောက်ထားသူ က ၎င်း၏ ကိုယ်စားလှယ်ကို ကိုယ်ပိုင်ချင့်ချိန်ဆုံးဖြတ်ပိုင်ခွင့် ပေးထားရုံးမျှဖြင့် ကိုယ်စားပြု ဆောင် ရွက် ပါသည်ဟူသောအချက်ကို ပြောင်းလဲပစ်နိုင်မည်မဟုတ်ပါ။

၅၃။     ကိုယ်တိုင်အမှုမစွဲဆိုနိုင်သည့် တတိယပုဂ္ဂိုလ် အဖွဲ့အစည်းအတွက် ကိုယ်စားလှယ်အဖြစ် အမှုစွဲဆိုပေးခြင်းအား အမှုဖြစ်စဉ်ကို အလွဲသုံးစားပြုခြင်းဟု မှတ်ယူနိုင်ပါတယ်။ အမှုစွဲဆိုခွင့် မရှိသူတစ်ဦးက တရားရုံးကို အသုံးပြုလာနိုင်ရေးအတွက် နိုင်ငံတစ်ခုက ၎င်း၏ အမှုစွဲဆိုခွင့်ကို အသုံးပြုသည့်ကိစ္စသည် လုပ်ထုံးလုပ်နည်းဆိုင်ရာအခွင့်အရေးအပ်နှင်းခံရသည့်နိုင်ငံများနှင့် မသက်ဆိုင်သည့် ရည်ရွယ်ချက်အတွက် အသုံးပြုခြင်းမဟုတ်ပါဟု မည်သို့ ဆိုနိုင်ပါမည်နည်း။ ယင်းကို အမှုဖြစ်စဉ်အား အလွဲသုံးစားပြုခြင်းအဖြစ် မှတ်ယူသည် ဖြစ်စေ၊ မမှတ်ယူသည်ဖြစ်စေ အပြန်အလှန်ပြုမူဆောင်ရွက်ခြင်း၊ ရိုးဖြောင့်သော သဘောရှိခြင်းနှင့် စာချုပ်အကျိုးသက်ရောက် မှုဆိုင်ရာ သဘောတရားများသည် ထိုကဲ့သို့သော အလေ့အထတစ်ခု မည်သည့်အခြေအနေတွင် မဆို တားဆီးရမှာဖြစ်ပါတယ်။

ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊

၅၄။     ဥပဒေကြောင်းကိစ္စနှင့်စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံက မည်သို့ ဆိုထားပါသလဲ။

၅၅။     ဂမ်ဘီယာနိုင်ငံအနေဖြင့်  ယင်းပြဿနာနှင့်စပ်လျဉ်း၍ ရှင်းလင်းထားခြင်း မရှိပါ။

၅၆။     ၎င်းသည် အမှုလျှောက်ထားလွှာပါ လျှောက်ထားသူဖြစ်ကြောင်းနှင့် အမှုစွဲဆိုရန် အတွက် လိုအပ်သည့် စီရင်ပိုင်ခွင့်ဆိုင်ရာကိစ္စရပ်အားလုံး ပြီးပြည့်စုံကြောင်းသာပြောပါတယ်။ ထိုအချက် ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ပထမအကြိမ်ကန့်ကွက်လွှာကိုပိတ်ပင်ထားပြီး ဖြစ်သည်ဟုလည်း ဆိုထားပါတယ်။ မည်သို့ ဖြစ်ကြောင်းကိုတော့ ရှင်းလင်းထားခြင်း မရှိပါဘူး။ ဂမ်ဘီယာနိုင်ငံအနေဖြင့် အမှုစွဲဆိုခွင့်မရှိသူ မည်သူမဆို ကိုယ်စားလှယ်မှတစ်ဆင့် ဆောင်ရွက်နိုင်ခွင့် အမြဲရှိသည်ဟုယူဆပုံရပါတယ်။ ထိုသို့ဆိုလျှင် ဂမ်ဘီယာနိုင်ငံ၏ ပြောဆိုချက်ကို ငြင်းချက်ထုတ်ရန်မလိုသလို မြန်မာနိုင်ငံ၏ ငြင်းချက်ကိုချေပရန်မလိုသကဲ့သို့ ဖြစ်စေပါတယ်။

၅၇။     ဂမ်ဘီယာနိုင်ငံက လျှောက်လွှာတွင် ၎င်း၏ကိုယ်စားလှယ်သည် ဂမ်ဘီယာနိုင်ငံ အမည် ဖြင့် သို့မဟုတ် ဂမ်ဘီယာနိုင်ငံကိုယ်စား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည် ဟု ဆိုပါတယ်။ သို့ရာတွင် အဆိုပါကိုယ်စားလှယ်သည် ဂမ်ဘီယာနိုင်ငံအတွက် ဆောင်ရွက်ခြင်းမှန် လျှင်ပင် ယင်းဖော်ပြချက်သည် ဂမ်ဘီယာနိုင်ငံအနေဖြင့် OIC အဖွဲ့အစည်း ကိုယ်စား ဆောင်ရွက်နေခြင်း ဟုတ်မဟုတ် ဟူသော ပြဿနာကို ပြေလည်စေနိုင်မည်မဟုတ်ပါ။

၅၈။     နိုင်ငံတစ်နိုင်ငံ၏ အမှုစွဲဆိုရန် အရင်းခံအကြောင်းများသည် စီရင်ပိုင်ခွင့်ဆိုင်ရာကိစ္စရပ် များနှင့် ဆက်စပ်မှုမရှိဟူသော သဘောတရားကို ဂမ်ဘီယာနိုင်ငံက ညွှန်းဆိုထားပါတယ်။ အမှန် အားဖြင့် ဖော်ပြပါသဘောတရားများနှင့် အကျုံးဝင်သည့် ယခင်အမှုများတွင် လက်ရှိ မိမိတို့ ပြောနေသည့် ပြဿနာမျိုး မရှိပါ။ ယခုကိစ္စမှာ စီရင်ပိုင်ခွင့်နှင့်အမှုလက်ခံနိုင်ခွင့်ကို အဆုံးအဖြတ် ပေးရန်အတွက် မည်သူ့အား အစစ်အမှန် လျှောက်ထားသူဟု မှတ်ယူရမည်ကို ရှင်းလင်း စေရန်ဖြစ်ပါတယ်။ မည်သူ၏ တိုက်တွန်းမှုကြောင့် သို့မဟုတ် မည်သူ့အတွက်ကြောင့် ပြုလုပ် သည်နှင့် သက်ဆိုင်ခြင်းမရှိပါ။

၅၉။     ထို့ပြင် ဂမ်ဘီယာနိုင်ငံက ၎င်းနှင့်မြန်မာနိုင်ငံအကြားအမှုစွဲတင်သည့်အချိန်က အငြင်းပွား မှုရှိကြောင်း ပြောထားပါတယ်။ ထိုအချက်ကို မြန်မာနိုင်ငံ၏ ပဏာမကန့်ကွက်လွှာ စတုတ္ထ အချက်တွင် တင်ပြမည်ဖြစ်ပါတယ်။ သို့ရာတွင် မည်သည့်အဆင့်တွင်မဆို လျှောက်ထားသူသည် အခြားတတိယပုဂ္ဂိုလ်အဖွဲ့အစည်း၏ ကိုယ်စားလှယ်အဖြစ် စွဲဆိုခြင်း ဖြစ်ကြောင်း ပေါ်ပေါက် သည့်အခါ အဆိုပါကိုယ်စားလှယ်နှင့် လျှောက်ထားခံရသူအကြား ဖြစ်ပွားသည့် အငြင်းပွားမှု ရှိ မရှိ ကိစ္စများတွင် အပြန်အလှန်ပြုမူဆောင်ရွက်ခြင်း၊ သဘောရိုးဖြင့် ဆောင်ရွက်ခြင်းနှင့် အကျိုး သက်ရောက်မှုရှိခြင်းဆိုင်ရာမူသဘောများသည် အလားတူ ရှိမြဲ ရှိနေမည်ဖြစ်ပါတယ်။

နိဂုံး

ဥက္ကဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊

၆၀။     ပဏာမကန့်ကွက်လွှာ ပထမအချက်အပေါ် မိမိ၏ တင်ပြချက်ကို ဤမျှဖြင့် အဆုံးသတ် လိုပါတယ်။ မြန်မာနိုင်ငံအနေဖြင့်ဆက်စပ်အကြောင်းခြင်းရာများ ရှင်းရှင်းလင်းလင်းရှိကြောင်း ဆိုထားပြီးဖြစ်ပါတယ်။ ဥပဒေအရဆိုလျှင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုက တရားရုံးသို့ အမှုစွဲဆိုရန်အလို့ငှာ နိုင်ငံတစ်နိုင်ငံကို အမှုလျှောက်ထားသူကိုယ်စားလှယ် အဖြစ် အသုံးပြုရန် မဖြစ်နိုင်ပါ။ အဆိုပါအချက်ကို ဂမ်ဘီယာနိုင်ငံဘက်မှ ကြီးကြီးမားမားတုံ့ပြန်ထားခြင်းမရှိပါ။ ဤအမှုသည် ဖော်ပြပါပြဿနာမျိုးပေါ်ပေါက်သည့်ပထမဆုံးအမှုဖြစ်နိုင်ပါတယ်။ သို့ရာတွင် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီးကျန်အမှုသည် နောက်ဆုံးကိစ္စဖြစ် ကောင်းမှ ဖြစ် ပါလိမ့်မည်။ ဤအမှုက အရေးပါသည့်စီရင်ထုံးတစ်ခုကို ဖြစ်ပေါ်စေမည်ဖြစ်ပါတယ်။

၆၁။     စိတ်ပါဝင်စားစွာ နားထောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါတယ်။ ဥက္ကဌခင်ဗျာ၊ ဆက်လက်၍ ပဏာမကန့်ကွက်လွှာ ဒုတိယအချက်ကို တင်ပြပေးဖို့  မြန်မာနိုင်ငံ၏ ရှေ့နေ Professor Talmon ကို လျှေက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါတယ်။