အစိမ်းရောင်စပျစ်သီးက မျက်စိကွယ်ခြင်းကို လျှော့ချပေးနိုင်
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများထဲတွင် မုန်လာဥနီက အမြင်အာရုံအတွက် အထူးကောင်းမွန်သည်ဟူသော ရည်ရွယ်ချက်ဖြင့် ရှေးပဝေသဏီကစ၍ လူသားတို့သည် မုန်လာဥနီကို မျက်စိအာဟာရ ဖြည့်စွက်စာအဖြစ် စားသုံးလာခဲ့ကြသည်။ သို့သော် တစ်နေ့ထက်တစ်နေ့ ဆေးသိပ္ပံပညာများ တိုးတက် ထွန်းကားလာသည့် အလျောက် ၂ဝ ရာစုနှစ်အလွန် ရောက်သည့်အခါ သုတေသန အမျိုးမျိုး ပြုလုပ်ကြပြီးနောက်မှာ ''အစိမ်းရောင်စပျစ်သီး (စိမ်းရောင်ခြယ် စပျစ်သီး)''က လူသားတို့ မျက်စိအတွက် လွန်စွာ ဆေးဖက်ဝင်လှပြီး အနာဂတ်ဘဝ မျက်စိကွယ်ခြင်း အခြေအနေကို လျှော့ချပေးနိုင်ကြောင်း သိရသည်။
အကြောင်းမှာ မျက်စိအာရုံခံလွှာ (retina)ကို ဘေးဖြစ်စေတတ်သော oxidative stress (ခေါ်)မော်လီကျူးများ၏ ဘေးအန္တရာယ်မှ အစိမ်းရောင် စပျစ်သီးက အထူးကာကွယ် ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် အစိမ်းရောင် စပျစ်သီးထဲမှာ လူသားအကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ကြွယ်ဝစွာပါရှိနေကြပြီး ၎င်းဓာတ်များက ဆဲလ်များကို ကျန်းမာစေကာ DNA ပျက်စီးခြင်းမှ ကာကွယ် ပေးထားနိုင်သည်။ ထိုဇီဝဖြစ်စဉ်က အနာဂတ်ဘဝ မျက်စိအလင်းကွယ်ခြင်းမှ ကြိုတင်ကာကွယ် ပေးနိုင်ပါလိမ့်မည်။
- retina ဆိုသည်မှာ မျက်စိ၏ အစိတ်အပိုင်းဖြစ်ပြီး အလင်းကိုခံယူတတ်သော မျက်စိ၏ အနောက်ဘက်ပိုင်းမှ အမြင်လွှာဖြစ်ပါသည်။
အကယ်၍ ၎င်းမျက်စိအာရုံခံလွှာ(retina) ယိုယွင်းပျက်စီးသွားပါက မျက်စိကွယ်ခြင်းကို ဖြစ်စေနိုင်သည်။
- oxidative stress ဆိုသည်မှာ မျက်စိအာရုံခံလွှာ ပျက်စီးမှုကို တိုက်ရိုက်ဆက်နွှယ်နေပြီး အသက်အရွယ် ကြီးရင့်လာခြင်းကြောင့်လည်း မျက်စိအာရုံခံလွှာ ယိုယွင်းမှုကိုဖြစ်လာစေနိုင်သည်။
အထက်ပါစမ်းသပ်ချက်ကို အမေရိကန်ပြည်ထောင်စုရှိ မီနာမီတက္ကသိုလ်မှ ပရော်ဖက်ဆာတစ်ဦး ဖြစ်သူ Abigail Hackam ဆိုသူက စမ်းသပ်ခန်းသုံးကြွက်ဖြူလေးများဖြင့် အစိမ်းရောင်စပျစ်သီးကို သုံးကာ ကမ္ဘာ့ပထမဦးဆုံး လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။ ပရော်ဖက်ဆာက အဆိုပါကြွက်ဖြူလေးများကို အေးခဲထားသော အစိမ်းရောင်စပျစ်သီး အခြောက်မှုန့်ကျွေးခဲ့ရာ အကယ်၍ လူသားများအနေဖြင့် အစိမ်း ရောင်စပျစ်သီး လက်တစ်ဆုပ်စာ ပမာဏခန့်ကို တစ်နေ့ သုံးကြိမ်စားပေးပါက မျက်စိအာရုံခံလွှာကို တိုးတက် ကောင်းမွန်လာစေကြောင်း၊ စပျစ်သီး မကျွေးခဲ့သော ကြွက်တွေမှာ မျက်စိအာရုံခံလွှာ ပျက်စီးခြင်း သို့မဟုတ် ပေါက်ခြင်း သို့မဟုတ် အနာတရဖြစ်ခြင်း သို့မဟုတ် အမြင်ခံလွှာပါးခြင်း စသည်ဖြင့် retina ယိုယွင်းမှု ပြဿနာများ ၄ဝ ရာခိုင်နှုန်းထိ ဖြစ်နိုင်ခြေရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။
ထို့ကြောင့် ပရော်ဖက်ဆာက ''စပျစ်သီး စားကြပါ . . .မျက်စိကျန်းမာရေး အတွက်ဆိုရင် အစိမ်းရောင်စပျစ်သီးက အံ့သြစရာကောင်းလောက်အောင် ကောင်းကျိုး များလွန်းပါတယ် ''ဟု The Journal Nutrition မှာ ယခုလို အကျယ်တဝင့် ဖော်ပြခဲ့သည်။ ထို့ပြင် အစိမ်းရောင်စပျစ်သီးထဲတွင် ဗီတာမင်စီ၊ ဗီတာမင်ကေနှင့် ဘီတာကယ်ရိုတင်း ဓာတ်များလည်း ပြည့်ဝစွာပါရှိနေကြသဖြင့် ခန္ဓာကိုယ်တွင်းရှိ ဆဲများကို ဖျက်ဆီးပစ်နိုင်သော free radicals များ၏ အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်သည်။
အစိမ်းရောင်စပျစ်သီး အပါအဝင် ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ပန်းသီး စသည့်သစ်သီးများထဲမှာ resveratrol (ခေါ်) ဓာတ်ပေါင်းစုတစ်မျိုး ပါရှိနေပြီး ၎င်းဓာတ်ပေါင်းစုက ခန္ဓာကိုယ်ထဲရှိ အဖြူရောင်အဆီခဲတွေကို ဝါညိုရောင်အဆီအဖြစ် ပြောင်းလဲပစ်ကာ ထိုဝါညိုရောင် အဆီများက ကယ်လိုရီများ လောင်မြိုက်စေနိုင်ကြောင်းကိုလည်း ပရော်ဖက်ဆာ Abigail Hackam က ဖော်ထုတ်တွေ့ရှိခဲ့သည်။
ဆက်လက်၍ အစိမ်းရောင်စပျစ်သီးနှင့် ပတ်သက်၍ Washington State University မှ သိပ္ပံပညာရှင်များ၏ လေ့လာဆန်းစစ်မှုတွင် ကိုယ်အလေး ချိန်တက်ခြင်းမှ ကာကွယ်ပေးနိုင်သည်ဟု အတည်ပြုထားကြသည်။ ၎င်းနိုင်ငံတွင် ခရမ်းရင့်ရောင်၊ အစိမ်းရောင်၊ အနီရောင်၊ ပန်းရောင် စသည်ဖြင့် စပျစ်သီးရောင်စုံရှိကြရာ ၎င်းတို့အနက် ခရမ်းရင့်ရောင်စပျစ်သီးက နှလုံးရောဂါ၊ ကင်ဆာအမျိုးမျိုးနှင့် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြို ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
မျက်မှောက်ကာလမှာလည်း နိုင်ငံတကာ ကျန်းမာရေး သုတေသနပညာရှင်များက အစိမ်းရောင်စပျစ်သီးနှင့် ပတ်သက်၍ ရုက္ခမူလဆေးစွမ်း အာနိသင်များကို ဆက်လက်လေ့လာခဲ့ကြရာ အောက်ပါအတိုင်း ကျန်းမာရေးအကျိုးကျေးဇူးများစွာကို အတည်ပြုနိုင်ခဲ့ကြသည်။
-အစိမ်းရောင်ခြယ်စပျစ်သီးသည် အခြားသော သစ်သီးဝလံများကဲ့သို့ပင် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါရှိနေသည်။ အထူးသဖြင့် ဗီတာမင်စီနှင့် ဗီတာမင်ကေ မြင့်မားစွာပါရှိနေကြပြီး ဗီတာမင်ဘီ-၆၊ မဂ္ဂနီဆီယမ်တို့လည်း လုံလောက်စွာ ပါရှိနေကြသည်။ လူကြီးလက်တစ်ဆုပ်စာ ပမာဏရှိသော စိမ်းရောင်ခြယ် စပျစ်သီးထဲတွင် ကယ်လိုရီ ၅၂၊ ဆိုဒီယမ် ၂ မီလီဂရမ်၊ ကာဗို ဟိုက်ဒရိတ် ၁၄ ဂရမ်၊ အမျှင်ဓာတ် ၁ ဂရမ်၊ သဘာဝသကြားဓာတ် ၁၂ ဂရမ်၊ ပရိုတင်း ၁ ဂရမ်တို့ အသီးသီး ပါရှိနေကြသည်။ လူကို ဘေးဖြစ်စေတတ်သော အဆီနှင့် ကိုလက်စထရော လုံးဝမပါရှိပေ။
-သွေးတွင်းကိုလက်စထရောများ ကျဆင်းစေပြီး နှလုံးကျန်းမာစေရန် အကောင်းဆုံး ထောက်ပံ့ပေးနိုင်သည်။ ထို့ပြင် စပျစ်သီး အစိမ်းရောင်က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးထံသို့သွေး စီးဆင်းရောက်ရှိမှုကို ကောင်းမွန်စေသည်။ နှလုံးသွေးကြောကျဉ်း အပါအဝင်နှလုံး ရောဂါအမျိုးမျိုးတို့မှ ကာကွယ်ပေးနိုင်သည်။
-အစိမ်းရောင်စပျစ်သီးတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးတွင်း မကောင်းသော LDL ကိုလက်စထရောတွေကို စုပ်ယူပေးပြီး ကောင်းသော HDL ကိုလက်စထရော ပမာဏကို တိုးမြင့်စေနိုင်ပါသည်။
-အစိမ်းရောင်စပျစ်သီးထဲတွင် ပိုတက်ဆီယမ် ကြွယ်ဝစွာပါရှိနေသည်။ ပိုတက်ဆီယမ်၏ သဘောသဘာဝက လူသားတို့၏ သွေးစီးကြောင်းထဲရှိ ဆိုဒီယမ်ကို တိုက်ထုတ်ပေးကာ သွေးဖိအားကို မျှတစေသည့်အတွက် သွေးတိုးရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်ပေးနိုင်သည်။
-ကင်ဆာရောဂါများမှ ကာကွယ်ပေးနိုင်သည်။
အထူးသဖြင့် အစိမ်းရာင်စပျစ်သီး အခွံက ရောင်ရမ်းမှုကို သက်သာစေနိုင်သည့် အာနိသင်များ ပါဝင်နေကာ ဓာတ်တိုးဆန့်ကျင် အာနိသင်များလည်း ပါရှိနေ၍ မျက်စိကင်ဆာ၊ ရင်သားကင်ဆာနှင့် အူမကြီး ကင်ဆာမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်သည်။
-ကယ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ မီးစုန်း၊ ဗီတာမင်ကေ နှင့် အခြားအရေးပါသော သတ္တုဓာတ်များလည်း ပါရှိနေကြ၍ ၎င်းဓာတ်များက အရိုးများ သန်မာစေရန်အတွက် ကောင်းစွာထောက်ပံ့ပေးနိုင်သည်။
-အစိမ်းရောင်စပျစ်သီးတွင် အဆီနှင့် ကိုလက်စထရော လုံးဝမပါရှိသဖြင့် ၎င်းကိုစားခြင်းဖြင့် ကိုယ်အလေးချိန် Weight မတက်စေဘဲကိုယ်တွင်းက အဆီပိုတွေကို ကျဆင်းစေသည်။
ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းလိုသူများက စိမ်းရောင်ခြယ်စပျစ်သီးကို မကြာမကြာစားပေးသင့်သည်။
-ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ မဂ္ဂနီဆီယမ်နှင့် အခြားသော အာဟာရဓာတ်များ ပါဝင်နေကြသဖြင့် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သည်။
-ဆေးဝါး၊ အရက်၊ ကဖင်း၊ ဓာတုဆိုးဆေး စသည်တို့ကြောင့် အသည်းထိခိုက် ပျက်စီးမှုများကို အစိမ်းရောင်စပျစ်သီး စားသုံးပေးခြင်းဖြင့် အသည်းကျန်းမာစေနိုင်သည်။
-အထက်ပါ ကျန်းမာရေး အကျိုးကျေးဇူးများအပြင် အစိမ်းရောင်စပျစ်သီးက ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေခြင်း၊ ဝမ်းမှန်စေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ အိပ်ပျော်စေခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် အကောင်းအဆိုး ဒွန်တွဲနေသော လောကဓမ္မတာရှိသော်လည်း အစိမ်းရောင် စပျစ်သီး(စိမ်းရောင်ခြယ် စပျစ်သီး)က လူသားတို့ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး လုံးဝမဖြစ်စေဘဲ ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ထောက်ပံ့ပေးနိုင်သည်။ ဂြိုဟ်တုခေတ်မှာ အရွယ်သုံးပါးအားလုံးနီးပါး အွန်လိုင်းအပါအဝင် အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းများဖြင့် အကျွမ်းတဝင်ရှိနေခြင်းက ကျန်းမာရေး ရှုထောင့်အရ ဘေးထွက်ဆိုးကျိုး အလွန်များပါသည်။ အထူးသဖြင့် မျက်စိအာရုံခံလွှာ(retina)ကို ထိခိုက်စေနိုင်ပါလိမ့်မည်။ သို့ပါ၍ မျက်စိကွယ်ခြင်းကို လျှော့ချပေးနိုင်သည့် စိမ်းရောင် ခြယ်စပျစ်သီးများကို အလေ့အကျင့်ကောင်း တစ်ခုပြုလုပ်ကာ နေ့စဉ်သုံး အစားအစာအဖြစ် စားသုံးကြစေလိုကြောင်း တိုက်တွန်း လိုက်ရပါသည်။ ။