အာဖဂန်နစ္စတန် ပြန်လည် တည်ဆောက်ရေးတွင် အဓိက အရေးပါသည့် ကဏ္ဍမှ ပါဝင်လာနိုင်သည့် အိန္ဒိယ
အိန္ဒိယနိုင်ငံသည် အာဖဂန်နစ္စတန်သို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ယင်းနိုင်ငံသို့ ဂျုံတန်ချိန် ငါးသောင်းကို ပထမအသုတ်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်က ပေးပို့လိုက်ပြီဖြစ်သည်။အိန္ဒိယနိုင်ငံသည် အဆိုပါ လူသားချင်း စာနာသည့် အကူအညီများကို အာဖဂန်နစ္စတန်သို့ ပါကစ္စတန်မှ တစ်ဆင့် ပေးပို့ ခြင်းဖြစ်သည်။
အဆိုပါ အကူအညီပေးရေး ပစ္စည်း သို့မဟုတ် ဂျုံများကို အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့သို့ ပေးအပ်ကာ နန်ဂါဟာပြည်နယ်ရှိ ပဉ္စမ မြောက် လူဦးရေ အထူထပ်ဆုံးသော ဂျာလာလာဘတ်မြို့သို့ ဖြန့်ဝေပေးရန် စီစဉ် ထားသည်။
အာဖဂန်နစ္စတန်၌ ပြီးခဲ့သည့်နှစ် အတွင်း တာလီဘန်စစ်သွေးကြွ အဖွဲ့ကနိုင်ငံကို ပြန်လည်သိမ်းပိုက် ပြီးချိန်မှစ၍ အာဖဂန်နစ္စတန်ပိုင် ဘီလီယံနှင့်ချီသည့် ရန်ပုံငွေများကို အမေရိကန်က ထိန်းချုပ်ခဲ့သည်။ အမေရိကန်၏ အဆိုပါထိန်းချုပ်မှုများသည် အာဖဂန်နစ္စတန်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အခက်အခဲများကို ဖြစ် ပေါ်စေခဲ့သည်။
အကြောင်းမှာ အာဖဂန်နစ္စတန်သည် စစ်ပွဲဒဏ်ကို နှစ်ပေါင်းများစွာကြာ ရင်ဆိုင် တွေ့ကြုံခဲ့ရသည့် နိုင်ငံဖြစ်သောကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ် ဆောင်နိုင်ရေး အတွက် ငွေကြေးလိုအပ်လျက်ရှိသည်။ သို့သော် လိုအပ်နေသည့် ငွေကြေးများကို အမေရိကန်က ထိန်းချုပ်ထားခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ် ခဲ့ရသည်။ ယင်းအကျိုးဆက်ကြောင့်ပင် အာဖဂန်နစ္စတန်ရှိ လူဦးရေ စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းခန့်မှာ အစားအစာ လုံလောက်မှုမရှိသည့်အပြင် သန်းပေါင်း များစွာသော ကလေးသူငယ်များမှာလည်း အစားအစာ ပြတ်လပ်မှုကြောင့် အာဟာရ ပြတ်လပ်မှုများနှင့် တွေ့ကြုံနေရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က သတိပေးထား သည်။
အိန္ဒိယအစိုးရသည် စစ်ဘေးသင့် အာဖဂန်နစ္စတန်သို့ အကူအညီများပေးအပ် နိုင်ရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အိန္ဒိယအစိုးရ အဖွဲ့မှ အရာရှိ များနှင့် တာလီဘန်အဖွဲ့မှ ကိုယ်စားလှယ် များကြား ရုရှားနိုင်ငံ မော်စကိုမြို့၌ ယင်းနှစ် အောက်တိုဘာ ၂ဝ ရက်က ကျင်းပသည့် ဆွေးနွေးပွဲ တစ်ရပ်၏ ဘေးပန်းဆွေးနွေးပွဲ၌ အကူအညီပေးမည့် အစီအစဉ်ကို တရား ဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်သို့ အကူအညီများပေးအပ်နိုင်ရေး အတွက် အိန္ဒိယအစိုးရသည် အိမ်နီးချင်း ပါကစ္စတန်အစိုးရကို လမ်းကြောင်း အသုံးပြု ခွင့်ပေးရန် တောင်းဆိုခဲ့ရပြီး အိန္ဒိယ၏ တောင်းဆိုချက်ကို ပါကစ္စတန်က လူသား ချင်းစာနာမှုဆိုင်ရာ အခြေအနေများပေါ် အခြေခံ၍ သဘောတူညီခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန်သို့ အကူအညီများ ပေးအပ် နိုင်ခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ နျူကလီးယား လက်နက်ပိုင်နိုင်ငံကြီးများဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဂျမူးနှင့် ကက်ရှ်မီးယား အငြင်းပွားမှုကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကို ၂ဝ၁၉ ခုနှစ် ကတည်းက ရပ်ဆိုင်းထားခြင်းဖြစ်ပြီး နယ်စပ်ဖြတ်ကျော်မှုများကိုလည်း တားမြစ် ထားသောကြောင့်ပင်ဖြစ်သည်။
အာဖဂန်နစ္စတန်၌ အစားအစာ ရှားပါးမှုဖြစ်ပေါ်စေခြင်း၏ အဓိကတရားခံမှာ အနောက်နိုင်ငံများ ဖြစ်သည်ဟု နိုင်ငံတကာကြက်ခြေနီ အဖွဲ့ကြီးက စွပ်စွဲပြောဆို ထားသည်။ စစ်ပွဲဒဏ်ကြောင့် ချည့်နဲ့လျက်ရှိသော်လည်း အနောက်နိုင်ငံများက ယင်းနိုင်ငံအတွင်း အစားအစာပြတ်လပ်စေရန် မူဝါဒချမှတ်၍ လုပ်ဆောင်နေ ကြောင်း နိုင်ငံတကာကြက်ခြေနီ အဖွဲ့ကြီး၏ အမှုဆောင် ညွှန်ကြားရေးမှူး ဒေးဗစ်မီလီ ဘန်က ပြောကြားထားခြင်းဖြစ်သည်။ လက်ရှိ အာဖဂန်နစ္စတန်၌ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အတွက် ဒေါ်လာ ၈ ဘီလီယံ လိုအပ်နေပြီး လာမည့်နှစ်များအတွင်း လိုအပ်ချက်မှာ ပိုမိုမြင့်တက်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားထားသည်။ ထို့ကြောင့် အာဖဂန်နစ္စတန်၏ အခြေအနေမှာ အလွန်ဆိုးရွားသည်ဟု ဆိုနိုင်သည်။
လက်ရှိတွင် အာဖဂန်နစ္စတန်အရေး လှုပ်ရှားသူများသည် အာဖဂန်နစ္စတန်၌ ဖြစ်ပွားနေသည့် လူသားချင်း စာနာမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရေးနှင့် အာဖဂန်နစ္စတန်၏ စီးပွားရေး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကူအညီ ပေးကြရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် တခြားအနောက် နိုင်ငံများကို စည်းရုံးလျက်ရှိသည်။ ထို့ပြင် အမေရိကန်နှင့် အနောက်နိုင်ငံကြီးများ၏
လုပ်ဆောင်ချက်များသည် လက်ရှိအာဖဂန် နစ္စတန်၌ အုပ်ချုပ်နေသည့် တာလီဘန် အစိုးရအဖွဲ့ကို ထိခိုက်စေခြင်းမရှိဘဲ ပြည်သူများ၏ အခြေအနေများကိုသာ ပိုမို ဆိုးရွားစေလျက်ရှိသည်ဟု ၎င်းတို့က ထောက်ပြထားသည်။
အကြောင်းမှာ အမေရိကန်နှင့် အနောက်နိုင်ငံများသည် တာလီဘန်စစ် သွေးကြွအဖွဲ့က အာဖဂန်နစ္စတန်ကို ပြန်လည်ထိန်းချုပ်ပြီးချိန်မှစ၍ တားဆီးပိတ်ပင် မှုများကို လုပ်ဆောင်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်များတွင် နိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် အသုံးပြုနိုင်သည့် အာဖဂန်နစ္စတန်ပိုင် ငွေကြေးများကို ထိန်းချုပ်ခြင်း၊ အာဖဂန် နစ္စတန်သို့ပေးအပ်နေသည့် အကူအညီ ပေးရေး အစီအစဉ်များကို ဆိုင်းငံ့ထားခြင်း တို့ပါဝင်ရာ အာဖဂန်နစ္စတန် ပြည်သူသန်း ပေါင်းများစွာမှာ ဒုက္ခဆင်းရဲနှင့် တွေ့ကြုံ နေရခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးနှင့် အကူအညီ ပေးရေးတို့တွင် တက်ကြွစွာ ပါဝင်လျက်ရှိပြီး အခက်အခဲများစွာ ရှိလင့်ကစား အာဖဂန် နစ္စတန်သို့ အသက်ကယ်ဆေးဝါး ၁၃ တန် အပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို ပေးအပ်ခဲ့ပြီးဖြစ်သည်။
အာဖဂန်နစ္စတန်သို့ ပေးအပ်ခဲ့သည့် အသက်ကယ်ဆေးဝါးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ငါးသိန်းခန့်နှင့် ဆောင်းရာသီသုံး အသုံးအဆောင်ပစ္စည်း များ ပါဝင်သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ကျင်းပသည့် G-20 အစည်းအဝေးတွင်လည်း အာဖဂန်နစ္စတန်သို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို အတားအဆီးမရှိ ပေးအပ်နိုင်ရေးအတွက် ဝန်ကြီးချုပ် နာရန် ဒရာမိုဒီက ထောက်ခံပြောကြားခဲ့သည်။
အချုပ်အားဖြင့် ဆိုရပါမူ အာဖဂန်နစ္စတန်သည် လက်ရှိတွင် အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် နိုင်ငံအတွင်းသို့ ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ထို့ပြင် ပိတ်ဆို့မှုများသည် အာဖဂန် နစ္စတန်အတွင်း ငွေပေါ်လွယ်မှုကို ဆိုးရွား စွာထိခိုက်စေခဲ့သောကြောင့် နိုင်ငံအတွင်း သို့ တင်သွင်းလာမည့် ကုန်ပစ္စည်းများအတွက် ကုန်ကျငွေများ ပေးချေရန် မည် သည့်နိုင်ငံကမျှ ငွေကြေးချေးငှားမည့် အလားအလာမရှိပေ။ အဆိုပါအကြောင်း ရင်းများသည် အာဖဂန်နစ္စတန်၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေသည့် အချက်များဖြစ်လာ သည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံသည် ကာလ ရှည်ကြာ စစ်ဘေးသင့်ခဲ့ရသည့် အာဖဂန် နစ္စတန်သို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးအပ်ခြင်းဖြင့် အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်နာလန်ထူရေး ဆောင် ရွက်ချက်များတွင် တခြားဒေသတွင်း အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ် နှင့် အီရန်တို့နည်းတူ အဓိကအရေးပါသည့် ကဏ္ဍမှ ပါဝင်လာနိုင်ဖွယ် ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း