နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စိန်ရတုပြည်ထောင်စုနေ့မတိုင်မီအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသခရီးစဉ် ၁၇ ခုသွားရောက်ခဲ့ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်အနာဂတ်အတွက် အစီအမံများကို လမ်းညွှန်မှုပြုခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို သိုက်သိုက်ဝန်းဝန်းဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ပြီးသည်နှင့် ရှမ်းပြည်နယ်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ် မိုင်းပျဉ်းတပ်နယ်နှင့်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဖေဖော်ဝါရီ ၁၇ ရက်တွင် သီးခြားစီသွားရောက် တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင် ထိန်းသိမ်းစောင့်ရှောက်နေသည့်၊ နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက် ပေးနေသည့် ထိန်းသိမ်းဆောင်ရွက်ပေးသူ (Guardian) အဖြစ် စိတ်ဓာတ်ခံယူ၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မလွှဲသာမရှောင်သာသော အခြေအနေများအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ရမှုတို့ကို လက်ခံနိုင်ခြင်း မရှိသူများအနေဖြင့် သွေးထိုးလှုံ့ဆော်မှုများ ရှိနေပြီး တပ်မတော်နှင့်ပြည်သူကို သွေးကွဲအောင် လုပ်ဆောင်လျက်ရှိသည်။ တပ်မတော်သည် စတင်ဖွဲ့စည်းချိန်မှစ၍ ယခုအချိန်အထိ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည့်၊ အစဉ်အလာနှင့် ဂုဏ်သိက္ခာရှိသည့်တပ်မတော် ဖြစ်သည်။ တပ်မတော်သားတို့သည် နိုင်ငံတော်ကိုကာကွယ်ရန် မိမိဆန္ဒနှင့်အညီ တပ်မတော်သို့ ဝင်ရောက်လာသူများ ဖြစ်သည့်အပြင် ယုံကြည်ချက် ခံယူချက်မှန်ကန်သူများ ဖြစ်သည့်အတွက် တပ်မတော်နှင့်ပြည်သူသွေးကွဲရန် ပြောဆိုနေမှုများကို တပ်မတော်သားတိုင်းက လက်ခံမည် မဟုတ်ပါ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေး လုပ်ဆောင်လျက်ရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် စိန်ရတုပြည်ထောင်စုနေ့ မတိုင်မီက NCA လက်မှတ်ရေးထိုးထားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော အဖွဲ့များနှင့် ကိုးကြိမ်၊ နိုင်ငံရေးပါတီများနှင့် ခုနစ်ကြိမ်၊ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် နှစ်ကြိမ် စုစုပေါင်း ၃၄ ကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ တပ်မတော် အနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးထားသည်။
ထို့ပြင် ပြည်သူများလိုလားသော စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစေချင်သည်။
နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို တည်ငြိမ်အေးချမ်းမှု ရစေချင်သည်။ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက် ပေးနေသည့် ထိန်းသိမ်းဆောင်ရွက်ပေးသူ(Guardian)အဖြစ် စိတ်ဓာတ်ခံယူ၍ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်လျက် ရှိသည့်အပြင် လိုက်လျောမှုအဖြစ် ကြိုတင်ကန့်သတ်ချက် မထားဘဲ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရန် ခွင့်ပြုထားသည်။ Guardian ဟူသောစကားလုံး၏ အဓိပ္ပာယ်ကို လေ့လာကြည့်သောအခါ ကာကွယ်သူ၊ စောင့်ရှောက်ထိန်းသိမ်းသူဟူ၍ အကြမ်းဖျင်းသိနိုင်သည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် တပ်မတော်သည် လွတ်လပ်ရေး ရရှိအောင်ဦးဆောင် တိုက်ပွဲဝင်ခဲ့ရသလို ရရှိလာသော လွတ်လပ်ရေး တည်မြဲအောင် ကာကွယ်နေရသည်။ ပြည်သူလူထုတွင် ဘေးအန္တရာယ်နှင့် ကြုံလာလေတိုင်း အချိန်နှင့်တစ်ပြေးညီ စောင့်ရှောက်ပေးရသည်။ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စိတ်စေတနာပြည့်ဝစွာဖြင့် ဆောင်ရွက်ပေးလျက် ရှိသည်မှာ ဒေသခံပြည်သူများအသိ ဖြစ်သည်။ ဝေးလံခေါင်ဖျားသော ဒေသများတွင် ဆရာဝန်လိုအပ်ချက်ကို တပ်မတော်သားဆရာဝန်တို့က တာဝန်ယူပေးသည်မှာလည်း ထင်ရှားသော လုပ်ဆောင်ချက် ဖြစ်ပါသည်။
နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောလိုတာကတော့-နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အစွမ်းကုန်ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ နိုင်ငံတော်ထာဝရ အဓွန့်ရှည်တည်တံ့ရေးနဲ့ နိုင်ငံသားများနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်များဟာ ကျွန်တော်တို့ တပ်မတော်အတွက် အကြီးမားဆုံးတာဝန်ဖြစ်ကြောင်း ခံယူထားပါတယ်။ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို အာမခံပါတယ် ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့်နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားချက်များမှာ နိုင်ငံနှင့်ပြည်သူအပေါ် ထားရှိသော Guardian စိတ်ဓာတ်ဖြစ်ပါတော့သည်။ ။