ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်း ကျဆင်းနေသဖြင့် တောင်သူတချို့ သိုလှောင်ရန်ပြင်ဆင်
ပြည်တွင်း၌ ခရမ်းချဉ်သီးများ လှိုင်လှိုင် ပေါ်ချိန်တွင် ဈေးနှုန်း ကျဆင်းနေသဖြင့် တောင်သူတချို့က သိုလှောင်ရန် ပြင်ဆင်လျက်ရှိကြောင်း ခရမ်းချဉ်သီး စိုက်ပျိုးသူ များ၏ ပြောပြချက်အရ သိရသည်။
ခရမ်းချဉ်သီး စတင်ထွက်ပေါ်ချိန်က တစ်ပိဿာလျှင် ငွေကျပ် ၁၇ဝဝ မှ ၂ဝဝဝ ဝန်းကျင်အထိ ဈေးနှုန်းရရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝ မှ ၂ဝဝ ဝန်းကျင်သာ ရှိတော့သည့်အတွက် တောင်သူတချို့က သိုလှောင်ရန်ပြင်ဆင် လာခြင်းဖြစ်ကြောင်း သိရသည်။
''အခုက တစ်ပိဿာကို ငွေကျပ် ၂ဝဝ ဆိုရင်တောင် ဝယ်သူမရှိဖြစ်နေတယ်။ ဒါကြောင့် တောင်သူတချို့က အထားခံ အောင် သိမ်းဆည်း သိုလှောင်ပြီး ဈေးခဏ စောင့်တာတွေရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အပင်လိုက် အထုံးလေးတွေ ထုံးပြီး အိမ်ထဲကဝါးတန်းတွေမှာ ဆွဲထား ကြတာ နှစ်ချီခံတယ်။ တချို့ဒေသတွေမှာ လည်း ကျင်းတူး သဲခင်းပြီး ခရမ်းချဉ်သီးကို တစ်လွှာချင်းဖြန့်ပြီးတော့ ထားကြတာတွေ ရှိတယ်။ အသီးကောင်း၊ ပိုးမထိုး၊ အနာ အပုပ်မပါတဲ့အသီးတွေကိုပဲ ရွေးပြီးတော့ အသုံးပြုမှရမှာပါ'' ဟု မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်မှ ခရမ်းချဉ်သီး စိုက်ပျိုး သူ ဦးမြင့်ဌေး ကပြောသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှစ်လွှာခန့် အထိ ထားသို သိမ်းဆည်းနိုင်ပြီး အသုံးပြုမည့်သဲမှာ ခြောက်သွေ့ သန့်ရှင်းရမည် ဖြစ်ကာ ထည့်သိမ်းမည့် အသီးများမှာလည်း လတ်ဆတ်ရမည်ဖြစ်ကြောင်း၊ တချို့ဒေသများ၌ အသီးစိမ်းအရင့်များကို ဆွတ်ခူးပြီး အရိပ်ကောင်းစွာ ရရှိသည့်နေရာ၌ ဖြန့်ခင်း ထားကြောင်း သိရသည်။
''ခရမ်းချဉ်သီးက နှစ်တိုင်း ဈေးကောင်း ရရှိတာနည်းပါတယ်။ ဒီနှစ်ကတော့ ပေါ်ဦး ပေါ်စအချိန်မှာ ဈေးကောင်းရတော့ ရှေ့ ပိုင်းမီတဲ့သူတွေ အဆင်ပြေတယ်။ အခု ဈေးကျနေပေမယ့် ရောင်းသူလည်းဆက် ရောင်းနေတာပဲ။ တချို့လည်း လှောင်ကြ တယ်။ လှောင်ပုံလှောင်နည်းပေါ်မူတည်ပြီး တချို့လည်း နှစ်လကနေ သုံးလအထိခံ တယ်။ ကဆုန်လလောက်ဆို ဈေးပြန်ကောင်းတတ်တော့ အဲဒီအချိန်တွေမှာ ထုတ်ရောင်းကြပါတယ်'' ဟု ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ ခရမ်းချဉ်သီး စိုက်ပျိုးသူ ဦးကျော်မိုး ကပြောသည်။
ထို့ပြင် ခရမ်းချဉ်သီး ပေါများစွာ ထွက်ရှိပြီး ဈေးနှုန်းကျဆင်းချိန်တွင် ဝယ်ယူ၍ အချဉ်သိပ်ထားပါက တစ်နှစ်ပတ်လုံး စားသုံးနိုင်သည့်အပြင် ခရမ်းချဉ်သီးဆော့၊ ခရမ်းချဉ်သီး ယိုများအဖြစ်လည်း အသုံးပြု နိုင်ကြောင်း သိရသည်။