ဆယ်စုနှစ် တစ်ခုကျော်ရှိလာသည့် မြန်မာ့ဘောလုံးလောက၏ အဆင့်မြင့်ဆုံး ပရော်ဖက်ရှင်နယ်အဆင့် လိဂ်ပြိုင်ပွဲသည် COVID-19 ရောဂါကြောင့် ယခုရာသီ ပြီးဆုံးအောင် ကျင်းပနိုင်ရန် အခက်အခဲ နှင့်စိန်ခေါ်မှုများ ကြုံနေရပြီ ဖြစ်သည်။
COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ မတ်လက စတင်ရပ်နားခဲ့ရသည်။ နိုင်ငံတချို့ရှိ ပြည်တွင်းလိဂ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပနိုင်ခြင်း မရှိဘဲ ရပ်နားခဲ့ ရသကဲ့သို့ ရာသီကုန်အထိ ပြီးမြောက်အောင် ကျင်းပဆဲ၊ ကျင်းပနိုင်သည့် ပြိုင်ပွဲများလည်း ရှိသည်။
ဇူလိုင်လအတွင်း အာဆီယံနိုင်ငံများ ဖြစ်သည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့၌ လိဂ်ပြိုင်ပွဲများ ပြန်လည် စတင်နိုင်ခဲ့သည်။ သို့သော် ဗီယက်နမ်နိုင်ငံ၌လည်း ဇူလိုင်နောက်ဆုံးပတ်က COVID-19 ရောဂါကူးစက်ခံရသူ ပြန်လည်တွေ့ရှိခဲ့သည့်အတွက် လိဂ်ပြိုင်ပွဲများကို ပြန်လည် ရပ်ဆိုင်းထားရသည်။
မြန်မာနိုင်ငံ၌လည်း သြဂုတ်ပထမပတ်အထိ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုမိန့် မရရှိသေးပေ။
မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပသည့် ဘောလုံးပြိုင်ပွဲများကို မတ်လက စတင်ရပ်ဆိုင်းခဲ့ကာ လေးလကျော်ကြာမြင့်ပြီ ဖြစ်သော်လည်း ပြန်လည် စတင်နိုင်မည့်ရက်ကို တိတိကျကျထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပရန် ပြင်ဆင်ထားမှုများကို ဇူလိုင် ၁၃ ရက်က လာရောက်စစ်ဆေးခဲ့ပြီး ဖြစ်သော်လည်း ဇူလိုင်လကုန်အထိ လိဂ်ပြန်လည်ကျင်းပရန် တရားဝင်ခွင့်ပြုမိန့် မရရှိသေးသည့်အတွက် အခက်ကြုံနေရကြောင်း မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောသည်။
“ဝန်ကြီးဌာနက အတိအကျညွှန်ကြားချက်၊ ခွင့်ပြုချက်ပြန်မလာသေးတော့ အခက်အခဲပြဿနာတွေ အများကြီး ရင်ဆိုင်နေရတယ်။ ပွဲစဉ်ဇယားကို ပြောင်းဆွဲရတာလည်း လေးကြိမ်လောက်ဖြစ်နေပြီ။ စပွန်ဆာကုမ္ပဏီတွေကလည်း ဒီနှစ်ကျင်းပတာ နောက်ကျပြီး ရန်ကုန်မှာပဲ ကွင်းပိတ်ကျင်းပမှာဖြစ်လို့ ၃၅ ရာခိုင်နှုန်းလောက် လျှော့ချင်နေတာ၊ ဒီရာသီလက်ကျန်ပွဲတွေ လုံးဝမကျင်းပဖြစ်တော့ရင် ဒီထက်ပိုဆိုးပြီး နောက်နှစ်တွေမှာ စပွန်ဆာတွေကွယ်ပျောက် သွားနိုင်တယ်။ ပြိုင်ပွဲကျင်းပမယ့်ရက် နောက်ဆုတ်လေ ထောင်ချီရှိတဲ့ကစားသမား၊ နည်းပြ၊ အသင်းတာဝန်ရှိသူ
တွေ ပိုအခက်တွေ့လေဖြစ်နေတယ်”ဟု ဦးစိုးမိုးကျော်ကပြောသည်။
ယခုနှစ် မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲ တွင် အသင်း ၁၂ သင်းပါဝင်ပြီး အသင်းကိုးသင်းက အိမ်ကွင်းလက်ခံကျင်းပခဲ့ သည်။ ဃဥဠှီု-၁၉ ရောဂါကြောင့် ရပ်နားခဲ့ရပြီးနောက် ပြန်လည်ကျင်းပမည့်လိဂ် လက်ကျန်ပွဲများကို ပရိသတ်မပါဘဲ ရန်ကုန်မြို့၌သာ ကွင်းပိတ်ကျင်းပရန် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ စီစဉ်ထားခြင်းဖြစ်သည်။
ဇွန်လဒုတိယပတ်ကပြုလုပ်သည့် လိဂ်ကော်မတီ အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ ဖြစ်သည့် ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်းတို့ နုတ်ထွက်လိုကြောင်းတင်ပြခဲ့ရာ လိဂ်ကော်မတီမှ ခွင့်ပြုခဲ့ရသည်။
၂၀၀၉ ခုနှစ်ကစတင်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် အသင်းများ ဖျက်သိမ်းခြင်းမှာ ပထမအကြိမ် မဟုတ်ဘဲ ၂၀၁၆ ခုနှစ်က ဇေယျာရွှေမြေ နှင့်မနောမြေအသင်း၊ ၂၀၁၇ ခုနှစ်က နေပြည်တော်၊ သန်လျင်ယူနိုက်တက်၊ ချင်းယူနိုက်တက်နှင့် စီးတီးရန်ကုန်အသင်း၊ ၂၀၁၈ ခုနှစ်က ဖုန်ဂန်နှင့် သြကညအငေည ူငသညျ အသင်း၊ ၂၀၁၉ ခုနှစ်က ဒဂုံ အက်ဖ်စီနှင့် ရွိုင်ရယ်သန်လျင်အသင်းတို့ ဖျက်သိမ်းခဲ့ဖူးသည်။ ၂၀၁၇ ခုနှစ်က ဖျက်သိမ်းခဲ့သည့် ချင်းယူနိုက်တက်အသင်း သည် ၂၀၁၉ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းကာ လိဂ်-၁ သို့ တန်းပြန်တက်နိုင်ခဲ့သော်လည်း တစ်နှစ်ခွဲအကြာတွင် ဒုတိယအကြိမ် ဖျက်သိမ်းခြင်းဖြစ်သည်။
ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများသည် ဝင်ငွေရပ်တည်မှုထက် ကလပ်အသင်းပိုင်ရှင်၏ ငွေကြေးသုံးစွဲမှုပေါ် မူတည်၍ ရပ်တည်နေရခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် COVID-19 ရောဂါက စီးပွားရေးအရ ယိုင်နဲ့နေသည့် မြန်မာနေရှင်နယ်လိဂ်ကို ထိခိုက်မှုပိုမို ပြင်းထန်စေခဲ့သည်။
ယခုနှစ်ဘောလုံးရာသီတွင် ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်း နုတ်ထွက်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို လက်ကျန် ၁၀ သင်းဖြင့် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း လိဂ်ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။ COVID-19 ရောဂါရိုက်ခတ်မှုကြောင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းနှစ်သင်း နုတ်ထွက်သွားပြီး ထပ်မံနုတ်ထွက်နိုင်သည့် အသင်းများ ထွက်ပေါ်မလာနိုင်ဟု မည်သူမျှ အာမခံချက်ပေးနိုင်မည် မဟုတ်ကြောင်း မြန်မာ့ဘောလုံး လေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်ပြောသည်။
ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ လက်ကျန်ပွဲစဉ်များအတွက် ကလပ်အသင်းအများစုက ဇူလိုင်လဆန်း ပိုင်းမှစတင်ကာ ကျန်းမာရေးညွှန်ကြားချက် နှင့်အညီ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် သြဂုတ် ၃ ရက်အထိ မြန်မာ နေရှင်နယ်လိဂ် ပြန်လည်စတင်နိုင်မည့် ရက်အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးသည့်အတွက် အသင်းတချို့ လေ့ကျင့်မှုများ ပြန်လည်ရပ်နားခဲ့ရသည်။
လိဂ်ကော်မတီသည် ယခုနှစ်မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲကို စက်တင်ဘာလတွင် အပြီးကျင်းပရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြုချက်မရပါက ပြန်လည်စတင်မည့် အချိန်နောက်ကျဖွယ်ရှိပြီး ပြိုင်ပွဲပြီးဆုံးမည့် ကာလလည်း အပြောင်းအလဲ ဖြစ်လာနိုင်သည်။ အကယ်၍ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် စက်တင်ဘာလတွင် မပြီးဆုံးပါက ပြည်ပကစားသမားများကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရမည် ဖြစ်ကြောင်း မြန်မာ နေရှင်နယ်လိဂ်ကလပ် အသင်းတာဝန်ရှိသူ တစ်ဦးကပြောသည်။ လက်ရှိ ၁၀ သင်းအနက် ခြောက်သင်းက ပြည်ပကစားသမားများ ခေါ်ယူ အသုံးပြုနေသည်။
မြန်မာနေရှင်နယ်လိဂ် ပြန်လည် စတင်ပါကလည်း ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ ကျင်းပရန် ပြင်ဆင်ထားကြောင်း လိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ပြိုင်ပွဲဝင်ကလပ် အသင်းများနှင့် ဒိုင်လူကြီးများသည် COVID-19 ရောဂါ ပိုး ရှိ၊ မရှိ ကြိုတင်စစ်ဆေးရမည်ဖြစ်ကြောင်း လိဂ်ကော်မတီမှ ထုတ်ပြန်ထား သည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ အပါအဝင် ပြည်တွင်းရှိ အားကစားပြိုင်ပွဲများ အမြန်ဆုံးပြန်လည် ကျင်းပခွင့်ရရှိရေးမှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အခြေအနေပေါ်တွင်သာ မူတည်မည် ဖြစ်ကြောင်း မြန်မာ့အားကစားလေ့လာ စောင့်ကြည့်သူများက သုံးသပ်ထားကြပေသည်။ ။
ကိုရဲ