သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်ရန် ဟောကြားအပ်သော မြတ်ဗုဒ္ဓ၏ အဆုံးအမဒေသနာတော်ကို သာသနာ ဟုခေါ်ပါသည်။ ထိုသာသနာ၏ အနှစ်သာရကား...သီလ၊ သမာဓိ၊ ပညာများပင်ဖြစ်၏။ သီလ၏အဓိပ္ပာယ်မှာ ပင်ကိုသဘော၊ အလေ့အထ၊ မြင့်မြတ်ကောင်းမွန်သောအကျင့်စသည်တို့သည် သီလသဒ္ဓါ၏ အနက်အဓိပ္ပာယ်များ ဖြစ်ပါသည်။ ကိုယ်ဖြင့်ပြုမှု(ကာယကံ)၊ နှုတ်ဖြင့်ပြုမှု(ဝစီကံ)တို့ကို ဖရိုဖရဲမဖြစ်စေဘဲ ကောင်းစွာထားခြင်း၊ ကောင်းစွာဆောင်ခြင်းကို သီလဆောက်တည်သည်ဟု ခေါ်ကြပါသည်။
သီလမှာ ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်ဖြင့် အမည်အမျိုးမျိုးရှိပါသည်။ လူသားတို့တွင် သီလသည် အထူးခြားဆုံး အဆန်းကြယ်ဆုံး အဆင်တန်ဆာဖြစ်ပေသည်။ အမွှေးပျံ့ဆုံးရနံ့ထူးလည်း ဖြစ်သည်။ စန္ဒကူးပန်း၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မိုးစွေ(မြတ်လေး) ပန်းတို့၏ မွှေးရနံ့ထက် သီလမွှေးရနံ့ကသာ အမွှေးပျံ့ဆုံး ဖြစ်သည်။ ထိုပန်းတို့၏ မွှေးရနံ့သည် အနည်းငယ်မျှသာ ဖြစ်သည်။ သီလရှိသူတို့၏ ကျော်စောသင်းပျံ့မွှေး ရနံ့ကား နတ်ပြည်တို့၌ပင် အလွန်အကဲ ပျံ့နှံ့မွှေးကြိုင်လှပါသည်။ သီလဖြင့် တန်ဆာဆင်ထားသော သူသည် တန်ဆာဆင်နည်း အမျိုးမျိုးတို့တွင် အထူးခြားအဆန်းကြယ်ဆုံး တန်ဆာဆင်နည်းဖြစ်သည်။
သီလကိုစောင့်ထိန်းက ကောင်းသောအကျိုးတရားကို ခံစားကြရမည် ဖြစ်ပေသည်။ ယင်းကောင်းကျိုးများမှာ မမေ့မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကိုရရှိခြင်း၊ ကောင်းသောကျော်စော သတင်းပျံ့နှံ့ထွက်ခြင်း၊ ပရိသတ်အလယ်သို့ မကြောက်မရွံ့ မျက်နှာမညှိုးမငယ်ချဉ်းကပ်ရခြင်း၊ မတွေမဝေသေရခြင်း၊ အချိန်တန်၍ သေပြီးနောက် နတ်ပြည်ရောက်ရခြင်း စသောအကျိုးတရားများပင် ဖြစ်သည်။
ထို့ပြင် သီလကိုစောင့်ထိန်းသူသည် သာယာရွှင်လန်းခြင်း၊ ဝမ်းမြောက်ခြင်း၊ နှစ်သက်ခြင်း၊ ကိုယ်စိတ်ငြိမ်းချမ်းခြင်း၊ တည်ကြည်ခြင်း၊ ဟုတ်တိုင်းမှန်ရာကိုသိခြင်း စသောကောင်းကျိုးများရရှိပေမည်။ ဟုတ်တိုင်းမှန်ရာကို သိမြင်သောအခါ သံသရာဝဋ်ဒုက္ခကို ငြီးငွေ့ခြင်းတည်းဟူသော အားကောင်းသည့် ဝိပဿနာဉာဏ်ဖြစ်ပေါ်ပါသည်။ ထိုမှတစ်ဆင့် နိဗ္ဗာန်သို့ လျှောက်လှမ်းနိုင်မည် ဖြစ်ပေသည်။ သီလစောင့်ထိန်းခြင်းအတွက် ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးသာမက နိဗ္ဗာန်အထိရောက်စေနိုင်သော ကောင်းကျိုးများကို ရရှိပေလိမ့်မည်။ ထို့ကြောင့် သီလကို ကုသိုလ်အားလုံးတို့၏အစ ဟုဖော်ပြကြခြင်း ဖြစ်သည်။
သာသနာ၏အနှစ်တရားတို့တွင် သမာဓိသည်လည်း တစ်ခုပါဝင်သည်။ သမာဓိဟူသည် တစ်အာရုံတည်း မှာသာ စိတ်ရှိခြင်း၊ တည်ကြည်ခြင်းဖြစ်သည်။ စိတ်ကိုအာရုံအမျိုးမျိုးသို့ မပျံ့လွင့်မပြေးသွားစေဘဲ တစ်အာရုံတည်း မှာသာ ကောင်းစွာထားနိုင်ခြင်းသည် သမာဓိ၏အဓိပ္ပာယ် ဖြစ်သည်။ သမာဓိအလုပ်သည် စိတ်ကူးယဉ် အလုပ်မဟုတ်သလို နှုတ်ဖြင့်ပြောရုံသာ ပြောရသော အလုပ်လည်းမဟုတ်ပေ။ လက်တွေ့အလုပ်သာဖြစ်သည်။
သမထ၊ ဝိပဿနာတစ်မျိုးမျိုးကိုလက်တွေ့ကျင့်ကြံရှုပွားမှသာ စိတ်တည်ငြိမ်ပြီး သမာဓိကိုရရှိနိုင်ကြမည် ဖြစ်သည်။ သမာဓိကိုကြိမ်ဖန်များစွာ ပွားများက မျက်မှောက်ဘဝ၌ချမ်းသာစွာနေရခြင်း၊ ဉာဏ်အမြင်ကိုရခြင်း အစရှိသော အကျိုးများစွာရရှိမည် ဖြစ်သည်။
ပညာဆိုသောစကားမှာ မြန်မာတို့ အသုံးများပြီး နားယဉ်ရင်းနှီးပြီးသား ဖြစ်သည်။ ပညာ၏အဓိပ္ပာယ်မှာ အများအပြား ကျယ်ကျယ်ပြန့်ပြန့်သိခြင်း ဖြစ်သည်။ ကောင်းကောင်းဆိုးဆိုး မည်သည့်အကြောင်းအရာကို မဆို အမှန်အတိုင်း သိရှိခြင်းသည် ပညာ၏အဓိပ္ပာယ် ဖြစ်သည်။ ထိုပညာသည် အလင်းရောင်နှင့်တူပေသည်။ အလင်းရောင်သည် အမှောင်ကိုပယ်ဖျောက်နိုင်သကဲ့သို့ ပညာ(သိခြင်း)သည်လည်း မောဟ(မသိခြင်း)ကို ပယ်ဖျောက်နိုင်ပါသည်။ ထို့ကြောင့်ပင် ပညာနှင့်တူသော အလင်းရောင်မရှိ (ပညာသမာ အာဘာနတ္ထိ)ဟု ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ တိုးတက်ထွန်းကားရေးတွင် ပညာရည်မြင့်မားခြင်း (လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု) သည်လည်း ကဏ္ဍတစ်ခုအဖြစ် ရှေ့ဆုံးမှပါဝင်သည်။ လောက၌ ပညာရှိမှသာလျှင် အမျိုးဘာသာ၊ သာသနာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည်တို့ကို တွင်ကျယ်စွာဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။
လူငယ်တို့၏ဘဝအစ ပထမခြေလှမ်းသည် ပညာရေးလမ်းမပေါ် လျှောက်လှမ်းခြင်း ဖြစ်သည့်အတွက် လူငယ်အားလုံး ကျောင်းတက်နိုင်ရေး အထူးပင်လိုအပ်လှသည်။ ကလေးသူငယ်လူငယ်လူရွယ်များ အောင်မြင်စွာ
ပညာသင်ကြားနိုင်ရန် မိဘ၊ ဆရာအားလုံးပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံ့တာဝန်ကို လက်ဆင့်ကမ်း တာဝန်ယူကြရမည့် သူများသည် အသိပညာရှင်အတတ်ပညာရှင်ကြီးများ ဖြစ်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ပေမည်။ မိမိနိုင်ငံ မိမိလူမျိုးတိုးတက်ရေးလိုလား သူတိုင်းကလည်း အနာဂတ် နိုင်ငံတော်ကို အလှဆင်မည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးကို ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းရမည် ဖြစ်ပေသည်။
ပညာသင်ကြားရေးကို ဖျက်ဆီးရန် ကြံရွယ်နေသူများ အနေဖြင့် မကောင်းမှုကို မပြုဘဲ ကောင်းသောသီလကို ထိန်းလိုက်ပါ။ မိဘပြည်သူများ အနေဖြင့် ကျောင်းသားများကောင်းမွန်စွာ ပညာသင်ကြားရေးကို ဦးတည်သော သမာဓိကို ကိုင်စွဲထားပါ။ ကျောင်းသား၊ ကျောင်းသူများအတွက်ကား ပညာကိုသာ ရှေးရှုဆောင်ရွက်ပါဟူ၍ တိုက်တွန်း ရေးသားလိုက်ရပေသည်။ ။