ကမ္ဘာပေါ်မှာ သားအိမ်ခေါင်းကင်ဆာကြောင့် မရေတွက်နိုင်တဲ့ မိသားစုဝင်တွေ ကြေကွဲဆုံးရှုံးလျက် ရှိပါတယ်။ အာရှအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာသာ ဒုတိယအများဆုံး သေဆုံးရတဲ့ အမျိုးသမီးကင်ဆာ ရောဂါပဲဖြစ်တယ်။
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားရတာက လိင်ဆက်ဆံရာမှ ကြွက်နို့ပိုး(HPV-Human Papillomavirus) ဗိုင်းရပ်ကူးစက်ခံရတာ အဓိက ဖြစ်ပွားပါတယ်။ ၉၅ ရာခိုင်နှုန်းရှိပါတယ်။ အချို့သားအိမ်ခေါင်းကင်ဆာက ခန္ဓာကိုယ်ထဲမှာ ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ဖြစ်တယ်။
သားအိမ်ခေါင်းကင်ဆာက ကြွက်နို့ပိုးကြောင့်ဖြစ်တာများတယ်။ ကြွက်နို့ပိုးဗိုင်းရပ်ဟာ ခန္ဓာကိုယ်ထဲဝင်ဝင်ချင်း ဘာလက္ခဏာမျှမပြဘူး။
ကင်ဆာဖြစ်ပြီးမှ တော်တော်ကြာမှသိရပါတယ်။
ဗိုင်းရပ်ပိုးဖြစ်တာကြောင့် ကိုယ်ခံအားကောင်းရင်သူ့ အလိုလို ပြန်ကောင်းသွားတတ်တယ်။ ပိုးကသိပ်အားကောင်းပြီး သားအိမ်ခေါင်းမှာဆက်ရှိမယ်ဆိုရင် တဖြည်းဖြည်း ကင်ဆာဖြစ်တဲ့ ပြောင်းလဲမှု တွေပြောင်းလဲလာပါတယ်။ ကင်ဆာအကြိုအဆင့်လို့ခေါ်တယ်။ သားအိမ်ခေါင်းကင်ဆာဟာ အကြိုအဆင့်မှာ ကာကွယ်လို့ရပါတယ်။ ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့ ကင်ဆာကာကွယ်ဆေးဟာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာဟာ လိင်မှတစ်ဆင့်ကူးစက်ပြီး ဖြစ်တဲ့ရောဂါ ဖြစ်လို့ အသက်ငယ်ငယ်(သို့) အိမ်ထောင်ဆက်များသူ၊ အသက် ၂၀ အောက်မှာ ကလေးစမွေးဖူးသူ၊ အမျိုးသားက အိမ်ထောင်ဆက်များ(သို့) မြာပွေသူ၊ အမျိုးသားရဲ့ပထမအိမ်ထောင်က သားအိမ်ခေါင်းကင်ဆာရှိခဲ့ရင် ပိုးကအမျိုးသားမှာ ရှိနေလို့ နောက်အိမ်ထောင်ပြုခဲ့ရင် အဆိုပါ အမျိုးသမီးကို ကူးစက်နိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။
ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်ကသားအိမ်ခေါင်းကင်ဆာ ပိုးပွားများစေတယ်။ ပိုး(H Papilloma) ကြိုက်တယ်။ ဆေးလိပ်သောက်တဲ့သူ ကိုယ်တိုင်သောက်တာဖြစ်စေ၊ တစ်ဆင့်ခံအငွေ့ရှူရတာဖြစ်စေ၊ နီကိုတင်းများနေပြီး အဆိုပါနီကိုတင်းက သားအိမ်ခေါင်းဆဲလ်တွေထဲမှာ သွားနေ တတ်တယ်။ ဆေးလိပ်မသောက်တဲ့သူတွေမှာ ဗိုင်းရပ်ကဝင်ပြီးရင် ပြန်ထွက်သွားနိုင်ပေမယ့် ပိုးက နီကိုတင်းကြိုက် တာကြောင့် ဆေးလိပ်သောက်သူတွေမှာ ပြန်မထွက်ဘဲ အချိန်တော်ကြာနေပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတယ်။
ဗိုင်းရပ်ပိုးဝင်သွားပြီဆိုတာနဲ့ သားအိမ်ခေါင်းကင်ဆာ ချက်ချင်းမဖြစ်ပါဘူး။ ကိုယ်ခံအားကောင်းသူတွေ ပိုးကပြန်ထွက်သွားလို့ ဘာမှမဖြစ်နိုင်ပေမယ့် HIV/AIDS ပိုးရှိလို့ ကိုယ်ခံအားကျသူတွေ၊ ကိုယ်ခံအားမြှင့်တင် ဆေးသောက်နေရသူတွေ အကြိုအဆင့် ပြောင်းသွားတယ်။ ပိုးကသွေးထဲမှာမနေဘူး။ သားအိမ်ခေါင်းရဲ့ ဆဲလ်တွေထဲမှာနေတယ်။ တဖြည်းဖြည်း အကြိုအဆင့်(၁၊၂၊၃၊)ဆိုပြီး ပြောင်းသွားတယ်။ အကြိုအဆင့်(၁)ဖြစ်ပြီး ရင်ပြန်ကောင်းနိုင်တယ်။ အကြိုအဆင့်(၁)ကနေ မကောင်းဘူးဆိုရင် အဆင့်(၂)၊ အဆင့်(၂)ကနေ (၃)ပြောင်းပါတယ်။ အကြိုအဆင့်(၃)လောက်ရောက်ပြီဆိုရင် ပြန်ကောင်းဖို့ အခွင့်အလမ်းနည်းတယ်။ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများသွားတယ်။ အချို့ပြန်ကောင်းနိုင်တယ်ဆိုပေမယ့် ရာခိုင်နှုန်း အရမ်းနည်း ပါတယ်။
အကြိုအဆင့်(၂)၊ (၃)ရောက်လာပြီဆိုရင် စောင့်ကြည့်နေလို့မကောင်းဘူး။ အကြိုအဆင့်(၁၊ ၂၊ ၃)ကနေ ကင်ဆာဖြစ်ဖို့ ၁၀ နှစ်လောက်အချိန်ယူပါတယ်။ အမျိုးသမီးရဲ့ ကိုယ်ခံအားကောင်းတဲ့အပေါ် မူတည်ပြီး နှစ်ကြာ တာကွာပါတယ်။ HIV/AIDS ပိုးရှိတယ်။ ကိုယ်ခံအားမကောင်းဘူးဆိုရင် တစ်နှစ်လောက်အတွင်းမှာ အကြိုအဆင့်ကနေ ကင်ဆာပြောင်းနိုင်ပါတယ်။ ကင်ဆာဖြစ်ဖို့ တစ်နှစ်ကနေ ၁၀ နှစ်ကြာရှိနိုင်သလို အချို့လည်း ကင်ဆာအဆင့်မပြောင်းနိုင်ဘူး။ လျော့လည်းလျော့မသွားဘဲရှိနေနိုင်တယ်။ အကြိုအဆင့်(၁)မှာ HIV လည်းမရှိ၊ အခြားအကြောင်းလည်း မရှိဘူးဆိုရင် ဆရာဝန်က ၆ လ၊ ၁ နှစ်ထိ ဘာမှမလုပ်သေးဘဲ စောင့်ကြည့်ရတာမျိုးလည်း ရှိတတ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို သိဖို့အတွက် ဆေးကုသမှုခံယူရင် ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အချို့နိုင်ငံတွေမှာ အကြိုအဆင့်သိဖို့ စစ်ဆေးတာကို နိုင်ငံတော်အစီအစဉ်နဲ့ ပြုလုပ်ပေးတယ်။
သားအိမ်ဝအမြှေးပါးကို မစစ်ခံဘဲ ရောဂါဖြစ်လာရင် တာဝန်လုံးဝမယူပါဘူး။ မစစ်မနေရ ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်တာမျိုးလည်း ရှိပါတယ်။
အမျိုးသမီးတွေ တစ်သက်မှာတစ်ကြိမ်စစ်ပြီး မရှိရင်သားအိမ်ခေါင်း ကာကွယ်ဆေးထိုးနှံ သင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ပထမနည်းက ရှိ၊ မရှိစစ်ဆေးပြီး မရှိရင် သားအိမ်ခေါင်း ကာကွယ်ဆေးထိုးနှံတဲ့နည်း ဖြစ်တယ်။ နောက်တစ်နည်းက လိင်ဆက်ဆံဖော်များတာ၊ ငယ်ငယ်နဲ့ အိမ်ထောင်ပြုတာ၊ ဆေးလိပ်သောက်တာတွေ ရှောင်ကြဉ်သင့်ပါတယ်။ သားအိမ်ခေါင်း အကျိအချွဲကို စစ်ဆေးတဲ့အခါ စနစ်တကျ သေချာစစ်ဆေးပြီး မရှိရင်သားအိမ်ခေါင်းကာကွယ်ဆေး ထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာမှ ကာကွယ်နိုင်မှာပဲဖြစ်တယ်။
သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးဘဝခြိမ်းခြောက်ရန် ရှာရုံမက မသေခင် ဝေဒနာခံစားနေရသူများ၊ ကိုယ်ရောစိတ်ပါ ခံစားကြရပါတယ်။ဝေဒနာခံစားနေရသူရဲ့ မိသားစုလုပ်ငန်းခွင်၊ လူနေမှုဘ၀ ၀န်းကျင်ကိုပါ အကြီးအကျယ် ပြောင်းလဲ ထိခိုက်နိုင်ပါတယ်။ အမျိုးသမီးတိုင်း အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ အသားအရောင်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဝေဒနာခံစားနေရရင် လူနာသာမက လူနာရဲ့ မိသားစုဝန်းကျင်၊ ချစ်ခင်ရသူများ၊ မိသားစုနဲ့အားလုံးထပ်တူခံစားကြရပါတယ်။ ကြေကွဲကြရပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ဗိုင်းရပ် (HPV- Human Papil-lomavirus)ဟာ အမျိုးပေါင်း ၁၀၀ ကျော်ရှိပြီး အချို့သာဖြစ်ပွားနိုင်ပါတယ်။ လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီး ငါးဦးမှာ တစ်ဦး ရောဂါကူးစက် ပြန့်ပွားနိုင်ပါတယ်။ ပုံမှန်ဆိုရင် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ ဗိုင်းရပ်ဝင်လာရင် ပြန်လည်တိုက်ထုတ်ဖို့ ကိုယ်ခံစွမ်းအား တည်ဆောက်လေ့ရှိပါတယ်။ HPV ဗိုင်းရပ်ကိုတော့ မတိုက်ထုတ်နိုင်ပါဘူး။ HPV ပိုးအမျိုးအစားက များလွန်းလို့ ခန္ဓာကိုယ်က မမှတ်မိတော့ဘဲ အချို့ကိုကာကွယ်နိုင်ပေမယ့် နောက်ထပ်တစ်မျိုးဝင်လာရင် အခက်တွေ့ ရနိုင်ပါတယ်။ အမျိုးသမီးတိုင်း အန္တရာယ်ရှိပါတယ်။
HPV ပိုးဟာ လိင်ဆက်ဆံခြင်း၊ လိင်အင်္ဂါအရေပြားချင်းထိတွေ့တာကြောင့် အဓိကကူးစက်တယ်။ အမျိုးသမီး တွေဟာ ပထမအကြိမ်လိင်ဆက်ဆံခြင်း ကစလို့ ဘဝတစ်လျှောက်လုံး အကြိမ်ကြိမ်ကူးစက်ခံရနိုင်ပါတယ်။ အမျိုးသမီးတိုင်းက သားအိမ်ခေါင်းကင်ဆာအကြောင်း သိထားသင့်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထား သင့်ပါတယ်။ အမျိုးသမီးတိုင်း လိင်ဆက်ဆံမှုတစ်ကြိမ်ပြုဖူးသူတိုင်း သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။
လက်ရှိအချိန်ထိ သားအိမ်ခေါင်းကင်ဆာ အကောင်းဆုံးကာကွယ်နည်းက ပုံမှန်က သားအိမ်ခေါင်း အကျိအချွဲမြှေးအရည် ရယူပြီး စောစီးစွာကုသမှု ခံယူဖို့ဖြစ်တယ်။ ပုံမှန်စစ်ဆေးခြင်းက ရောဂါဖြစ်ပွားနှုန်းကို သိသိသာသာလျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။ သားအိမ်ခေါင်းကင်ဆာမရှိဘူးဆိုရင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးသင့်ပါတယ်။ ပုံမှန်အခြေအနေမှ ဘယ်အဆင့်ထိ ပြောင်းလဲမှုကို
မဆို၊ စောစောစီးစီး သတိပြုမိပြီး ထိရောက်စွာကုသနိုင်ပါတယ်။ မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီး ပုံမှန်စစ်ဆေးတာက ကာကွယ်ဆေးထိုးနှံတာ၊ ကုသမှုခံယူတာ ပြုသင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာကုသရာမှာ ခွဲစိတ်ဖြတ်တောက်နည်း၊ ဓာတ်ရောင်ခြည်ပေးကုသနည်း၊ ကင်ဆာဆေးသွင်း ကုသနည်း၊ ဟော်မုန်းဆေးသွင်းကုသနည်းကနေ ထက်မက ကုသမှုခံယူနိုင်ပါတယ်။ သားအိမ်ခေါင်းအပါအဝင် သားအိမ်တစ်ခုလုံးဖြတ်တောက်ကုသတာက တိုက်ရိုက်ကုသခြင်းဖြစ်ကာ အနီးတစ်ဝိုက်ပျံ့နှံ့နေနိုင်တဲ့အတွက် ခွဲစိတ်ဖြတ်တောက်ကုသပြီးပါက ဓာတ်ရောင်ခြည်ပေးကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဟော်မုန်းဆေးပေး ကုသခြင်း တစ်ခုခုနဲ့တွဲပြီး ကုသမှုခံယူစေတာ ပဲဖြစ်တယ်။ ၉၀-၁၀၀ ရာခိုင်နှုန်းထိ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။
ရောဂါမကျွမ်းခင်ကုသသင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးဟာ အမျိုးသမီးတိုင်းအတွက်ဖြစ်လို့ မိသားစုဆရာဝန်နဲ့ ပုံမှန်စမ်းသပ် စစ်ဆေးကာ မေးမြန်းတိုင်ပင် နိုင်ပါတယ်။ သားအိမ်ခေါင်းဝ အမြှေးရောင်ရယူပြီး ကင်ဆာရှိ၊ မရှိစစ်ဆေး သင့်ပါတယ်။ ကင်ဆာမရှိရင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံထားသင့်ပါတယ်။ နှစ်ကြိမ်ထိုးနှံပြီး လုံလောက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကစလို့ အသက် ၈ နှစ်အရွယ်မိန်းမပျိုတွေမှာ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး စတင်ထိုးနှံပေးပြီပဲ ဖြစ်တယ်။
သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်ပြီး မိသားစုဆရာဝန်(သို့) ကျန်းမာရေး ဝန်ထမ်းနဲ့ အချိန်ယူ ဆွေးနွေးနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမှု ခံယူထားသင့်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့ ကာကွယ်ဆေးထိုးနှံခြင်းမှ သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ရှောင်ကြဉ်နိုင်မှာပဲ ဖြစ်တယ်။ အိမ်ထောင်တစ်ခု ထူထောင်မိပြီဆိုရင်လည်း ဇနီး၊ ခင်ပွန်းဖြစ်သူများ သစ္စာစောင့်သိဖို့ လိုအပ်မှာဖြစ်တယ်။
သားအိမ်ခေါင်းကင်ဆာဖြစ်ပြီဆိုရင်လည်း စိတ်ဓာတ်မကျဘဲ စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။ ခွဲစိတ်ကုသနည်းနဲ့ ကင်ဆာကိုဖယ်ရှားပစ်ပြီး ပျံ့နှံ့ကင်ဆာတို့အတွက် ဓာတ်ရောင်ခြည်ပေးကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဟော်မုန်းကုသခြင်းများ တစ်ခုထက်မက ကုသမှုခံယူရင် ၉၀-၁၀၀ ရာခိုင်နှုန်း ပျောက်ကင်းနိုင်လို့ စနစ်တကျကုသမှု ခံယူသင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်