ဝက်စ်ဟမ်းအသင်းက ကွင်းလယ်ကစားသမား ဒီကလန်ရိုဒ်အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၂ဝ အထိသတ်မှတ်ထား
ဝက်စ်ဟမ်းအသင်းက အသင်းနှင့် အနာဂတ်မရေ မရာဖြစ်နေသည့် ကွင်းလယ်ကစားသမား ဒီကလန်ရိုဒ်ကို ခေါ်ယူလိုသည့် အသင်းများ အနေဖြင့် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၂ဝ အထိ ပေးချေရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် ဒီကလန်ရိုဒ်သည် ပြီးခဲ့သည့် ဘောလုံးရာသီကတည်းက အသင်းနှင့် ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြသနိုင်ပြီးနောက် ချယ်လ်ဆီးအသင်း၊ မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့က အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ဝက်စ်ဟမ်းအသင်းဘက်က ကမ်းလှမ်းမှုများကို ပယ်ချခဲ့ခြင်းဖြစ်သည်။
ဝက်စ်ဟမ်းအသင်း အနေဖြင့် ပြီးခဲ့သည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက ဒီကလန်ရိုဒ်ကို ထိန်းသိမ်း နိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက ဒီကလန်ရိုဒ်ကို ထိန်းသိမ်းရန် ခက်ခဲမည့်အခြေအနေများကြောင့် လက်လွှတ်ရဖွယ် ရှိနေသည့်အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၂ဝ အထိ သတ်မှတ်ထားခြင်းဖြစ်သည်။
ဝက်စ်ဟမ်းအသင်းနှင့် ဒီကလန်ရိုဒ်တို့မှာ စာချုပ် သက်တမ်း ကျန်ရှိနေသေးသော်လည်း ဒီကလန်ရိုဒ် ကိုယ်တိုင်က ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကစားလိုနေသည့်အတွက် အသင်းမှ ထွက်ခွာပြီး ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတစ်သင်းသို့ ပြောင်းရွှေ့ ကစားဖွယ် ရှိကြောင်း သိရသည်။