ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်းငါးပွဲဆက် ပေးဂိုးမရှိဘဲ အနိုင်ရရှိသည့် ပထမဆုံး အင်္ဂလန်ကလပ်အသင်းအဖြစ် ချယ်လ်ဆီးအသင်း စံချိန်သစ်တင်
ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ(၁၆) သင်းရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်တွင် လိုင်လီ အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အိမ်ကွင်းငါးပွဲဆက် ပေးဂိုးမရှိဘဲ အနိုင်ရရှိသည့် ပထမဆုံး အင်္ဂလန်ကလပ်အသင်းအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် လိုင်လီ အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက် ကွာတားဖိုင်နယ်အဆင့် တက်ရောက်ရန် အလားအလာကောင်းများ ရှိနေသကဲ့သို့ စံချိန်ကောင်း တစ်ရပ်ကိုလည်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်းပွဲစဉ်များ အဖြစ် ၂ဝ၂ဝ-၂ဝ၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်အဖြစ် ကစားသည့်ပွဲစဉ်တွင် နှစ်ဂိုးပြတ်အနိုင် ရရှိပြီးနောက် အိမ်ကွင်းပွဲစဉ် ငါးပွဲဆက် အနိုင်ရရှိသည့်အပြင် တစ်ဂိုးမျှပေးရခြင်းမရှိဘဲ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိပြီးနောက် ယခုဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ် များအဖြစ် အိမ်ကွင်း၌ ဇင်းနစ်အသင်းကို ၁ ဂိုး-ဂိုးမရှိ၊ မယ်လ်မိုအသင်းကို ၄ ဂိုး-ဂိုးမရှိ၊ ဂျူဗင်တပ်စ်အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်အပြင် (၁၆) သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် လိုင်လီအသင်းနှင့် ပွဲစဉ်တွင်လည်း ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ခံစစ်ပိုင်း၌ ပုံစံကောင်း ပြသလျက်ရှိပြီး ၂၅ ပွဲကစားပြီးချိန်တွင် ပေးဂိုး ၁၈ ဂိုးသာ ခွင့်ပြုထားရ၍ မန်စီးတီးအသင်းပြီးလျှင် ဒုတိယမြောက် ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်လျက် ရှိကြောင်း သိရသည်။