အားလုံးရွှင်ပျော် နေပြည်တော်

အားလုံးရွှင်ပျော် နေပြည်တော်

အယ်ဒီတာ့အာဘော်

(၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီ  ၂၇  ရက်)

နေပြည်တော်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာတွင် တည်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး ကွန်ရက်များတွင် လျင်မြန်စွာ ပို့ဆောင်ဆက်သွယ်နိုင်သည်။ နေပြည်တော်တွင် အစိုးရအုပ်ချုပ်ရေး မြို့တော်တစ်ရပ်အတွက် ရှိသင့်ရှိထိုက်သော အခြေခံ အဆောက်အဦများကို ပြည့်စုံစွာ တည်ဆောက်ပေးထားသည်။ နေပြည်တော်တွင် ကျင်းပခဲ့သော အခမ်းအနားများကို ပြန်လည်ကြည့်မည်ဆိုလျှင် ခမ်းနားထည်ဝါသော မြင်ကွင်းများကို တွေ့မြင်နိုင်သည်။ ၂ဝ၁၄ ခုနှစ်က မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ဥက္ကဋ္ဌတာဝန်ယူရသည်။ အာဆီယံ အစည်းအဝေးပေါင်း ထောင်ချီ၍ ကျင်းပရသည်။ အစိုးရဝန်ကြီးဌာနများ အလိုက် တာဝန်ယူကြရသည်။ ထို့ပြင် အရှေ့တောင် အာရှနိုင်ငံများ အားကစားပြိုင်ပွဲကြီးကို နေပြည်တော်မှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည်။ ဤသည်မှာ လွန်ခဲ့သော မြင်ကွင်းများဖြစ်သည်။

မကြာသေးမီကမြင်ကွင်း တစ်ခုကိုကြည့်မည်ဆိုလျှင်လည်း မြန်မာတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ တစ်ဦးအပေါ်တစ်ဦးက လေးစားမှု၊ တန်ဖိုးထားမှုတို့ဖြင့် ကျင်းပခဲ့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု ကျင်းပပုံများမှာ ထည်ထည်ဝါဝါ ရှိလွန်းလှသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရှိနေသော လူမှုစီးပွားဘဝ တိုးတက်အောင်ဆောင်ရွက်နေသော မြင်ကွင်းများ၏ အသွင်သဏ္ဌာန်၊ ပန်းချီကားချပ်၊ ပန်းပုလက်ရာများနှင့်အတူ ယဉ်ကျေးမှု အဆိုအကများသည် ကြည့်မြင်ရသူတို့၏ စိတ်နှလုံးကို ကြည်နူးစေခဲ့သည်။ ထို့ပြင် နေပြည်တော်တွင် ၂ဝဝ၆ ခုနှစ်မှစတင် ကျင်းပခဲ့သော တပ်မတော်နေ့ အခမ်းအနားကို မတ်လ(၂၇)ရက်နေ့ရောက်တိုင်း မြင်တွေ့ရသည်မှာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသူတိုင်း အတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ကာ ဂုဏ်ယူဖွယ် ကောင်းလွန်းလှသည်။

တပ်မတော်နေ့ရောက်လေတိုင်း တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ခဲ့ကြသူများ၊ လက်ရှိ ကာကွယ်နေကြသူများကို လေးစားမိသလို လူငယ်လူရွယ်တို့ အနေဖြင့် ငါတို့နိုင်ငံတော်ကို ငါတို့ကာကွယ်ရမှာပါလား ဟူသော အသိစိတ်တို့ နိုးကြားစေလျက်ရှိသည်။ နေပြည်တော်ကို တည်ဆောက်ခဲ့သည်မှာ တပ်မတော်က နိုင်ငံ့တာဝန်ယူစဉ် အချိန်တွင် စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်နှင့် အုပ်ချုပ်ရေးအမြင်တို့ဖြင့် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ အမြင်(၄)မြင် တည်ဆောက်ပေးခဲ့ခြင်းတို့မှာ လက်ရှိအခြေအနေတွင် ဤအမြင်များ မှန်ကန်မှုရှိကြောင်းသိရှိလာကြရပြီဖြစ်သည်။

နေပြည်တော်ကို နိုင်ငံတကာအဆင့်မီ မြို့တော်အင်္ဂါရပ်နှင့်အညီ အချိန်တိုအတွင်း တည်ဆောက်နိုင်ခဲ့သည်။

ဥပ္ပါတသန္တိစေတီတော်မြတ်၊ ပြည်ထောင်စုလွှတ်တော်၊ သမ္မတအိမ်တော်၊ မြို့တော်ခန်းမ၊ ဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ရာများ၊ ဟိုတယ်ဇုန်၊ သံတမန်ဇုန်၊ အဆင့်မြင့်ဈေးကြီးများ၊ ဆာဖာရီဥယျာဉ်၊ ရေပန်းဥယျာဉ်၊ နက္ခတ်တာရာပြခန်း၊ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်၊ နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း၊ နိုင်ငံတကာ အဆင့် အားကစားရုံများ၊ အဆင့်မြင့်ဂေါက်ကွင်းများ ပါဝင်တည်ဆောက်ပေးထားသည်။ ဝန်ကြီးဌာနများ အလိုက် လျှိုပတ်ဆည်များ တည်ဆောက်ခဲ့သည်မှာ နေပြည်တော်စိမ်းလန်း စိုပြည်ရေးအတွက်ဖြစ်သည်။ ၂ဝ လမ်းသွား လမ်းမကြီးအပါအဝင် နေပြည်တော်လမ်းမကြီးများသည် လာမည့် မျိုးဆက်သစ်များအတွက် ရာစုနှစ်များအထိမျှော်မှန်း တည်ဆောက်ခဲ့ခြင်းဖြစ်ပေသည်။ မြို့တော်၏ တည်နေရာသည် လုံခြုံမှုရှိရန်သာမက တိုင်းပြည်အင်အား စုစည်းရာတွင် လွယ်ကူသည့်နေရာဖြစ်ရန်ကို ရွေးချယ်တည်ဆောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ဖြစ်တည်ပေါ်ထွန်းခဲ့သော မင်းနေပြည်များအဖြစ် ပျူခေတ်မှ ယနေ့တိုင် မြို့တော်ပေါင်း ၁၂ မြို့ရှိကြောင်းသိရှိရသည်။ နေပြည်တော်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပုဒ်မ ၄၄ဝ တွင် ''နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်''ဟူ၍ တရားဝင် သတ်မှတ်ပြဋ္ဌာန်းထားရှိသည်။ နေပြည်တော်သည် မြန်မာ့သမိုင်းတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရာ နယ်မြေလည်းဖြစ်သည့် အတွက် မြန်မာ့နိုင်ငံရေးစနစ်တွင် ဂုဏ်ယူဖွယ်ဖြစ်သည်။

၂ဝ၁ဝ ပြည့်နှစ်အတွက် ကမ္ဘာ့ထူးခြားမှတ်တမ်းများ ဖော်ပြထားသော ဂင်းနစ်စာအုပ်တွင် မြန်မာနိုင်ငံ၏မြို့တော်သစ်ဖြစ်သည့် နေပြည်တော်သည် ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း နိုင်ငံ၏မြို့တော် အင်္ဂါရပ်များ တည်ဆောက်ပြီးစီးမှု ၅၇ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သဖြင့် ကမ္ဘာပေါ်ရှိမြို့တော်များ တည်ဆောက်မှုတွင် အမြန်ဆုံး တည်ဆောက်နိုင်သည့် မြို့တော်အဖြစ်စံချိန်တင် မှတ်တမ်းပြုခြင်း ခံရသည်။ ထို့ပြင် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အထိထုတ်ဝေခဲ့သော ဂင်းနစ်မှတ်တမ်းစာအုပ်များတွင်  မည်သည့်နိုင်ငံရှိ မြို့တော်ကမှ နေပြည်တော် ရရှိခဲ့သော စံချိန်ကိုချိုး၍ စံချိန်သစ်တင်နိုင်ကြောင်း ထပ်မံမှတ်တမ်းတင် ဖော်ပြထားခြင်း မရှိသေးပါ။ ဤသည်မှာလည်း ကမ္ဘာနှင့်ယှဉ်၍ ဂုဏ်ယူဖွယ်ဖြစ်ပါသည်။ နိုင်ငံတော်က မျှော်မှန်းဆောင်ရွက်နေသော စံပြမြို့တော်ဖြစ်စေရေး အတွက် Green City? Clean City နှင့် Smart City  အင်္ဂါရပ်များနှင့်အညီ မြို့ပြစီမံကိန်းများ ဆောင်ရွက်လျက်ရှိပေရာ အားလုံးရွှင်ပျော် နေပြည်တော်အဖြစ် ထည်ဝါစွာ တည်ရှိနေပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။