(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ၏ လက်ရည်စမ်းပြိုင်ပွဲ ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၆
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ၏ လက်ရည်စမ်းပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) ၌ ကျင်းပသည်။
ယနေ့ပွဲစဉ်များအဖြစ် အမျိုးသား(-၅၅) ကီလို၊ (-၆၆) ကီလို၊ (-၇၃) ကီလို၊ (+၉ဝ) ကီလို၊ အမျိုးသမီး (-၄၈) ကီလို၊ (-၅၂) ကီလို၊ (-၆၃) ကီလို၊ (+၇ဝ) ကီလိုတန်းပြိုင်ပွဲများကို ကျင်းပသည်။ ထို့နောက် ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက် ကျင်းပရာ အမျိုးသား (-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ထိုက်ထိုက်အောင်၊ ဒုတိယဆုရရှိသော မောင်ဇင်ကိုနှင့် အမျိုးသား (-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ထက်အောင်၊ ဒုတိယဆုရရှိသော မောင်လရောင်ရှန်၊ တတိယဆုရရှိသော စိုင်းဆိုင်လောဝ်အွန်နှင့် ပူးတွဲတတိယဆု ရရှိသော မောင်မျိုးကိုတို့ကို အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လည်းကောင်း၊ အမျိုးသား (-၇၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ခေါ်ရမ်ဆိုင်းအောင်၊ ဒုတိယဆုရရှိသော မောင်စိုးမြင့်ထွန်း၊ တတိယဆုရရှိသော မောင်ရှားလီ၊ အမျိုးသား (+၉ဝ)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ဇော်လင်းအောင်၊ ဒုတိယဆုရရှိသော မောင်ပိုင်ပိုင်တို့ကို တပ်မတော် ဂျူဒိုအားကစား ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဇော်နိုင်ထွန်းက လည်းကောင်း၊ အမျိုးသမီး (-၄၈) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မစဲလ်ဝီး၊ ဒုတိယဆုရရှိသော မခင်ခင်စု၊ တတိယဆုရရှိသော မခိုင်စံပယ်၊ အမျိုးသမီး (-၅၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မအိအိဝင်း၊ ဒုတိယဆုရရှိသော မဖျားမြာ၊ တတိယဆုရရှိသော မအေးမာလာတို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ အမျိုးသမီး (-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မခြူးမြတ်နိုးဝေ၊ ဒုတိယဆုရရှိသော မနွယ်နီပွင့်လှိုင်၊ တတိယဆုရရှိသော မပိုးအိစံ၊ အမျိုးသမီး (-၇ဝ)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မအေးအေးအောင်၊ ဒုတိယဆုရရှိသော မဖြိုးဆွေဇင်ကျော်၊ တတိယဆုရရှိသော မဒေဖောရာတို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း ဆုကြေးငွေများ အသီးသီးပေးအပ်ကြသည်။
ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအဖွဲ့အား အင်အားဖြည့်စာ ဖြည့်စွက်စားသောက်နိုင်ရန်အတွက် ငွေကျပ် ၁ဝဝဝဝဝ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။