ပထဝီဝင်ပညာရပ်ကို အခြေခံပြီး လူ့စွမ်းအား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း

ပထဝီဝင်ပညာရပ်ကို အခြေခံပြီး လူ့စွမ်းအား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း

ပထဝီဝင်ပညာဆိုသည်မှာ ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် နေရာဒေသနှင့် အချိန်ကာလကိုလိုက်၍ ကွဲပြားခြားနားစွာ တည်ရှိနေကြသော သဘာဝအခြင်းအရာများနှင့် လူသားအခြင်းအရာများကို စနစ်တကျ စူးစမ်းလေ့လာ ရှင်းလင်းတင်ပြသည့် ပညာရပ်ဖြစ်သည်။

ထို့ပြင် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ အရာခပ်သိမ်းကို ပြုပြင်ပုံသွင်းပေးနေသော သဘာဝအခြင်းအရာများနှင့် လူမှုစီးပွား အခြင်းအရာများကို လည်းကောင်း၊ အဆိုပါဖြစ်စဉ်များနှင့် လူတို့သည်မည်သို့မည်ပုံ အပြန်အလှန်ပြုပြင်မှု ဆက်သွယ်နေမှုကို လည်းကောင်း လေ့လာရှင်းလင်း တင်ပြသည့် ပညာရပ်ဖြစ်သောကြောင့်  လူ့အဖွဲ့အစည်းအတွက် အလွန်အဖိုးတန်သော ပညာရပ်တစ်ခုဖြစ်သည်။

တစ်နည်းအားဖြင့် ပထဝီဝင်ပညာရပ်သည် ဝိဇ္ဇာပညာရပ်နှင့် သိပ္ပံပညာရပ်ကို ပေါင်းကူးပေးနိုင်သည့် တစ်ခုတည်း သောပညာရပ်ဖြစ်သည်။ ပညာရပ်တစ်ခုအနေနှင့် ဝိဇ္ဇာဖြစ်သည် သို့မဟုတ် သိပ္ပံဖြစ်သည်ဆိုသော အချက်မှာ ပဓာနမကျဘဲ ယင်းပညာရပ်သည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၊ သက်ဆိုင်ရာတိုင်းပြည်နှင့် လူမျိုးအတွက် မည်သည့် အတိုင်းအတာအထိ ထိထိရောက်ရောက် အကျိုးကျေးဇူးဖြစ်ထွန်းနိုင်သည်၊ အထောက်အကူ ဖြစ်စေနိုင်သည်ဆိုသော အချက်သည်သာ ပဓာနကျပေသည်။

ပညာရပ်၏လေ့လာမှု နယ်ပယ်

 နိုင်ငံတစ်နိုင်ငံဖြစ်တည်မှု အတွက် (၁) မြေနေရာ၊(၂) လူနှင့် (၃) အချိန်တာဟူသော အဓိကအင်္ဂါရပ်ကြီးသုံးရပ် လိုအပ်ပါသည်။

မြေနေရာနှင့်လူကိုပထဝီဝင်ပညာက ဦးစားပေးလေ့လာပြီး လူနှင့်အချိန်တာကို သမိုင်းပညာက အလေးပေး လေ့လာကြသည်။ သမိုင်းကို လေ့လာရာတွင် အတိတ်ကအမှားမျိုး ထပ်မမှားရအောင် သင်ခန်းစာယူပြီး ဆင်ခြင်တုံတရားဖြင့် ရှောင်ရှားကာ အမှန်ကိုဆောင်ယူနိုင်သည်။

အားနည်းချက်များကို အားသာလာအောင်၊ အားသာချက်များကို ပိုမိုအားကောင်းလာအောင် သတိတရားဖြင့် ဆောင်ရွက်နိုင်သည်။ ဤသို့ဖြင့် သာယာလှပသော အနာဂတ်ကို ဖြစ်ပေါ်စေနိုင်သည်။

အလားတူပင် ပထဝီဝင်ပညာကိုလေ့လာခြင်းဖြင့် သဘာဝသယံဇာတ အရင်းအမြစ်များ၊ လူသားများ၏ သဘောသဘာဝများနှင့် ပျံ့နှံ့တည်ရှိပုံ၊ ယင်းတို့ကို သက်ဆိုင်ရာ နိုင်ငံနှင့်ဒေသများ ထုတ်ယူသုံးစွဲပုံ၊ စနစ်တကျထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပုံ၊ ကြုံတွေ့ရသော အခက်အခဲနှင့် ပြဿနာများ၊ ယင်းတို့ကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်း

များစသည်တို့ကို နားလည်သဘောပေါက်နိုင်သည်။ ဤသို့ဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ကောင်းစွာဖွံ့ဖြိုးအောင် ပြုလုပ်နိုင်ပြီး    ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်၏ လိုအပ်သောအခြေခံသဘောတရားများ

နိုင်ငံတစ်နိုင်ငံဖြစ်တည်ရန် လိုအပ်သော အင်္ဂါရပ်(၃)ခုကို အခြေခံပြီး ပိုမိုပြည့်စုံသည့် အခြေခံသဘောတရားများကို ဖော်ပြရမည်ဆိုလျှင်(၁) လူဦးရေ၊ (၂) တိကျသော နေရာဒေသ(ပိုင်နက်နယ်မြေ)၊ (၃) အစိုးရ၊ (၄) အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုတို့ပင်ဖြစ်သည်။

လူဦးရေ

နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်အတွက် သင့်တင့်မျှတသော လူဦးရေရှိရန် လိုအပ်သည်။ နေထိုင်သူမရှိသော ဒေသတွင် နိုင်ငံတစ်နိုင်ငံသည် မရပ်တည်နိုင်ပေ။ နိုင်ငံတစ်နိုင်ငံတွင် နေထိုင်သူလူများသည် နိုင်ငံသားများပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားများအနေဖြင့် ခံစားထိုက်သော အခွင့်အရေးများကို ခံစားနိုင်သည်။

နယ်မြေအတွင်း နေထိုင်သူများတွင် နိုင်ငံသား မဟုတ်သူများလည်း ရှိနိုင်သည်။ သို့ရာတွင် သူတို့သည် နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကိုခံယူနိုင်ပြီး ရသင့်ရထိုက်သည့် အကျိုးအမြတ်များကိုလည်း ခံစားခွင့်ရှိသည်။

နိုင်ငံတစ်နိုင်ငံ တည်ထောင်ရန်အတွက်  လူဦးရေမည်မျှရှိရမည်ဟု အတိအကျသတ်မှတ်၍ မရပေ။ သို့ရာတွင် နိုင်ငံဟူသော  အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံလောက်သော လူဦးရေရှိဖို့ လိုအပ်သည်။ ထိုလူဦးရေသည် နယ်မြေအကျယ်အဝန်းအထက် မများသင့်သကဲ့သို့ နိုင်ငံတော်ရှိ သယံဇာတများက ထောက်ပံ့နိုင်သည့် အတိုင်းအတာနှင့် လိုက်လျောညီထွေ ရှိသင့်သည်။

နိုင်ငံတော်၏ပိုင်နက်နယ်မြေ

နိုင်ငံတစ်နိုင်ငံဖြစ်တည်ဖို့ ပိုင်နက်နယ်မြေရှိဖို့လိုသည်။ သတ်မှတ်ထားသော နယ်မြေမရှိဘဲ နိုင်ငံတည်ဆောက်၍ မဖြစ်နိုင်ပေ။ နိုင်ငံတစ်နိုင်ငံအတွက် ပိုင်နက်နယ်မြေသည် အတိုင်းအတာ သတ်မှတ်ချက်မရှိပေ။

နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်မြေတွင် မြေပြင်၊ ရေပြင်နှင့်ဝေဟင်တို့ ပါဝင်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီရင်ပိုင်ခွင့်သည် မိမိပိုင်နက်နယ်မြေ နယ်နိမိတ်အတွင်းရှိ မြေပေါ်မြေအောက် အရင်းအမြစ်များ ပါဝင်အကျုံးဝင်သည်။

အများအားဖြင့် သတ်မှတ်ထားသော ရေပြင်ပိုင်နက်အကျယ်မှာ ကမ်းခြေမှသုံးမိုင် အထိဖြစ်သည်။ ကျန်ရှိသော ကမ်းဝေးပင်လယ်ပြင်ကို   ကမ်းဦးရေတိမ်ပိုင်း၊ ဆက်စပ်ဇုန်၊ သီးသန့်စီးပွားရေးဇုန်၊ နိုင်ငံတကာရေပြင်ဟု ထပ်မံခွဲခြား သတ်မှတ်ထားပါသည်။ နိုင်ငံတစ်နိုင်ငံသည် မိမိပိုင်နက်နယ်မြေရှိ ဝေဟင်နှင့်ရေပြင်ပိုင်နက်များ အပေါ်တွင် အချုပ်အခြာအာဏာ အပြည့်အဝရှိသည်။

အစိုးရ

သတ်သတ်မှတ်မှတ်ရှိသော နယ်မြေတစ်ခုတွင် နေထိုင်သောသူများလည်း ရှိပါက နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်ချက်တစ်ခုမှာ လူတစ်ဦးချင်းအပေါ်တွင် အာဏာကျင့်သုံးနိုင်မည့် နည်းလမ်းကို ရှာဖွေရန်ပင်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခု ရှိရမည်ဖြစ်ပြီး ယင်းအဖွဲ့အစည်းမှ တစ်ဆင့် နိုင်ငံတော်သည်  မိမိ၏ဆန္ဒကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ အစိုးရဟူသည်  နိုင်ငံတော်၏ အဖွဲ့အစည်း သို့မဟုတ်  ယန္တရားပင်ဖြစ်သည်။  အစိုးရသာမရှိပါက ပြည်သူတို့သည် ထိန်းမနိုင်သိမ်းမရဖြစ်ပြီး မင်းမဲ့ဆန်သော လူအုပ်ကြီးဖြစ်လာနိုင်သည်။ စုပေါင်း လုပ်ဆောင်နိုင်ခြင်းလည်း မရှိပေ။ နိုင်ငံရေး အသိုက်အဝန်းတွင် ပါဝင်သော အဖွဲ့ဝင်အားလုံးသည်   နိုင်ငံတော်တွင်ပါဝင်သည်။

ခေတ်သစ်နိုင်ငံများတွင် အစိုးရအဖွဲ့၌ သင့်တင့်သော အချိုးအစားဖြင့် အဖွဲ့ဝင်များပါဝင်သည်။ အစိုးရအဖွဲ့တွင် နိုင်ငံတော်၏ဆန္ဒကို စီမံခန့်ခွဲပေးသည့် ပုဂ္ဂိုလ်များပါဝင်သည်။ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသည်လည်း အုပ်ချုပ်ရေးတွင် တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်သည်။ သို့ဖြစ်၍အစိုးရဟူသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာများကို ကျင့်သုံးသော အဖွဲ့အစည်းများကို စုပေါင်းထားခြင်းဖြစ်သည်ဟု  အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ အစိုးရအဖွဲ့မရှိဘဲ နိုင်ငံတော်သည် မရပ်တည်နိုင်ပေ။ အစိုးရသည် နိုင်ငံတော်၏ အဖွဲ့အစည်းအဖြစ်သာ ရပ်တည်နိုင်သည်။ သို့ဖြစ်၍ အစိုးရဟူသည် နိုင်ငံတော်နှင့်ပြည်သူတို့အကြား ညှိနှိုင်းပေးခြင်းဖြစ်၍ နိုင်ငံအချင်းချင်းဆက်ဆံရေးကိုလည်း ထိန်းသိမ်းပေးသည်။

နိုင်ငံတော်အချုပ်အခြာအာဏာ

တိတိကျကျ သတ်မှတ်ထားသော နယ်မြေတွင် လူများနေထိုင်ပြီး အစိုးရတစ်ခုတည်းအောက်တွင် ရှိရုံမျှဖြင့် နိုင်ငံဟူ၍မဆိုနိုင်ပေ။ နိုင်ငံတစ်နိုင်ငံသည် စုစည်းမှုရှိရမည့်အပြင် အစိုးရတည်းဟူသော အဖွဲ့အစည်းအဖြစ် ပြည်သူများအပေါ် အာဏာကို ကျင့်သုံးနိုင်ရမည်။ အခြားနိုင်ငံများ၏  သြဇာခံမဖြစ်အောင် ထိန်းသိမ်းနိုင်ရမည်။

အချုပ်အခြာအာဏာသည် မည်သည့်အဖွဲ့အစည်းကမှ အမြဲတမ်း မထိန်းချုပ်နိုင်သော လွတ်လပ်မှုရှိခြင်းဟု အဓိပ္ပာယ်သက်ရောက်သည်။ အချုပ်အခြာအာဏာ၏ ထူးခြားသော သွင်ပြင်လက္ခဏာမှာ နိုင်ငံရေး အသိုက်အဝန်း၏ လိုအင်ဆန္ဒကို ထုတ်ဖော်သည့်အနေဖြင့် ဥပဒေချမှတ်ခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ယင်းအခြေခံ သဘောတရားများ ပြည့်စုံပြီး ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များနှင့်လည်း ပြည့်စုံသောနိုင်ငံဖြစ်ပါသည်။

သဘာဝကပေးသော လက်ဆောင်ပညာရပ်

ပထဝီဝင်ပညာရပ်များသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်း တတ်မြောက်နေကြသည့် သဘာဝကပေးသည့် လက်ဆောင်ပညာရပ် တစ်ခုပင်ဖြစ်သည်။ မိမိနေထိုင်ရာ အမိမြန်မာနိုင်ငံတော်ကြီး၏ တော၊ တောင်၊ ရေမြေ ဟူသောပိုင်နက်နယ်မြေ၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမတည်းဟူသောလူဦးရေတို့၏ သဘောသဘာဝကို သိရှိနားလည်ခြင်းသည်ပင်လျှင် ပထဝီဝင်ပညာကို သိရှိခြင်းဖြစ်သည်။

ထိုသို့သိရှိခြင်းကြောင့် နိုင်ငံတော်၏ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းများအတွက် ပထဝီဝင်ဆိုင်ရာ အချက်အလက်များဖြစ်သော တည်နေရာ၊ အကျယ်အဝန်း၊ မြေမျက်နှာသွင်ပြင်၊ ရာသီဥတု၊ မြေဆီလွှာ၊ သဘာဝ ပေါက်ပင်စသည့် ရူပပထဝီဝင်တို့ကိုလည်းကောင်း၊ လူဦးရေ၊ လူမျိုးစသည့် လူမှုရေးပထဝီဝင်ကို လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ တွင်းထွက်ပစ္စည်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးစသည့် စီးပွားရေး ပထဝီဝင်ကို လည်းကောင်း  ကောင်းစွာသိရှိကြခြင်းဖြင့် ပထဝီဝင်ဆိုင်ရာ အခြေခံအချက်အလက်များနှင့် လိုက်လျောညီထွေဖြစ်မည့် စီမံကိန်းများ၊ လုပ်ငန်းများ အကောင်အထည်ဖော်ရမည့် အစီအစဉ်များကို လေ့လာစိစစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြပေမည်။

သို့ရာတွင် ပထဝီဝင်ပညာရပ်ကို သိနားလည်မှု တစ်ခုတည်းနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေပေါ်မြေအောက် သယံဇာတအရင်းအမြစ်များထက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုက ပိုအရေးကြီးသည်ကို နားလည်သဘောပေါက်ရပါမည်။

လူ့စွမ်းအားအရင်းအမြစ်ဆိုသည်မှာ

အရင်းအမြစ်နှစ်မျိုးရှိသည်။ သဘာဝအရင်းအမြစ်(မြေပေါ်မြေအောက်၊ ရေပြင်နှင့်မြေမျက်နှာပြင် အနီးရှိ လေထုမှရသော အရင်းအမြစ်များ)နှင့် လူသားအရင်းအမြစ်တို့ဖြစ်သည်။

သဘာဝအရင်းအမြစ်များကို လူသား အကျိုးပြု ပစ္စည်းများအဖြစ် လူသားများအား ဖန်တီးပေးရသည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဖွံ့ဖြိုးမှုတွင် လူသားအရင်းအမြစ်မှာ အဓိကအရေးပါသော အချက်ဖြစ်သည်။ သဘာဝအရင်းအမြစ်များ မည်မျှကြွယ်ဝစေကာမူ လူသားအရင်းအမြစ်မကြွယ်ဝပါက နိုင်ငံတိုးတက်မည်မဟုတ်ပေ။ သဘာဝအရင်းအမြစ်များ မကြွယ်ဝ(မရှိ)သည့်တိုင်အောင် လူသားအရင်းအမြစ်ကြွယ်ဝမှုကြောင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများလည်းရှိသည်။ (ဥပမာ-စင်ကာပူနိုင်ငံ) လူသားအရင်းအမြစ်ကြွယ်ဝမှုသည် လူဦးရေပမာဏပေါ် မတည်ပေ။ လူသားတို့၏ အသိပညာ၊ အတတ်ပညာကျွမ်းကျင် တတ်မြောက်မှုသာလျှင် အဓိကကျသော အချက်ဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံအစိုးရများသည် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် ပို၍ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။

ယခင်က ရုပ်ဝတ္ထုဆိုင်ရာ ငွေကြေးသယံဇာတပစ္စည်း ပိုင်ဆိုင်မှုပေါကြွယ်ဝမှုကို အလေးထားရာမှ နောက်ပိုင်းတွင် လူသားတို့၏ စွမ်းဆောင်မှု၊ လူ့အရင်းအနှီး(Human Capital)ရှိမှသာ ရေရှည်တည်တံ့နိုင်မည့် ပိုမိုပြည့်စုံသော လူမှုစီးပွားရေး ဘက်စုံတိုးတက်မှု ရရှိနိုင်မည်ဟု စီးပွားရေးပညာရှင်များက ကောက်ချက်ချခဲ့ကြသည်။ ယခုအချိန်အခါတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု(HRD)သဘောတရားသည် လွန်စွာ ကျယ်ပြန့်လာပြီဖြစ်သည်။

မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် လူ့စွမ်းအားအရင်းအမြစ် တည်ရှိမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ သို့ရာတွင် လူ့စွမ်းအား အရင်းအမြစ်များ၏ အရွယ်အစားပမာဏ စသည့်ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းအပေါ်တွင်သာ မူတည်နေသည်မဟုတ်ဘဲ နိုင်ငံတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာ အရည်အချင်းကပို၍ အရေးပါသည်ဟု လက်ခံယူဆနိုင်ပါသည်။ နိုင်ငံသားတစ်ဦးချင်း၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနှင့် နည်းပညာကျွမ်းကျင် တတ်မြောက်မှုတို့ရှိရန် လိုအပ်သကဲ့သို့ မှန်ကန်သော အတွေးအခေါ်၊  မှန်ကန်သော ခံယူချက်များရှိရန် အလွန်အရေးကြီးပါသည်။ နိုင်ငံနှင့်လူမျိုးအပေါ် တန်ဖိုးထားချစ်ခင်မှုဖြင့် မိမိတတ်ကျွမ်းသောနည်းပညာကို နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်မှသာ  နိုင်ငံဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။

လူသားအရင်းအနှီး ဖွဲ့စည်းခြင်း လူ့စွမ်းအားအရင်းအမြစ်ကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရာ၌ လူသားအရင်းအနှီး ဖွဲ့စည်းခြင်း လုပ်ဆောင်ရန်လိုအပ်ပါသည်။

လူသားအရင်းအနှီးဆိုသည်မှာ စီးပွားရေး အဆောက်အအုံတစ်ခုအတွင်း ဝင်ငွေရှာဖွေသည့် ထုတ်လုပ်မှုပြုသည့် ကိုယ်စားလှယ်များအဖြစ် လူသား၏ထုတ်လုပ်နိုင်မှုစွမ်းပကားပင်ဖြစ်သည်။ 

လူသားအရင်းအနှီးဖွဲ့စည်းခြင်း ဆိုသည်မှာ ဖန်တီးနိုင်သည့်၊ ထုတ်လုပ်နိုင်သည့် အင်အားစုတစ်ရပ်အဖြစ် လူသားနှင့်၎င်း၏ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာတို့၌ ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ၎င်းမှာ တိုင်းပြည်တစ်ပြည်ရှိ လူသားတို့၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် စွမ်းပကားတို့၌ တိုးတက်စေသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။

လူသားအရင်းအနှီး ဖွဲ့စည်းခြင်းသည် အာဟာရ ပြည့်ဝမှုနှင့် ကျန်းမာရေးတိုးတက်မှု၊ အသိပညာနှင့် ကျွမ်းကျင်မှုများ၌ တိုးတက်မှုများကို ထင်ဟပ်ပြီး ထုတ်လုပ်မှု စွမ်းအားတိုးတက်မှုကိုသာမက လူ့ဘဝအရည်အသွေး တိုးတက်မှုကိုပါ တိုက်ရိုက်ဖော်ဆောင်ပါသည်။

လူသားအရင်းအနှီးတွင် ရင်းနှီးမြှုပ်နှံခြင်းကြောင့် ကုန်ထုတ်စွမ်းအားတိုးတက်မှုကို လုပ်သား၏ ကာယအင်အားမှ   ကုန်ထုတ်လုပ်မှုတိုးတက်မှု၊   လူသားမဟုတ်သည့် စွမ်းအားစုများ အားလုံးအသုံးချမှုနှင့် နည်းပညာအဆင့်အတန်းတို့ဖြင့် တိုင်းတာပါသည်။ ဘဝအရည်အသွေး တိုးမြှင့်မှုသည် ပိုမိုအသက်ရှည်စွာ နေထိုင်နိုင်ခြင်း၊ ပိုမိုကောင်းမွန်စွာ ခံစားသုံးစွဲနိုင်ခြင်းနှင့် အသိပညာပိုမိုရရှိခြင်းစသည့် တစ်ဦးချင်းစီ၏ အခြေခံလိုအပ်ချက်များထက် ပိုမိုအသုံးပြုနိုင်သူများကို ရည်ညွှန်းပါသည်။

လူသားအရင်းအနှီး ဖွဲ့စည်းမှု၏ အဓိကအစိတ်အပိုင်းများမှာ အာဟာရဓာတ်ပြည့်ဝစေရေး၊ ကျန်းမာရေး၊ ပညာရေးတို့ဖြစ်ကြပြီး ၎င်းတို့သည် လူဦးရေအရည်အသွေးတွင် ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း သိရှိနားလည်သင့်ပါသည်။

မိမိတို့တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်စွာ လက်တွဲ၍ မြန်မာနိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းကြစေလိုပါသည်။ 

အနာဂတ်မြန်မာနိုင်ငံတော်ကို ဦးဆောင်ကြမည့် မြန်မာလူငယ်များအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရန်အတွက် ပထဝီဝင်ဆိုင်ရာ အချက်အလက်များကို အသုံးချကာ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်အောင်ကြိုးစားပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးအောင်ဆောင်ရွက်ကြရမည်။

အထူးသဖြင့် မြန်မာတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ကောင်းစွာ သဘောပေါက်ပြီး ပထဝီဝင်ဆိုင်ရာ အချက်အလက်များကို အခြေပြု၍ မိမိနိုင်ငံ၏ သဘောသဘာဝနှင့် လိုက်လျောညီထွေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် စွမ်းဆောင်ရည် အပြည့်ဖြင့် မြင့်မားသောစိတ်ဓာတ်၊ မှန်ကန်သော ခံယူချက်၊ မြဲမြံသော အကျင့်စာရိတ္တများကို လက်ကိုင်ပြုပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်အောင်   အစွမ်းကုန်ကြိုးစားကြပါစေလို ကြောင်း တိုက်တွန်း လိုက်ရပါသည်။     ။

ချိုချိုခိုင်