နေတိုး၏ စစ်အင်အားတိုးချဲ့မှုကြောင့် ထွက်ပေါ်လာသည့် ရုရှား-ယူကရိန်း စစ်ရေးတင်းမာမှု သို့မဟုတ် ပြည်ပအန္တရာယ်ကို ကြိုတင်ကာကွယ်ရန် ခြေလှမ်းလာသည့်ရုရှား
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းရှိ ခွဲထွက်ဒေသနှစ်ခုဖြစ်သည့် ဒိုနက်နှင့် လူဟန့်တို့ကို လွတ်လပ်သောဒေသများအဖြစ် အသိအမှတ်ပြုပြီးနောက် အထူးစစ်ဆင်ရေး တစ်ရပ်ကို စတင်လိုက်ပြီဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်လိုက်သည်။ ယင်းနောက်တွင် ရုရှားစစ်လေယာဉ်များသည် ယူကရိန်း စစ်ဘက်၏ အဓိကကျသည့် လေတပ်အခြေ စိုက်စခန်းများ၊ လေကြောင်းရန် ကာကွယ် ရေးစနစ်များနှင့် စစ်ရေးအခြေခံ အဆောက် အအုံများကို ပစ်မှတ်ထားလာခဲ့သည်။ ရုရှား၏ အဆိုပါ အထူးစစ်ဆင်ရေးဆင်နွှဲ ရသည့် အကြောင်းရင်းကို လေ့လာမည်ဆို ပါက နေတိုးဦးဆောင်သော စစ်လိုလားသည့် အနောက်အုပ်စုက ယူကရိန်းနိုင်ငံ အတွင်းရှိ လက်ရှိအာဏာရ နာဇီဝါဒီလက်သစ်များကို ထောက်ခံနေမှုကြောင့် ခြိမ်းခြောက်မှုအန္တရာယ်မှာ ရုရှားနိုင်ငံ၏ နယ်စပ်အနီးနားသို့ တဖြည်းဖြည်း ချဉ်းကပ် လာသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းအကြောင်းရင်းနှင့် စပ်လျဉ်း၍လည်း ရုရှား သမ္မတပူတင်က အကျယ်တဝင့် ထုတ်ဖော် ပြောကြားထားသည်။
တစ်နည်းအားဖြင့်ဆိုရပါမူ အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့သည် ယူကရိန်း နိုင်ငံအတွင်းရှိ နာဇီများနှင့် နာဇီဝါဒီလက်သစ်များကို ထောက်ခံနေခြင်းအားဖြင့် ၎င်းတို့၏ရည်မှန်းချက်ကို အပြည့်အဝ ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သမ္မတပူတင်က ဆိုလိုခြင်းဖြစ် သည်။
ရုရှားနိုင်ငံ၏ ရပ်တည်ချက်
ရုရှားနိုင်ငံသည် နေတိုးတပ်ဖွဲ့က ၎င်းတို့၏အင်အားကို ရုရှား၏နယ်စပ်ဒေသ များအထိ တိုးချဲ့ခြင်းမပြုရန် အတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ခန့်ကတည်းက စေ့စပ်ဆွေးနွေးရန် ကြိုးပမ်းခဲ့သည်။ သို့သော် ရုရှားနိုင်ငံ အနေဖြင့် လှည့်ဖြားမှု၊ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် အခြေအနေတွင် ရှိနေခဲ့သည်။ နေတိုး တပ်ဖွဲ့သည် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးချိန်မှစ၍ ကမ္ဘာ့အရှေ့ပိုင်း သို့မဟုတ် ရုရှား နိုင်ငံနယ်စပ်အနီးသို့ တဖြည်းဖြည်းချင်း အင်အားချဲ့ထွင်လာခဲ့ရာ နောက်ဆုံးတွင် ယခင် ကွန်မြူနစ်နိုင်ငံ အားလုံးနီးပါးကို ၎င်းတို့၏ အဖွဲ့ဝင်နိုင်ငံများအဖြစ် စည်းရုံး သိမ်းသွင်းလာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိတွင် ဆိုဗီယက်ယူနီယံ၏ တစ်စိတ်တစ်ဒေသအဖြစ် ရပ်တည်ခဲ့သည့် လစ်သူယေးနီးယား၊ လက်ဗီးယားနှင့် အက်စတိုးနီးယားစသော ဘော်တစ်ဒေသ တွင်းနိုင်ငံများမှာ ပိုလန်နှင့် ရိုမေးနီးယား နိုင်ငံတို့ကဲ့သို့ပင် နေတိုးတပ်ဖွဲ့ဝင် နိုင်ငံ များ ဖြစ်လာပြီဖြစ်သည်။
ထို့ကြောင့် ဆိုဗီယက်ယူနီယံကို တန်ပြန်ရန်ဖွဲ့စည်းထားသည့် နေတိုးတပ်ဖွဲ့သည် ထိုအချိန်မှစ၍ ရုရှားနိုင်ငံ၏နယ်စပ် အနီးသို့ တဖြည်းဖြည်း ဖြန့်ကြက်လာခဲ့သည့်အပြင်၂ဝဝ၈ ခုနှစ်ကတည်းက စတင် အစီအစဉ် ရေးဆွဲထားသည့်အတိုင်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ် သွတ်သွင်းရေးကို ဦးတည် လုပ်ဆောင်လာခဲ့သည်။ နေတိုး တပ်ဖွဲ့၏ အဆိုပါ ဆောင်ရွက်ချက်များသည် နိုင်ငံ၏ အင်အားကြီးထွားလာခြင်းကို တန်ပြန်ရန် ရည်ရွယ်ထားသည့်အပြင် နိုင်ငံကိုပါ ခြိမ်းခြောက်လာပြီဖြစ်ကြောင်း ရုရှားအစိုးရက သတိထားမိလာခဲ့သည်။ထို့ကြောင့် နေတိုး၏ အင်အားချဲ့ထွင်မှုနှင့် စပ်လျဉ်း၍ အကြိမ်ကြိမ် သတိပေးခဲ့သည်။
ရုရှားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရှေ့ဥရောပနိုင်ငံများတွင် စစ်အင်အားနှင့် လက်နက်အင်အား တိုးချဲ့ဖြန့်ကြက်မှုသည် နိုင်ငံအပေါ် တိုက်ရိုက်ခြိမ်းခြောက် နေကြောင်းနှင့် ရုရှားကို စိုးရိမ်မကင်းဖြစ် စေလျက်ရှိကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။
သို့သော် အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့အနေဖြင့် ရုရှား၏စိုးရိမ် မကင်းဖြစ်မှုကို လျစ်လျူရှုခဲ့သည့်အပြင် အကြောင်းပြချက် အမျိုးမျိုးဖြင့် အင်အား ချဲ့ထွင်မှုကို ဆက်လက် လုပ်ဆောင်လာသည်။ နောက်ဆုံးတွင် ယူကရိန်းကို နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက ပိုမိုထောက်ခံလာသည့်အပြင် စစ်ရေးဆက်ဆံမှုများ ကိုပါ တိုးမြှင့် လုပ်ဆောင်လာခြင်းသည်
ရုရှားကိုတန်ပြန်မည့် ခြေလှမ်းများဖြစ်သည်ကို ထင်ထင်ရှားရှား ပေါ်လွင်လာ စေခဲ့သည်ဟုဆိုနိုင်သည်။
ခြိမ်းခြောက်မှုအပေါ် ရုရှားနိုင်ငံ၏ တုံ့ပြန်မှု
ထို့ကြောင့် ရုရှားအစိုးရအနေဖြင့် ထိုသို့သော ကျဉ်းတည်းကျပ်တည်း အခြေအနေ မျိုးတွင် ယူကရိန်းမှ ခွဲထွက်ထားသည့် ဒေသနှစ်ခုကို လွတ်လပ်သောဒေသများ အဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ပြီး အဆိုပါဒေသများအတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းရန်အတွက် ရုရှားစစ်သည်များကို ယင်းဒေသများအတွင်းသို့ ဖြန့်ကြက်ရန် သမ္မတပူတင်က အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ရုရှားတပ်များကို သမ္မတပူတင်က အဆိုပါခွဲထွက်ဒေသများ အတွင်းသို့ မည်သည့်အကြောင်းရင်းကြောင့် စေလွှတ်ခဲ့ရသနည်း။ အဖြေကရှင်းသည်။ အကြောင်းမှာ ခွဲထွက်ဒေသများ အတွင်းရှိ ဒေသခံ ပြည်သူအများစုမှာ ရုရှားဘာသာစကား ပြောဆိုသူများဖြစ်ပြီး ရုရှားကို ထောက်ခံ ထားသူများဖြစ်သည်။ ထို့ပြင် အဆိုပါ ဒေသများအတွင်း ရုရှားတပ်များအား ဖြန့်ကြက်ထားခြင်းသည် ထွက်ပေါ်လာနိုင်သည့်ခြိမ်းခြောက်မှုများကို ကာကွယ် တားဆီးနိုင်ရန် အတွက်ဖြစ်သည်။
အကြောင်းမှာ ယူကရိန်းနိုင်ငံသည် နေတိုးတပ်ဖွဲ့သို့ဝင်ရောက်ရန် ယခင်ကတည်းက ကြိုးပမ်းလျက်ရှိသည်။
ယူကရိန်း၏ အဆိုပါကြိုးပမ်းချက်ကို အမေရိကန်နှင့်အပေါင်းပါများက ထောက်ခံနေ သည်။ ယူကရိန်းကို နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက ထိုသို့ထောက်ခံခြင်းမှာ ရုရှားကို တန်ပြန်ရန်ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရုရှားနိုင်ငံ၏ ရှုထောင့်မှကြည့်မည်ဆိုပါက အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့၏ လုပ်ဆောင်ချက်များသည် ရုရှားကို ခြိမ်းခြောက်သကဲ့သို့ဖြစ်နေသည်။ လက်ရှိတွင် ယူကရိန်းနိုင်ငံသည် နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ မဖြစ်လာနိုင်သေးသော်လည်း အကယ်၍ ယင်းနိုင်ငံကသာ နေတိုးတပ်ဖွဲ့ဝင် ဖြစ်လာမည်ဆိုပါက ရုရှားနိုင်ငံမှာ နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ၏ ဝန်းရံပိတ်ဆို့မှုကိုခံရမည့် အခြေအနေတွင် ရှိနေကြောင်း ရုရှားအစိုးရက ကောင်းစွာ သဘောပေါက်ထားသည်။ ထိုအချက်ကို ရုရှားက လိုလားမည် မဟုတ်သည်ကား အသေအချာပင်ဖြစ်သည်။
နောက်တစ်ချက်မှာ ယူကရိန်းနိုင်ငံသည် ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့သည့် ဘူဒါပတ် သဘောတူညီမှုကို ပြန်လည်သုံးသပ်၍ နိုင်ငံ၏ နျူကလီးယား အဆင့်သတ်မှတ်ချက်ကို ပြန်လည်ပြင်ဆင် နိုင်ဖွယ်ရှိသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီ မီယာဇီလင်စကီက ပြောကြားထားခြင်းဖြစ် သည်။
အကယ်၍ ယူကရိန်းအနေဖြင့် အဆိုပါ စီမံကိန်းများကို လက်တွေ့အကောင် အထည်ဖော်ဆောင်နိုင်မည် ဆိုပါက ရုရှားအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုအဖြစ် ထွက်ပေါ်လာမည်မှာ မလွဲမသွေဖြစ်သည်။အကြောင်းမှာ နိုင်ငံ၏နယ်စပ်တွင် အနောက်နိုင်ငံများနှင့် နီးစပ်သည့် နျူကလီးယား လက်နက်နိုင်ငံကြီး တစ်နိုင်ငံတည်ရှိနေ သည့် အခြေအနေကို ရုရှားအစိုးရက လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ ထိုသို့သော အကြောင်းရင်းများကြောင့် ရုရှားအနေဖြင့် နိုင်ငံအပေါ် ကျရောက်လာနိုင်သည့် ခြိမ်းခြောက်မှုနှင့် ပြည်ပအန္တရာယ်အား ကာကွယ်နိုင်ရေးအတွက် ကနဦးခြေလှမ်း ကို စတင်ခဲ့ရခြင်းဖြစ်သည်။
အမေရိကန်၏ အကျိုးစီးပွား
ရုရှားနှင့်ယူကရိန်းတို့ကြား ယခုကဲ့သို့ တင်းမာမှု မြင့်တက်လာခြင်းသည် အမေရိကန်ကို အခွင့်အလမ်းများ ဖွင့်လှစ်ပေးခဲ့သည်ဟုဆိုနိုင်သည်။ အကြောင်းမှာ ရုရှားကို ယူကရိန်း ပဋိပက္ခအတွင်းသို့ ဆွဲသွင်းနိုင်ပြီဆိုပါက အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများအနေဖြင့် ရုရှားအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် အကြောင်းပြ ချက်အဖြစ် အသုံးချနိုင်မည့်အပြင် ပိတ်ဆို့မှုများကြောင့် ရုရှားနိုင်ငံကို နိုင်ငံတကာ အသိုက်အဝန်းမှ ဖယ်ကြဉ်၍ အထီးကျန်ဆန်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ဖန်တီးနိုင်မည်ဖြစ်သည်။ ထို့ပြင် အမေရိကန်အနေဖြင့် ဥရောပစွမ်းအင် ဈေးကွက် ရှိ ရုရှား၏ ဈေးကွက်များကို ထိန်းချုပ်နိုင်မည့် အခွင့်အလမ်းကိုပါ ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် ရုရှားအနေဖြင့် ယူကရိန်းကို မဖြစ်မနေဝင်ရောက် တိုက်ခိုက်လာစေရန် တွန်းအားပေးနေခြင်းဖြစ်သည်ဟု နိုင်ငံတချို့က ထောက်ပြထားသည်။ လက်ရှိအခြေအနေတွင် ယူကရိန်း နိုင်ငံသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းမရှိဘဲ နေတိုးတပ်ဖွဲ့ဝင်များ၏ နယ်စပ်များကိုသာ ဦးစားပေး ကာကွယ်မည်ဖြစ်သည်ဟု ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန် အစိုးရက တရားဝင် ထုတ်ဖော်ပြောကြားထားခြင်းကြောင့် အမေရိကန်အနေဖြင့် ရုရှားနှင့် ယူကရိန်းတို့ကြား လက်နက်ကိုင် ပဋိပက္ခတစ်ရပ်ကို ဖန်တီးပြီး ယင်းပဋိပက္ခမှ အကျိုးစီးပွား ရှာဖွေရေးကိုသာ အာရုံစိုက်နေကြောင်းကို သက်သေပြလျက်ရှိ သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် အချုပ်အားဖြင့်ဆိုရပါမူ ရုရှားနှင့် ယူကရိန်းတို့ကြား ထွက်ပေါ်လာ ခဲ့သည့်တင်းမာမှုမှာ အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့က ရုရှားနိုင်ငံနယ်စပ် ရှိ ယခင် ဆိုဗီယက်ယူနီယံ အဖွဲ့ဝင်ဟောင်း နိုင်ငံများအတွင်း စစ်အင်အား အဆမတန် တိုးချဲ့လာမှုနှင့် ယူကရိန်းနိုင်ငံ၏ နေတိုး တပ်ဖွဲ့ဝင်နိုင်ငံဖြစ်လာရေး ကြိုးပမ်းမှုအပြင် ယင်းနိုင်ငံ၏ကြီးမားလှသော နျူကလီးယား ရည်မှန်းချက်များ၏ တွန်းအားကြောင့် ထွက်ပေါ်လာရသည့် ပြည်ပအန္တရာယ် ကြိုတင်ကာကွယ်ရေး ခြေလှမ်းတစ်ရပ်ဖြစ် ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Ref: NYTimes, Sputnik, BBC