ချယ်လ်ဆီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် နီးစပ်နေသည့် ခံစစ်ကစားသမား ရူဒီဂါကို ခေါ်ယူလိုသော အသင်းများတွင် မန်ယူအသင်းလည်း ပါဝင်လာ
ချယ်လ်ဆီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန်နီးစပ်နေသည့် ခံစစ်ကစားသမား ရူဒီဂါကို ခေါ်ယူလိုသော အသင်းများတွင် မန်ယူအသင်းလည်း ပါဝင်လာကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုဘောလုံးရာသီတွင် အသင်းဗဟို ခံစစ်နေရာ၌ မက်ဂွိုင်းယားက ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေသကဲ့သို့ လင်ဒီလော့မှာလည်း ခြေစွမ်းပိုင်းတည်ငြိမ်ခြင်း မရှိသည့်အတွက် ဗာရာနီတစ်ဦးတည်းကိုသာ အဓိက အားထားနေရသည့် အတွက် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ရူဒီဂါကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဥရောပထိပ်တန်း အသင်းကြီးများနှင့်အပြိုင်ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
အသက် ၂၈ နှစ်အရွယ် ရူဒီဂါသည် ၂ဝ၁၇ ခုနှစ်က ရိုးမားအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ ချယ်လ်ဆီးအသင်း၌ အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့သည်။ လက်ရှိတွင်လည်း သီယာဂိုဆေးလ်ဗားနှင့်တွဲဖက်ကာ ခြေစွမ်းပြလျက် ရှိပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံးခံစစ် ကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် အစောပိုင်းက ရူဒီဂါကို တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၁၄ဝဝဝဝ ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သော်လည်း ရူဒီဂါက စတာလင်ပေါင် ၂ဝဝဝဝဝ အထိအလိုရှိနေသည့် အတွက် စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေပြီး အလွှတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာရန် နီးစပ်နေခြင်းဖြစ်သည်။
လက်ရှိတွင် ချယ်လ်ဆီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန်နီးစပ်နေသည့် ရူဒီဂါကို ဥရောပထိပ်တန်းအသင်းကြီးများ ဖြစ်သော ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နှင့် ပီအက်စ်ဂျီအသင်းတို့က စောင့်ကြည့်လျက်ရှိသော်လည်း မည်သည့်အသင်းနှင့်မျှ သဘောတူညီမှု မရရှိသေးသောကြောင့် နည်းပြရင်းဂ်နစ်က မန်ယူအသင်းထံ ခေါ်ယူပေးရန် တောင်းဆိုထားကြောင်း သိရသည်။