ဆေးဖက်ဝင်အပင်များနှင့် အဓိက ပျောက်ကင်းနိုင်သော ရောဂါများ

ဆေးဖက်ဝင်အပင်များနှင့် အဓိက ပျောက်ကင်းနိုင်သော ရောဂါများ

ခွေးတောက်နွယ်

အင်္ဂလိပ်အမည် -Sneezing Silk

မျိုးရင်း - Apocynaceae

ရုက္ခဗေဒအမည် - Dregea volubilis

အဓိကဆေးဖက်ဝင်ပုံ

လေထိုးလေအောင့်ရောဂါ၊   ဆီးချုပ်ရောဂါ၊ ခါးနာ၊ ဒူးနာ၊ အဆစ်အမျက်ကိုက်ခဲသော ရောဂါများ၊ အရက်နာကျရောဂါ၊ ခံတွင်းရောဂါများအတွက်  ဆေးဖက်ဝင်အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြားတွင်   ပေါက်ရောက်သည်။ နွယ်ပင်ကြီးများဖြစ်၍ အခြားအပင်များပေါ်တွင် မှီတွယ်ပေါက်ရောက်သည်။ စိုက်ပျိုး၍လည်းရရှိသည်။

ဆေးဖက်ဝင်အစိတ်အပိုင်း

အရွက်၊ အမြစ်

အပင်ပုံသဏ္ဌာန်

ရှည်လျားသော  နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်အလုံးသည် အခေါက်ထူ၍ အဖြူရောင်ပေါ်တွင် ညိုမည်းသော အဖုအထစ်များရှိသည်။   ထိုအဖုအထစ်များသည် ဆူးကဲ့သို့မဟုတ်ဘဲ ချောမွေ့သည်။ အခက်အလက်များ ဆင့်ပွားထွက်၍ နွယ်တက်သောအမျိုးဖြစ်သည်။ အရွက်သည် ရွက်ဆိုင်ထွက်သည်။ နှလုံးပုံရှိ၍  ရွက်ထိပ်ချွန်ပြီး ညီညာသော အဝိုက်များရှိသည်။ ရွက်ညှာသည်  ၁ လက်မမှ ၃ လက်မအထိ ရှည်သည်။ ရွက်ပြားပြောင်ချော၍ ရွက်နားညီသည်။

အပွင့်သည် ကြားထွက်ပန်းခိုင်ဖြစ်၍ ငိုက်ကျနေပြီး ထိပ်သည် သေးငယ်၍ စိမ်းဝါရောင်ရှိသည်။ အပွင့်များစုပြုံ၍ပွင့်သည်။ တစ်နှစ်ပတ်လုံးပွင့်သည်။   အသီးသည် ကြီး၍ ပြောင်ချောပြီး   ကျယ်ပြန့်သော လှံစွပ်ပုံရှိသည်။    အစိမ်းရောင်ရှိသည်။

အလျားလိုက်မြောင်းပါရှိသည်။ အတွင်း၌ ပြောင်ချောသော  အစေ့ကလေးများရှိ၏။

အစေ့ထိပ်ဘက်တွင် ချည်မျှင်ကဲ့သို့ နူးညံ့သော အမွေးကလေးများရှိသည်။

ဆေးကျမ်းများအဆို

ခွေးတောက်ရွက်၏ အရသာနှင့် အကျိုးသွားမှာ ပူ၏။ ခါး၏။ ဝမ်းမီးကိုတောက်စေ

၏။ ဂုဏ်နှင့် စွမ်းရည်မှာ ကြေကျက်လွယ်၏။ မလတို့ကို ခိုင်မာတောင့်တင်းစေ၏။ သွေးကိုပွားစေ၏။      ရတ္တပိတ်အနာကို ဖျက်ဆီးတတ်၏။   နှုတ်ကိုမြိန်စေ၏။    

သလိပ်ကိုနိုင်၏။   လည်ချောင်းနာ၊ လေရောဂါ၊ ဂူလုံး၊  ပြည်တူလာသရောရောဂါ၊   ပိုးနာ၊ နူနာ၊ အဆိပ်သင့်နာ၊ ပန်းနာရင်ကျပ်၊ ကြွက်အဆိပ်သင့်နာတို့ကိုနိုင်၏ဟု  အာယုဗေဒ ဆေးကျမ်းများတွင် ဖော်ပြထားသည်။

မှတ်ချက်။       ။ ခွေးတောက်ကို   မြန်မာတို့သည် အရက်ချိုးချသော ဆေးအဖြစ် သုံးစွဲကြသည်။  အရက်သောက်သုံးမှုများပြီး အရက်နာကျသူများ သက်သာပျောက်ကင်းစေရန်အတွက် ခွေးတောက်ရွက်ကို ကြက်ရိုးဖြင့် ချက်စားကြသည်။ ဟင်းခါးချက်သောက်ကြသည်။ အညောင်းများသူ၊ အထိုင်များသူ၊ ခါးနာရောဂါစွဲနေသူများသည် ဆေးခါးကြီးအစား ခွေးတောက်ရွက်ကို   ဟင်းချိုချက်သောက်၍လည်းရသည်။     မကြာခဏ ဆီးအောင့်တတ်သူ၊ အဝေးပြေးယာဉ်မောင်းသူများ ဆေးဖက်ဝင်အဖြစ် သုံးစွဲလေ့ရှိကြသည်။

ဆေးဖက်ဝင်အသုံးပြုပုံ

၁။ အနာစိမ်း၊ သွေးစုနာများပေါက်လျှင် ခွေးတောက်ရွက်ကို မီးကင်၍ ကပ်ပေးလျှင် နုသောအနာများပိန်၍ ရင့်သောအနာများ ပြည်ပေါက်စေနိုင်သည်။

၂။ လေထိုးလေအောင့်ရောဂါ၊ ဆီးအောင့်ဆီးချုပ်ရောဂါဖြစ်လျှင်  ခွေးတောက်ရွက်ကို ကြော်စားခြင်း၊   အတို့အမြှုပ်လုပ်စားခြင်းဖြင့်   ပျောက်ကင်းစေနိုင်သည်။

၃။      ရေယုန်ပေါက်လျှင် ခွေးတောက်ရွက်ကို အရည်ညှစ်၍      လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။

၄။ ဥတုဖျား၊ တုပ်ကွေးဖျားများမှ ကာကွယ်ရန်အတွက် ခွေးတောက်ရွက်ကို ဘဲဥနှင့် ရော၍ကြော်စားပါ။   အားရှိ၍ အဖျားမှ ကာကွယ်သည်။

၅။ အပူနာ၊ အကျိတ်အလုံးကြီးများ ထွက်လျှင်   ခွေးတောက်ရွက်ကို ထောင်း၍ အုံစည်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။

၆။      ဒူးနာရောဂါဖြစ်လျှင် ခွေးတောက်ရွက်များကို မီးကင်ပြီးကပ်၍ ပတ်တီးစည်းပေးခြင်းဖြင့် အကိုက်အခဲ သက်သာစေသည်။

၇။      အရက်၊   ထန်းရည်ချိုးကပ်အောင် သောက်သုံးသူများ အရက်ချိုးများ အတွက် ခွေးတောက်ရွက်ကို   ကြက်သားဖြင့် မကြာခဏချက်၍ စားပေးသင့်သည်။

၈။      ခွေးတောက်မြစ်ကို အဆိပ်အတောက်မိလျှင် အန်ဆေးအဖြစ် သွေးပြီးတိုက်လေ့ရှိသည်။ ခွေးရူးပြန်ဆေး၊ သလိပ်ကြေဆေးများတွင်လည်း ထည့်သွင်းအသုံးပြုသည်။

ခွေးလှေးယား

အင်္ဂလိပ်အမည် - Cowhage

မျိုးရင်း - Papilionaceae (ပိတောက်မျိုးရင်း)

ရုက္ခဗေဒအမည် - Mucuna prurita Hook

အဓိကဆေးဖက်ဝင်ပုံ

သွေးဝမ်းရောဂါ၊   ကာလဝမ်းရောဂါ၊ ရေဖျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အနာမန်းရောဂါများအဖြစ် ဆေးဖက်ဝင်အသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

  မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ တောများတွင် ခွေးလှေးယားပင်(အရိုင်း)များ ပေါက်ရောက်ပြီး ခွေးလှေးယားပင်(အယဉ်)ကို စင်တင်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း 

  အမြစ်၊ အစေ့၊ အသီး၊ အရွက်

ဆေးကျမ်းများအဆို

          အရသာမှာ ချိုခါး၏။ ကြေကျက်ပြီး ဝိပါက၌ ချို၏။ လေ၊ သည်းခြေဒေါသကို  နိုင်၏။  အစေ့သည်  အားကို ဖြစ်စေ၏။    ဝဖြိုးစေ၏။ အမျိုးသမီးများတွင် ရုပ်ရေကြည်လင်စေ၏။ နို့ရည်ကိုဖြစ်စေ၏။ ၎င်းအပြင် ရတ္တပိတ်ရောဂါ၊ ပါဒရက်ရောဂါတို့ကို ကုသနိုင်၏။ အမြစ်သည် အကြောများကို အားရှိစေ၏။ ဆီးရွှင်စေ၏။ အစေ့အိမ်၌ ကပ်နေသော အမွေးများသည်     သန်ကျစေ၏။ ထုံနာ၊ ကျဉ်နာဖြစ်သောနေရာတို့ကို    ပွတ်လိမ်းပေးလျှင်   ထုံကျဉ်ပျောက်၏။

မှတ်ချက်။     ။ ခွေးလှေးယားသီးသည် အဆိပ်အတောက်ရှိသော အသီးမျိုးဖြစ်သည်။

များစွာစားလျှင်   တောက်ပြီး မူးဝေခြင်း၊ အော့အန်ခြင်း၊ ဦးခေါင်းထိုးကိုက်ခြင်းတို့ ဖြစ်တတ်သည်။ အစေ့ကို သန့်စင်စေလိုလျှင်  နွားနို့နှင့် ပြုတ်ပြီးမှ ပြန်လှော်စားရသည်။ ဤသည်ကို သုဒ္ဓပြုသည်ဟုလည်း ခေါ်သည်။

ဆေးဖက်ဝင်အသုံးပြုပုံ

၁။      သွေးအန်ရောဂါ၊  နှာခေါင်းသွေးလျှံ ရောဂါဖြစ်လေ့ရှိသူများသည် ခွေးလှေးယားသီးစေ့ အနုကို ကြော်ချက်စားပေးလျှင် ရောဂါပျောက်ကင်းစေနိုင်သည်။

၂။      ပန်းနာရောဂါ၊ ချောင်းဆိုးသွေးပါရောဂါ ဖြစ်လျှင်   ခွေးလှေးယားစေ့ အမှုန့်ကို ပျားရည်နှင့်ရော၍   လျက်ပေးလျှင် ပျောက်ကင်းစေနိုင်သည်။

၃။ အမျိုးသမီးများ နို့မထွက်လျှင် ခွေးလှေးယားစေ့အမှုန့်ကို    နွားနို့နှင့်ရော၍ သောက်သုံးပေးလျှင် ခွန်အားတိုးပွားပြီး နို့လည်းထွက်စေနိုင်သည်။

၄။ အမျိုးသားများ   ခွန်အားနည်းလျှင် ခွေးလှေးယားသီး အစေ့ကို နွားနို့နှင့် ပြုတ်၍လှော်ထားပြီး နံနက်၊ ည ၃ စေ့ ခန့် နေ့စဉ်မှီဝဲပေးပါ။

၅။ သားသမီးမရသူများသည် အမျိုးသားရော အမျိုးသမီးပါသန့်စင်ပြီး ခွေးလှေးယားသီး အစေ့အမှုန့်ကို     နွားနို့ သို့မဟုတ်   ထောပတ်တို့နှင့်ရော၍ နေ့စဉ်ဟင်းစားဇွန်း တစ်ဝက်မှတစ်ဇွန်းအထိ စားသုံးပေးနိုင်သည်။

၆။      ဆီးချုပ်ရောဂါ၊    ဆီးအောင့်ရောဂါဖြစ်လျှင်   ခွေးလှေးယားစေ့အမှုန့်ကို သံပရာရည်နှင့်ရော၍ သောက်သုံးပေးပါက ပျောက်ကင်းစေနိုင်သည်။

၇။      ကင်းကိုက်ခဲ့လျှင်   ခွေးလှေးယားစေ့အစိုကို ကိုက်သောနေရာ၌   ကြိတ်၍ အုံပေးခဲ့သော် ကင်းဆိပ်ပြယ်စေနိုင်သည်။ (သုဿုတဆေးကျမ်း)

၈။      ပါးရွဲ့နှုတ်ခမ်းရွဲ့၊ မျက်စိပိတ်မရသော လေငန်းရောဂါဖြစ်သူများသည် ခွေးလှေးယားစေ့ကို ရေစိမ်၍သောက်ပေးခဲ့လျှင်ပျောက်ကင်းစေနိုင်သည်။

၉။      အပူလွန်ကဲအဖျားကြီးပြီး   ကယောင်ကတမ်းပြောဆိုလျှင် ခွေးလှေးယားပင် ၏အမြစ်ကို ရေဖြင့် ၅ ပုံ ၁ ပုံကြွင်းအောင်     ကျိုပြီးတိုက်ကျွေးလျှင် သက်သာပျောက်ကင်း စေနိုင်သည်။

၁ဝ။    သားအိမ်လျှောနာ၊ သားအိမ်ကျရောဂါဖြစ်လျှင် ခွေးလှေးယားအမြစ်ကို ပြုတ်၍   ယင်းပြုတ်ရည်ဖြင့် သားအိမ်ကို ဆေးပေးခြင်း၊ စိမ်ပေးခြင်းပြုလုပ်ပါက သားအိမ်လျှောရောဂါ ပျောက်ကင်းစေနိုင်သည်။ အမြစ်ပြုတ်ရည်ကိုလည်း ၄ ပုံ ၁ ပုံကြွင်းပြုတ်၍ သောက်ပေးပါ။ (ဘာဝါပ္ပကာသဆေးကျမ်း)

၁၁။    ဆင်ခြေထောက်ရောဂါဖြစ်လျှင် ခွေးလှေးယားအမြစ်မှုန့်ကို ဆီနှင့်ချက်ပြီး လိမ်းပေးလျှင် ဆင်ခြေထောက်ရောဂါ ပျောက်ကင်းစေနိုင်သည်။     ။