အသက်ကြီးလာတာနဲ့အမျှ အရိုး၊ အဆစ်၊ ကြွက်သားနာကျင်မှုကို တားဆီး ကာကွယ်နိုင်စေဖို့
အသက်ကြီးလာတာနဲ့အမျှ လူတိုင်းရင်ဆိုင်ကြုံတွေ့ရမယ့် ပြဿနာတစ်ခုကတော့ အရိုး၊ အဆစ်နဲ့ ကြွက်သားတွေ နာကျင်ခြင်းပဲဖြစ်ပါတယ်။
ဒီလိုဝေဒနာတွေကို လိုချင်တဲ့သူ ဘယ်သူရှိမလဲမေးရင် ဘယ်သူမှတော့ လိုချင်ကြမှာမဟုတ်ပါဘူး။ ဒါဆိုရင် ဒီဝေဒနာ တွေကိုတားဆီးကာကွယ်နိုင်စေဖို့ ဘယ်လိုလုပ်ရမလဲ။
အများစုကတော့ အသက်ကြီးလာတာနဲ့အမျှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရိုး၊ အဆစ်နဲ့ ကြွက်သားနာကျင်ခြင်း သက်သာစေဖို့ဆိုရင်လေ့ကျင့်ခန်းကို ပိုလုပ်ရမယ်လို့ ယုံကြည်ထားကြမှာပါ။
ဒါပေမဲ့ အဲဒီလောက်အထိ လေ့ကျင့်ခန်း လုပ်ဖို့လိုသလားဆိုတာနဲ့ပတ်သက်ပြီးတော့သုတေသန အသစ်တစ်ခုကနေ အချက် အလက်အသစ်ကို တွေ့ရှိထားပါတယ်။
အဲဒီသုတေသနကနေ တွေ့ရှိတဲ့အချက်ကတော့ သီတင်းပတ်တစ်ပတ်မှာ တစ်ကြိမ်သာ ကိုယ်လက်လှုပ်ရှားမှုကို ကိုယ်လုပ်နိုင်သလောက် အမြင့်ဆုံးအထိ လုပ်မယ်ဆိုရင် ရေရှည်မှာ အရိုး၊ အဆစ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကို ကာကွယ်ပေးနိုင်မယ်ဆိုတဲ့ အချက်ပါပဲ။
ဒီလိုကိုယ်လက်လှုပ်ရှား လုပ်ရာမှာလည်း တင်းနစ်ကစားခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ ဥယျာဉ်ကို ပြုပြင်ခြင်းမျိုးကဲ့သို့ ပုံမှန်လုပ်နေကျ အလုပ်တွေ ပါဝင်ပါတယ်။
ဒီသုတေသနကိုတော့ ပို့စမောက် တက္ကသိုလ်မှ ဒေါက်တာနေးနီဒါစထရက်ဆာက အသက် ၅ဝ ကျော်ရှိတဲ့ လူပေါင်း ၅၈ဝ၂ ဦးကို ၁ဝ နှစ်ကျော်ကြာ လေ့လာခဲ့တာဖြစ်ပါတယ်။
အဲဒီထဲကမှ လူပေါင်း ၂၄ဝဝ လောက်က သူတို့အနေနဲ့ အရွယ်ရောက်လာချိန်မှာ အရိုး၊ အဆစ်၊ ကြွက်သား နာကျင်ကိုက်ခဲတာတွေကို ခံစားလာရတယ်လို့ ဆိုပါတယ်။
''အသက်ကြီးလာတာနဲ့အမျှ နာကျင်ကိုက်ခဲမှုတွေ ဖြစ်လာတာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါကြောင့် ဒီလိုနာကျင် ကိုက်ခဲမှုတွေကို ဘယ်လိုလျှော့ချနိုင်မလဲ၊ ဘယ်လို ကာကွယ်နိုင်မလဲဆိုတာက ဒီသုတေသနရဲ့ အဓိကအချက်ပါပဲ''လို့ ဒေါက်တာ နေးနီဒါစထရက်ဆာက ပြောပါတယ်။
ဒီသုတေသနဟာ နာတာရှည်နာကျင်ကိုက်ခဲမှု အပေါ်မှာ လိင်အမျိုးအစား၊ ကိုယ်အလေးချိန် အရွယ်အစား၊ အသက်အရွယ်နဲ့ ချမ်းသာကြွယ်ဝမှု အခြေအနေနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့ ပထမဆုံးသော သုတေသနဖြစ်ပါတယ်။
ဒီလိုလေ့လာလိုက်တဲ့အခါ အနေအစား ဆင်းရဲခြင်း၊ အမျိုးသမီးဖြစ်နေခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း စတာတွေဟာ အသက်ကြီးလာတာနဲ့အမျှ အရိုး၊ အဆစ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကို အများဆုံးဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်တယ်ဆိုတာကို တွေ့ရှိရတယ်လို့ ပူးတွဲသုတေသီ ဒေါက်တာနီနာအက်ထရစ်က ပြောပါတယ်။
ဒါ့အပြင် အခုတွေ့ရှိမှုတွေက လူတွေအနေနဲ့ တက်ကြွမှုရှိတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ၊ ဝိတ်ချတဲ့ အစီအစဉ်တွေ လုပ်နိုင်စေဖို့နဲ့ ဝင်ငွေနည်းသူတွေအတွက် နည်းလမ်းတွေရှာဖွေပေးဖို့ အစီအစဉ်တွေဖော်ဆောင်ပေးမယ့် သူတွေအတွက် အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း နီနာအက်ထရစ်က ဆက်ပြောပါတယ်။
ဒါကြောင့် အရိုး၊ အဆစ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုး မဖြစ်စေဖို့ဆိုရင် အထက်မှာပြောခဲ့သလို ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ပတ်တစ်ကြိမ် လုပ်ခြင်းသာမက ကခြင်း၊ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်းတို့လိုမျိုး မပြင်းမပျော့ကိုယ်လက် လှုပ်ရှားမှုတွေကလည်း နာတာရှည်နာကျင် ကိုက်ခဲမှုတွေကို သက်သာစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
နာတာရှည် အရိုး၊ အဆစ်၊ ကြွက်သားနာကျင် ကိုက်ခဲမှုတွေ အဖြစ်များသူတွေက ဘာကြောင့် အမျိုးသမီးတွေဖြစ်ရတာလဲ ဆိုရင် သူတို့မှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့်ဖြစ်နိုင်ပါတယ်။
ကိုယ်အလေးချိန်များတဲ့ သူတွေ၊ အဝလွန်တဲ့သူတွေ အနေနဲ့ကတော့ သူတို့ရဲ့ကိုယ်အလေးချိန်ကြီးကို အဆစ်တွေက ထမ်းထားရတာကြာလာတဲ့ အခါမျိုးမှာ နာကျင်ကိုက်ခဲမှုတွေ ဖြစ်တာဖြစ်ပါတယ်။
ဒီအတွက်ကြောင့် အသက်ကြီးလာတာနဲ့အမျှ အရိုး၊ အဆစ်၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးဖြစ်မှုကနေ ကာကွယ်ပေးနိုင်ဖို့ဆိုရင် တစ်ပတ်တစ်ကြိမ်လောက်ကိုပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်မှုတွေ လုပ်ပေးပါ။
ဒီလို ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းအားဖြင့် အဝလွန်ခြင်း မဖြစ်အောင်လည်း တားဆီးကာကွယ်ပေးရာ ရောက်တာကြောင့် ကျန်းမာရေးအတွက် အထူးပဲ သင့်တော်လှပါတယ်။