မြန်မာနိုင်ငံသည် ခရစ်နှစ် ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှနယ်ချဲ့တို့၏ စိုးမိုးအုပ်ချုပ်မှုအောက်တွင် နေခဲ့ကြရသည်။ နိုင်ငံ၏ပင်လယ်ကမ်းရိုးတန်း ဒေသများ၊ အောက်ပိုင်းဒေသများမှ စတင်ကာ နောက်ဆုံးတွင် နိုင်ငံ၏အထက်ပိုင်းကို သိမ်းပိုက်ခဲ့သည်။ မြန်မာတို့ သူ့ကျွန်ဖြစ်ခဲ့ရသောနှစ်ကို ၁၈၈၅ ခုနှစ် အသိများသော်လည်း အမှန်အားဖြင့် ၁၈၂၄ ခုနှစ်ကတည်းက တစ်စတစ်စသိမ်းပိုက်ခံခဲ့ရခြင်းဖြစ်သည်။ မျိုးဆက်သစ်လူငယ်တို့ လက်ထက်တွင် ဤဖြစ်ရပ်များကို သင်ခန်းစာယူနိုင်စေရန် ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးခဲ့သည်။ မိမိနိုင်ငံသမိုင်းကို မိမိတို့လူငယ်အဆက်ဆက်သိထားမှသာ ငါ့နိုင်ငံတော်ကို ငါတို့ကာကွယ်ရမှာပါလား ဟူသော အသိရင်ဝယ်ရှိပေလိမ့်မည်။
နယ်ချဲ့တို့က မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည်မှာ စစ်တိုက်ခြင်းတစ်ခုသာမဟုတ်ဘဲ သွေးခွဲသပ်လျှိုခြင်း နည်းလမ်းကိုလည်း အသုံးပြုခဲ့သည်။ ကိုလိုနီကျွန်ဘဝမှာလည်း အဆိုးဆုံးရက်စက်ယုတ်မာမှုအဖြစ် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြားမှာ သွေးခွဲအုပ်ချုပ်ခဲ့သည်။ တောင်တန်းဒေသများက တိုင်းရင်းသားများနှင့် မြေပြန့်ဒေသမှ တိုင်းရင်းသားတို့အကြား သံသယစိတ် အမျိုးမျိုးရိုက်သွင်းခဲ့ကာ ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည်။
သို့သော် နိုင်ငံရေးအသိ၊ အမျိုးသားရေးအမြင်တွင်ကျယ်လာကြသော တိုင်းရင်းသား ခေါင်းဆောင်များ၏ စွမ်းဆောင်မှုကြောင့် ကိုလိုနီခေတ် နိဂုံးချုပ်ခဲ့ရသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် အနောက်နိုင်ငံအချို့သည် မြန်မာနိုင်ငံအပေါ် စိတ်ရင်းစေတနာ ကောင်းထားရှိမှု လွန်စွာနည်းပါးသည်။ သွေးခွဲသပ်လျှိုမှုများ၊ သွေးထိုးမြှောက်ပင့်ပေးမှု များကိုလည်း ယနေ့တိုင်လုပ်ဆောင်လျက်ရှိသည်။ မြန်မာတို့ကျင့်သုံးနေသောဒီမိုကရေစီမှာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။ ထိုစနစ်မှာ ငါးနှစ်တစ်ကြိမ်ရွေးကောက်ပွဲကျင်းပ၍ အစိုးရအဖွဲ့ဖွဲ့ကာ တိုင်းပြည်ကို အုပ်ချုပ်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိမှသာ ထိုစနစ်၏သွားရာလမ်းကြောင်း ဖြောင့်ဖြူးနေမည် ဖြစ်သည်။ သို့မဟုတ်ဘဲ ပါတီတစ်ခုတည်းက လက်ရှိအာဏာကိုအသုံးချကာ ရွေးကောက်ပွဲတွင် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများရှိလာပါက ထိုစနစ်၏ လမ်းကြောင်းဖြောင့်ဖြူးမှု ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီစနစ်၏ အသက်ဖြစ်သည်။
လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်ပေမည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲစာရင်းများကြီးမားစွာမှားယွင်းမှု၊ မဲမသမာမှု၊ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ ဖြစ်ပွားခဲ့သည်။ မဲစာရင်းမှားယွင်းမှုများကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များအနေဖြင့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်၍ ရှင်းလင်းခြင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဖြေရှင်းပေးရန် တင်ပြတောင်းဆိုခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
တပ်မတော်အနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၈ ရက်အထိ မဲစာရင်းစိစစ်တွေ့ရှိခြင်းများကို အကြိမ် ၃၀ ထုတ်ပြန်ကြေညာခဲ့သည်။ သဘောထားထုတ်ပြန်ခြင်းအား ရွေးကောက်ပွဲမတိုင်မီ နှစ်ကြိမ်၊ ရွေးကောက်ပွဲအပြီး လေးကြိမ်တရားဝင်ထုတ်ပြန်ခဲ့သည်။ တပ်မတော်သတင်း စာရှင်းလင်းပွဲများ၌လည်း ပြည်တွင်း/ပြည်ပမီဒီယာများရှေ့မှောက်တွင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသခဲ့သည်။ ထိုစဉ်က UEC နှင့် NLDအစိုးရတို့သည် မဲမသမာမှု ပြုလုပ်ခြင်းကို မည်သည့်နည်းနှင့် မျှဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင်မိန့်ခွန်းပြောကြားရာ၌ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေအနေ အပေါ်မှာ အစွဲကင်းကင်း၊ သံသယကင်းကင်းနဲ့ အရှိကိုအရှိအတိုင်း ရှုမြင်သုံးသပ်ကြဖို့ လိုအပ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲမှာ မဲမသမာမှုများ ပြုလုပ်ပြီး နိုင်ငံတော်အာဏာကိုရယူဖို့ ကြိုးစားခဲ့လို့၊ ဒီလိုလုပ်တာကိုထောက်ပြပြီးဆောင်ရွက်သင့်တာဆောင်ရွက်ဖို့ အကြံပြု တိုက်တွန်းခဲ့တာကို လျစ်လျူရှုခဲ့တဲ့အတွက် အရေးပေါ်ကာလ သတ်မှတ်ပြီး တပ်မတော်က နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်နေကြတာ အားလုံးအသိပဲဖြစ်ပါတယ် ဟူ၍ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ် အမှန်သည် ဤအတိုင်းသာဖြစ်သည်။ အနောက်နိုင်ငံအချို့က ယင်းတို့လိုလားသော သြဇာခံအစိုးရတစ်ရပ် ပေါ်ပေါက်မလာသောအခါ မြန်မာနိုင်ငံပျက်စီးရေးကို ဦးတည်လုပ်ဆောင်လာသည်။
NLD ပါတီမှပေါ်ပေါက်လာသော NUG,CRPH ပြည်ပြေးအကြမ်းဖက်သမားတို့ လက်ခံထားသည်။ ၎င်းတို့သြဇာခံမီဒီယာများ အသုံးပြု၍ မြန်မာနိုင်ငံ၏ သတင်းမှန်များကို သတင်းအမှားများဖြင့်ပုံဖျက်ကာ သွေးထိုးလှုံ့ဆော်နှောင့်ယှက်လျက်ရှိသည်။ NUG,CRPH နှင့် PDF တို့၏လူသတ်၊ မီးရှို့၊ မိုင်းထောင်ဖောက်ခွဲ စသည့် တိုင်းရင်းသားပြည်သူများကို ဒုက္ခဆင်းရဲဖြစ်စေသော ဆူပူအကြမ်းဖက်မှုမျိုးမှာ ပြည်သူတစ်ရပ်လုံးက လက်မခံနိုင်သော လုပ်ရပ်ဖြစ်သည်။ ထိုလုပ်ရပ်ကို ပြည်ပနိုင်ငံအချို့က မသိကျိုးနွံပြုကာ အားပေးအားမြှောက် ပြုနေခြင်းမှာ မြန်မာနိုင်ငံပျက်စီးရေးကို ဦးတည်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ကာ သွေးခွဲသပ်လျှိုမြှောက်ပင့်ပေးမှုကို သတိပြုပါရန် အသိပေးရေးသား လိုက်ရပေသည်။