ကူးစက်ရောဂါ ကာကွယ်မှုများအတွက် အရေးပါတဲ့ ဗီတာမင် D3

ကူးစက်ရောဂါ ကာကွယ်မှုများအတွက် အရေးပါတဲ့ ဗီတာမင် D3

လူသားတွေမှာ  သက်စောင့်ဓာတ်လို့ ခေါ်တဲ့ ဗီတာမင်တွေ အများအပြား လိုအပ်ပါတယ်။   အဲဒီထဲကမှ  ဗီတာမင်ဒီနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ရာလေးတွေ ဖြစ်ပေါ်ခဲ့တာလည်း ရှိပါတယ်။

အဓိကအငြင်းပွားရတဲ့  ဗီတာမင်ဒီ ထဲကမှနှစ်ခုက ဗီတာမင်  D2 နဲ့ D3 တို့ပါပဲ။ ဗီတာမင် D2 ဆိုတာ လူသားတွေရဲ့ ကျန်းမာရေးအတွက်  ကောင်းတယ်ဆိုတာ သိထားပြီးဖြစ်ပေမယ့် D3 နဲ့ပတ်သက်ပြီးတော့   အကျယ်တဝင့် သိရှိထားခြင်း မရှိသေးပါဘူး။

ဒါနဲ့ပတ်သက်ပြီး     သုတေသီတွေက လေ့လာမှုတွေ လုပ်ကြပါတယ်။ ဒါကြောင့် အခုသုတေသနမှာ တွေ့ရှိထားတဲ့ ဗီတာမင် D3 ရဲ့ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အခုသုတေသနကို     ဆာဗေးနဲ့ ဘရိုက်တန်တက္ကသိုလ်တို့မှ သုတေသီတွေက ပူးတွဲသုတေသန အနေနဲ့ လုပ်ဆောင်ထားတာဖြစ်ပါတယ်။

သူတို့အနေနဲ့  ဗီတာမင် D2 နဲ့ D3 တို့ရဲ့ အာနိသင် သက်ရောက်မှုကို လေ့လာရာမှာ   သီတင်းပတ် ၁၂ ပတ်အတွင်း နေ့စဉ်သောက်သုံးမှုကနေ    သွေးတွင်းမျိုးရိုးဗီဇ လှုပ်ရှားမှုအပေါ် လေ့လာတာဖြစ်ပါတယ်။

ဒီလိုလေ့လာရာမှာ အရင်ဆုံးအနေနဲ့ ဗီတာမင် D2 နဲ့ D3 တို့ဟာ တစ်ခုနဲ့တစ်ခု အာနိသင်ချင်း မတူတာကို တွေ့လိုက်ရပါတယ်။

ဗီတာမင် D3 ဟာဆိုရင် ကိုယ်ခံအားစနစ်ကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ဆိုပါတယ်။  ဒီလိုအဆင့်မြှင့်တင် ပေးနိုင်တာကြောင့်   ခန္ဓာကိုယ်ကို ဗိုင်းရပ်နဲ့ ဗက်တီးရီယားတွေ ကူးစက်ကပ်ငြိနိုင်ခြင်း မရှိအောင်    ပိုမိုကာကွယ်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ဘာကြောင့်လဲဆိုရင် ဗီတာမင် D3 ဟာခန္ဓာကိုယ်အတွင်းရှိ အမျိုးအစား ၁ အင်တာဖရွန် သတင်းပို့စနစ်ကို နှိုးဆွလှုံ့ဆော်ပေးလို့ပါပဲ။

အင်တာဖရွန်ဆိုတာ    ကိုယ်တွင်းသို့ ရောဂါပိုးတွေ ကူးစက်ဝင်ရောက်မှုကို  ဟန့်တားကာကွယ်ပေးနိုင်တဲ့   သွေးဖြူဥကဲ့သို့ကိုယ်တွင်းရှိ    ကလာပ်စည်းတချို့က ထုတ်ပေးတဲ့ ဒြပ်တစ်မျိုးဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီသတင်းပို့စနစ်ဟာဆိုရင် ဗိုင်းရပ်နဲ့ဗက်တီးရီးယားတွေ ကူးစက်မှုကနေ ကာကွယ်ပေးမယ့် ရှေ့တန်းခံစစ်စည်းလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဗီတာမင် D3ရဲ့အာနိသင်က ဗိုင်းရပ်နဲ့ဗက်တီးရီးယားတွေ  ခန္ဓာကိုယ်အတွင်း ဝင်ရောက်နေရာယူမှုကနေ ကာကွယ်ပေးနိုင်စွမ်း ရှိတာပါ။

ဒီအတွက် ရောဂါပိုး ကူးစက်မှုတွေ အဖြစ်များတဲ့ ဆောင်းရာသီလို ကာလမျိုးတွေမှာ ဗီတာမင် D3 ဖြည့်စွက်စာတွေ ဒါမှမဟုတ် အဲဒီဗီတာမင်ပါတဲ့ အစားအသောက်တွေကို စားသုံးပေးဖို့   သုတေသနပညာရှင်တွေက အကြံပြုတိုက်တွန်းထားပါတယ်။

ဗီတာမင် D3 ကို  သဘာဝအလျောက် အများဆုံး ရရှိနိုင်တာကတော့ နေရောင်ခြည်ကနေဖြစ်ပါတယ်။ နေရောင်ခြည်က လူ့အရေပြားကို ထိတွေ့မှုကနေ ဗီတာမင် D3 ထွက်ပေါ်လာစေတာပါ။

ဒိန်ချဉ်တို့၊  ပေါင်မုန့်တို့လိုမျိုး  တချို့အစားအစာတွေမှာတော့ ဗီတာမင် D3 ပါဝင်ပေမယ့် ပမာဏအားဖြင့် နည်းပါးပါတယ်။  တချို့သော အပင်တွေမှာကျတော့ ဗီတာမင်  D2 သာ ပါဝင်တာကိုလည်း တွေ့ရပါတယ်။

ဒီကနေ့ခေတ်လူသားတွေဟာ နေရောင်ခြည်ကောင်းစွာ မရရှိတဲ့နေရာမျိုးတွေမှာသာ အနေများလာကြပါတယ်။ ဒါကြောင့်လည်း ဗီတာမင် D3 ရရှိမှုနည်းပါးကာ ရောဂါပိုးတွေက အလွယ်တကူ ကပ်ငြိလာနိုင်တာပါ။

ဒါ့အပြင်   အခုလို  ကိုဗစ်ကပ်ဘေး ကာလမှာဆိုရင် လူတွေက အိမ်ထဲကနေ အိမ်အပြင်ကိုသိပ်မထွက်ကြတော့တာကလည်း ဗီတာမင် ီ၃ ရရှိမှုနည်းစေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

ဒါကြောင့်  ဗီတာမင်  D3 ရရှိအောင် နေထိုင်ခြင်းက  မိမိတို့ခန္ဓာကိုယ်ကို ပြင်ပကရောဂါပိုးမွှားတွေ ဝင်ရောက်ကပ်ငြိမှုကနေ ကာကွယ်နိုင်မယ့်    အကောင်းဆုံးသော ကာကွယ်ဆေးသာဖြစ်ပါတယ်။