ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ရန်ကြိုးပမ်းရင်း ဆင်းရဲတွင်း နက်လာဖွယ်ရှိသည့် အာဖရိကဒေသတွင်း နိုင်ငံများ
အာဖရိကဒေသရှိ နိုင်ငံအများအပြားသည် ယခုအခါ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်စေရန် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာကို နှစ်စဉ်အသုံးပြု နေရသောကြောင့် မလိုလားအပ်သည့် အကျိုးဆက်များနှင့် ရင်ဆိုင်နေရသည်။
အာဖရိကနိုင်ငံများသည် အမေရိကန် ဒေါ်လာဘီလီယံပေါင်း များစွာကို စာသင်ကျောင်းများနှင့် ဆေးရုံများ တည်ဆောက်ရေးတွင် အသုံးပြုရန် လိုအပ်နေသော်လည်း ယခုအခါ ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိရေးအတွက် အသုံးပြုနေရသည်။
ထို့ကြောင့် ယင်းနိုင်ငံများ၌ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်နေပြီး ထိုသို့သော အားနည်းချက်များကြောင့် ယင်းနိုင်ငံများအား ဆင်းရဲတွင်း ပိုမိုနက်လာစေသည်။
အာဖရိကဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် အီသီယိုးပီးယား နိုင်ငံကိုလေ့လာမည် ဆိုပါက ယင်းနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် ရာသီဥတုဆိုးရွားမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံ့ဂျီဒီပီ၏ ၆ ရာခိုင်နှုန်းကိုအသုံးပြုနေရသည်။
ပို၍ဝမ်းနည်းဖွယ်ကောင်းသည့် အချက်မှာ အာဖရိကဒေသသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် အဓိကဒေသ မဟုတ်သော်လည်း ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်ဖြစ်သည့် ရာသီဥတုဖောက် ပြန်ခြင်းကို အများဆုံး တွေ့ကြုံနေရဖွယ်ရှိသည့် ဒေသတစ်ခုဖြစ်နေခြင်းပင် ဖြစ်သည်။ ကမ္ဘာကြီး၏ အပူချိန်မှာ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ပိုမိုမြင့်တက်လာခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားတွင် ရာသီဥတု ဆိုးရွားမှု၊ ရေကြီးမှုနှင့် မိုးခေါင်ရေရှားမှုများ ပိုမိုဖြစ်ပွားလာပြီဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ဆိုးရွားမှုဒဏ်ကို ခံရသည့်နိုင်ငံများတွင် ကမ္ဘာ့အဆင်းရဲဆုံး ပြည်သူများ နေထိုင်သည့် နိုင်ငံများလည်း ပါဝင်သည်။
အဆိုပါနိုင်ငံများ၏ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် ချမ်းသာကြွယ်ဝသည့် နိုင်ငံကြီးများ၏ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ယှဉ်ပါက များစွာ ကွာခြားလျက်ရှိသည်။
အာဖရိကဒေသရှိ ဆင်းရဲသည့်နိုင်ငံ တစ်နိုင်ငံဖြစ်သော ဆီယာရာလီယွန်၏ လုပ်ဆောင်ချက်ကို လေ့လာကြည့်မည်ဆိုပါက ယင်းနိုင်ငံ တစ်နိုင်ငံတည်းကပင် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၉ဝ ခန့် အသုံးပြု လုပ်ဆောင်နေရသည်ကို တွေ့ရမည်ဖြစ်သည်။
သို့သော် ဆီယာရာလီယွန် နိုင်ငံအတွင်း နေထိုင်ကြသည့်ပြည်သူများ၏ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာ တစ်နှစ်လျှင် သုည ဒသမ ၂ တန်ခန့်သာ ရှိပြီး အမေရိကန်ပြည်သူများက ထုတ်လွှတ်နေသည့် ဓာတ်ငွေ့ပမာဏမှာ အဆပေါင်း ၈ဝ ခန့် ပိုမိုများပြားနေသည်။
ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံအများအပြား အရေးပေါ်ဆောင်ရွက်နေမှုများတွင် မမျှတမှုများ ရှိနေကြောင်း ပြသလျက်ရှိသည်
ဟု ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လေ့လာရေး အဖွဲ့ကြီးတစ်ခုဖြစ်သည့် Power Shift Africa မှ ညွှန်ကြားရေးမှူး မိုဟာမက်အာဒိုးက ထောက်ပြပြောဆိုထားသည်။
ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံးသော နိုင်ငံများသည် ယခုအခါ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေးအတွက် ၎င်းတို့ရနိုင်သမျှ အရင်းအမြစ်များကို အသုံးပြု လုပ်ဆောင်နေရသော်လည်း မိုးခေါင်ရေရှားမှု၊ မုန်တိုင်းတိုက်ခတ်မှုနှင့် ရေကြီးမှုများကို ရင်ဆိုင်တွေ့ကြုံနေရသည်ဟု ၎င်းကထောက်ပြ ဝေဖန်ထားသည်။ ထို့ကြောင့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်ရာတွင် ချမ်းသာကြွယ်ဝသည့်နိုင်ငံများအနေဖြင့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ၌ ကတိကဝတ်ပြုထားသည့်အတိုင်း ရန်ပုံငွေ ပိုမိုထည့်ဝင်ကြရန် ၎င်းကတောင်းဆိုထားသည်။
ငွေကြေးချမ်းသာပြီး စက်မှုထွန်းကားသည့် အနောက်နိုင်ငံများ အနေဖြင့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်ရာတွင် ဆင်းရဲသည့် နိုင်ငံများအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလီယံ ထောက်ပံ့ပေးမည်ဖြစ်ပြီး ၎င်းတို့ထုတ်လွှတ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏကိုလည်း လျှော့ချမည်ဟု ၂ဝဝ၉ ခုနှစ်အတွင်းက ကတိပြုထားသည်။ သို့ရာတွင် အဆိုပါ ချမ်းသာကြယ်ဝသည့်နိုင်ငံကြီးများ၏ ကတိကဝတ်သည် ထားရှိသည့်ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။
အကြောင်းမှာ ချမ်းသာကြွယ်ဝသည့် နိုင်ငံများမှ ပေးအပ်သည့် ရန်ပုံငွေအများစုသည် ရာသီဥတုပြောင်းလဲမှု ဒဏ်ကိုခံနိုင်စေရေးအတွက် လိုက်လျောညီထွေမှုရှိစေရန် ကြိုးပမ်း လုပ်ဆောင်နေသည့် ဆင်းရဲသောနိုင်ငံများထံ ပေးအပ်ခြင်း မဟုတ်ဘဲ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေး စီမံကိန်းများတွင်သာ အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဆင်းရဲသည့်နိုင်ငံများမှာ ချမ်းသာကြွယ်ဝသော အနောက်နိုင်ငံများ ကပေးအပ်သည့် ရန်ပုံငွေများကို အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိသောကြောင့် ၎င်းတို့တတ်နိုင်သည့် နည်းလမ်းများကို အစွမ်းကုန်အသုံးချ၍ ရုန်းကန် လုပ်ဆောင်နေရခြင်းဖြစ်သည်။ ရှားပါးလှသည့် အရင်းအမြစ်များကို အသုံးပြု၍ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် နိုင်ငံ၏ တခြားအဓိက အရေးပါသည့် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးစသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိပေ။
တစ်နည်းအားဖြင့်ဆိုရပါမူ ဆင်းရဲသည့် အာဖရိကနိုင်ငံများ အနေဖြင့် ၎င်းတို့၏ အရင်းအမြစ်များကို ထုတ်ယူ သုံးစွဲနေရခြင်းကြောင့် ဆင်းရဲတွင်းမှာ ပိုမိုနက်လာခြင်းဖြစ်သည်။
အာဖရိကဒေသ၏ ဒုတိယမြောက် အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် တောင်ဆူဒန်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခါးစည်းခံနေရသည်။ ယင်းနိုင်ငံအတွင်း၌ ပြီးခဲ့သည့်နှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးမှုများကြောင့် လူပေါင်း ၈၅ဝဝဝဝ ခန့်မှာ နေအိမ်များကို စွန့်ခွာခဲ့ရသည်။ ထို့ပြင် ရေကြောင့်ဖြစ်ပွားသည့် ရောဂါကူးစက်မှုများနှင့်လည်း တွေ့ကြုံခဲ့ရသည်။
ဒေသတွင်း၌ ဒုတိယမြောက် အဆင်းရဲဆုံး နိုင်ငံဖြစ်လင့်ကစား တောင်ဆူဒန်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၇၆ သန်းခန့် အသုံးပြုနေရသည်။ ယင်းပမာဏမှာ နိုင်ငံ့ဂျီဒီပီ၏ ၃ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။
ထို့ကြောင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံများအနေဖြင့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်ရာတွင် ထိရောက်စွာ တုံ့ပြန်ရန် လိုအပ်လာပြီဖြစ်ကြောင်း၊ သို့မဟုတ်ပါက မနိုင်ဝန်ထမ်းနေရသည့် အာဖရိကဒေသရှိ ဆင်းရဲသည့်နိုင်ငံများ အနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးကိုသာမက ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ် ထိန်းချုပ်နိုင်ရေးအတွက် ရှားပါးလှသည့် အရင်းအမြစ်များကို ထုတ်ယူ အသုံးပြုနေရခြင်းကြောင့် ရေရှည်တွင် ယင်းနိုင်ငံများအား ပိုမိုနက်ရှိုင်းသည့် ဆင်းရဲတွင်းသို့ ဆွဲချသွားဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ထောက်ပြပြောဆိုထားခြင်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း