ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးတို့အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအပေါ် အဂတိလိုက်စား မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိ ချက်အရ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော် ဌေးတို့သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ် ၂ဝ၁၇ ခုနှစ်အတွင်း ကာလပေါက်ဈေး ငွေကျပ် ၆၅ သန်းကျော် တန်ဖိုးရှိသည့် နိုင်ငံတော်ပိုင်(အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ) မြေကွက်လပ်အား နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်ရရှိမှု ကိုအကြောင်းပြု၍ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ ပေးအပ်ခဲ့ပြီး အဆိုပါမြေနေရာအား ပြန်လည်အလှူခံရယူခဲ့ခြင်း။
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုသည် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လွိုင်လင်လေးနှင့် နန်းမယ် ခုံရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန LED Board နှင့် Transformer တည်ဆောက်ခြင်း၊ ပြည်နယ် လမ်းဦးစီးဌာန ရှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်း အိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါအောင်မြင်သော ကုမ္ပဏီ ထံမှ ပေးအပ်သည့် စုစုပေါင်းငွေကျပ်သိန်း ၁၁ဝ ကို လည်းကောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း လွိုင်ကော်မြို့တွင်းလမ်း Platform ဆောင်ရွက်ခြင်းလုပ်ငန်း၊ Slab Culvert တည်ဆောက်ခြင်း လုပ်ငန်း၊ စိုက်ပျိုး ရေးဦးစီးဌာန ပြည်နယ်ရုံးသစ် နှစ်ထပ်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှပေးအပ်သည့် စုစုပေါင်းငွေကျပ် ၈၂ သိန်းကိုလည်း ကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံ ရယူခဲ့ခြင်း။
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကယား ပြည်နယ်အစိုးရ အဖွဲ့ရုံးနှင့် ဧည့်ရိပ်သာတို့ အား လျှပ်စစ်မီး အလှဆင်ခြင်းနှင့် လွိုင်ကော် လေဆိပ် CCTV တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂ဝ၁၇ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်း မပြုသဖြင့် နိုင်ငံတော်က ရရှိမည့်အခွန်အခနှင့် နိုင်ငံ တော်ငွေကြေးသက်သာခွင့်များ နစ်နာဆုံးရှုံး စေခဲ့ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးတို့ အပေါ်အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ ကယားပြည်နယ် လွိုင်ကော်မြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၇ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အခြားသော စစ်ဆေးပေါ်ပေါက် ချက်များအရ ကယားပြည်နယ်အစိုးရအဖွဲ့ ရုံးအတွက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁ဝ၄ဝ ဖြင့် တင်ဒါခေါ်ယူဝယ်ယူခဲ့ သည့် ကယားပြည်နယ်အစိုးရ အဖွဲ့ပိုင် စက် ယန္တရား ၁၈ စီး၏ ငှားရမ်းခရငွေများအား ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ် ကာလတွင် စက်ယန္တရား ငှားရမ်းခရငွေ ငွေကျပ် ၃၁၁ သန်းကျော် ထဲမှ ငွေကျပ် ၂၃၄ သန်းကျော်ကို ဌာန ဆိုင်ရာငွေစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ၎င်း၏အကျိုးစီးပွားအတွက် သုံးစွဲခဲ့ခြင်း၊ ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပ သည့် အစိုးရမြေနေရာ (ကယားဒေးကွင်း) အား တင်ဒါခေါ်ယူခြင်းမပြုဘဲ ကုမ္ပဏီတစ်ခု သို့ မြေငှားရမ်းခွင့်ပြုခဲ့ခြင်းတို့နှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။