အိုမီခရွန်၊ အားဖြည့် ကာကွယ်ဆေးနှင့် ဗီတာမင်ဒီ
ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါအနေနဲ့ ကူးစက်မှုလှိုင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပွားလျက်ရှိပါတယ်။ ထိုသို့ဖြစ်ပွားစေမှုမှာ အဓိကလက်သည်ကတော့ မျိုးကွဲသစ်များ ဖြစ်ထွန်းနေမှုကြောင့်ပဲ ဖြစ်ပါတယ်။
မျိုးကွဲပေါင်းမြောက်မြားစွာ ပေါ်ပေါက်ခဲ့ပြီး စိုးရိမ်ဖွယ် မျိုးကွဲအနေဖြင့် ငါးမျိုးအထိ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်လ်တာနဲ့ အိုမီခရွန် မျိုးကွဲများပဲဖြစ်ပါတယ်။ အသစ်ထွက်ပေါ်လာတဲ့ မျိုးကွဲများဟာ ကူးစက်နှုန်းအရ ယခင်မျိုးကွဲများကို ဖြတ်ကျော်ကာ အဓိကလွှမ်းမိုး ကူးစက်တတ်တဲ့ မျိုးကွဲများအဖြစ် ပေါ်ထွက်လာနေတာလည်း တွေ့ရပါတယ်။ ယခုဆိုရင် တစ်ကမ္ဘာလုံး ကိုဗစ်ဖြစ်ပွားမှုရဲ့ အဓိက လက်သည်ဟာ အိုမီခရွန်ဖြစ်လာပါပြီ။ အိုမီခရွန်ဟာ သူ့အရင် မျိုးကွဲဒယ်လ်တာထက် ကူးစက်နှုန်း ငါးဆခန့် ပိုမြန်တာကြောင့် မြန်မြန်ဆန်ဆန်ပဲ လွှမ်းမိုးလာတာ တွေ့ရပါတယ်။ အိုမီခရွန်ဟာ ယခင်ကာကွယ်ဆေး ထိုးထားသူရော၊ ကူးစက်ခံထားရပြီး သူများကိုပါ ထပ်မံကူးစက်နေတာလည်း ဖြစ်ပါတယ်။ ပြင်းထန်မှုအနေနဲ့ ဒယ်လ်တာမျိုးကွဲလောက် မဆိုးရွားပေမယ့် ကူးစက်မှုနှုန်း မြန်ဆန်တာကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း မြင့်တက်လာတာ တွေ့နေရပါတယ်။ ဆေးသိပ္ပံပညာဟာ လေ့လာသုတေသနပြုမှုတွေကို မျိုးကွဲသစ် ပေါ်ထွက်မှု အပေါ် အလျဉ်မီအောင် လျင်မြန်စွာ လုပ်ဆောင်နေသော်လည်း တွေ့ရှိမှုများကို စဉ်ဆက်မပြတ် ဖော်ထုတ်ပေးလျက်ရှိပါတယ်။ အိုမီခရွန်နဲ့ပတ်သက်လို့ ကာကွယ်ထိန်းချုပ်နိုင်မယ့် တွေ့ရှိချက် အချို့ကိုဖော်ပြလိုပါတယ်။
အားဖြည့်ကာကွယ်ဆေးများ ထိုးနှံခြင်းနှင့် ကူးစက်ခံရခြင်း
ရောဂါကူးစက် ခံရဖူးပြီးနောက် ကာကွယ်ဆေးထိုးထားသူ တစ်ဦးသည် ကိုဗစ်-၁၉ ရောဂါကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ကြောင်း သုတေသနအသစ် တစ်ခုအရ သိရှိရပါတယ်။ Booster အပါအဝင် ကာကွယ်ဆေး သုံးကြိမ် ထိုးထားသူတွင် ရရှိသည့် Antibodies ပမာဏသည် ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး တစ်ကြိမ် ကူးစက်သူတွင် ရရှိတဲ့ Antibodies ပမာဏနှင့် တူညီမှုရှိသည်ကိုလည်း တွေ့ရှိရကြောင်း အဆိုပါ သုတေသနက ဆိုပါတယ်။
အသက် ၁၈ နှစ်မှ ၆၅ နှစ်အကြား လူ ၁၇၁ ဦးကို ၂ဝ၂ဝ ပြည့်နှစ် နွေဦးပိုင်းမှစပြီး ၂ဝ၂၁ နှစ်ကုန်အထိ စမ်းသပ်မှုပြုလုပ်ခဲ့ရာမှ အဆိုပါရလဒ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဤတွေ့ရှိချက်ဟာ ယခုပျံ့နှံ့နေသော အိုမီခရွန်အပါအဝင် ၉၅ ရာခိုင်နှုန်းသော ကိုဗစ်-၁၉ မျိုးကွဲများအတွက် အကျုံးဝင်ကြောင်းလည်း သိရှိရပါတယ်။
ရောဂါပိုးကူးစက်ခံရပြီးမှု တစ်ခုတည်းဖြင့်တော့ လုံလောက်သော အကာအကွယ်ကို မပေးနိုင်သော်လည်း ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီး ကူးစက်ခံရဖူးလျှင် ကာကွယ်ဆေး သုံးကြိမ်ထိုးထားသူနှင့် တူညီသော ကာကွယ်မှုစွမ်းရည် ရရှိကြောင်း တွေ့ရှိရပါတယ်။ ထို့ပြင် ကာကွယ်ဆေးထိုးနှံသည့် အချိန်ကာလသည်လည်း အရေးကြီးကြောင်း အဆိုပါ သုတေသနပြုချက်တွင် ဖော်ပြထားပါတယ်။
ရောဂါကူးစက်မခံရဖူးသူ တစ်ဦးတွင် တတိယအကြိမ် ကာကွယ်ဆေးထိုးခြင်းသည် အိုမီခရွန်မျိုးကွဲကို ပုံမှန်ထက် ၄၂ ဆ ပို၍ ကာကွယ်နိုင်သည်ကို တွေ့ရှိရပါတယ်။ ထို့ကြောင့် တတိယအကြိမ် ကာကွယ်ဆေးထိုးခြင်းသည် အိုမီခရွန်မျိုးကွဲကို အားပျော့ပျက်ပြယ်စေသည်ဆိုသည့် သဘောဖြစ်ပါတယ်။
ယနေ့အချိန်အထိ လေ့လာတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကိုခုခံနိုင်ပြီး ရောဂါပြင်းထန်မှု မဖြစ်ပွားစေရန်အတွက် လူတစ်ဦးတွင် Antibody ပမာဏများပြားရန် အရေးကြီးတယ်လို့ဆိုပါတယ်။ သို့သော် ယခုလေ့လာတွေ့ရှိချက်တွင် ထိုသို့မဟုတ်တော့ပါ။
ကာကွယ်ဆေးထိုးနှံခြင်းကြောင့်ဖြစ်စေ၊ ရောဂါကူးစက် ခံရဖူးသောကြောင့်ဖြစ်စေ မတူညီအနည်းငယ် ကွဲပြားသော Antibody ဆူးချွန်သုံးခုကို ခန္ဓာကိုယ်က လက်ခံရရှိဖူးသည်ဆိုရင် ခန္ဓာကိုယ်အတွင်း ရှိနေသော Antibody တစ်ခုချင်းစီသည် ဗိုင်းရပ်ပိုးကို တိုက်ခိုက်ရန်အတွက် ပိုမိုစွမ်းရည်မြင့်မားလာကြောင်း တွေ့ရှိရသည်ဟု အဆိုပါသုတေသနက ဆိုပါတယ်။ ဆိုလိုသည်မှာ Antibody အရေအတွက်များခြင်းထက် ရှိနေသည့် Antibody များက ကိုဗစ်-၁၉ ရောဂါပိုးကို ထိရောက်စွာ တိုက်ခိုက်နိုင်တဲ့စွမ်းရည်မြင့်များ ဖြစ်နေရန် ပိုမိုအရေးကြီး ခြင်း ဖြစ်ပါတယ်။
ဗီတာမင်ဒီနှင့် ကိုဗစ်-၁၉
အစ္စရေးသိပ္ပံပညာရှင်များ၏ အခြားသော လေ့လာမှုတစ်ခုတွင် ကိုဗစ်-၁၉ မကူးစက်ခံရမီ ခန္ဓာကိုယ်အတွင်း Vitamin Dဓာတ် မြင့်မားခြင်းက ရောဂါပြင်းထန်မှုကို သိသိသာသာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
ဤတွေ့ရှိချက်ဟာ ၂ဝ၂ဝ ပြည့်နှစ် ဧပြီလမှ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း လူဦးရေ ၂၅၃ ဦးကို လေ့လာသုတေသနပြုချက်အရ ရရှိလာခြင်းဖြစ်သော်လည်း ယခုပြန့်ပွားနေသော အိုမီခရွန် မျိုးကွဲတွင်လည်း တူညီသော တုံ့ပြန်မှုများ တွေ့ရတယ်လို့ ဆိုပါတယ်။
Vitamin D (UVA) သည် သဘာဝနေရောင်ခြည်နှင့် လူ့အရေပြားတို့ တိုက်ရိုက်ထိတွေ့ရာမှ အများဆုံး ထွက်ပေါ်သည့် ဓာတ်တစ်မျိုးဖြစ်ပါတယ်။ သဘာဝမဟုတ်ရင် မည်မျှတောက်ပသော အလင်းရောင်ဖြစ်စေကာမူ Vitamin D ဓာတ်ထွက်ပေါ်မည် မဟုတ်ပါ။ ပုံမှန်အားဖြင့် သွေးတစ်မီလီလီတာလျှင် အနည်းဆုံး ၂ဝ နာနိုဂရမ် ရှိရမည်ဖြစ်သော်လည်း ကပ်ရောဂါသည် လူအများအပြားကို နှစ်နှစ်ကျော်ကြာအောင် အိမ်တွင်း အောင်းစေခဲ့တဲ့အတွက် လူအများအပြားတွင် ဗီတာမင်ဒီ သည် ရှိသင့်ရှိထိုက်သည့် အဆင့်အောက်သို့ ကျဆင်းသွားနိုင်ခြေ ရှိနေကြောင်း သုံးသပ်ရပါတယ်။ သို့သော်လည်း ယခုသုတေသနပြုချက် ရလဒ်အသစ်များအရ သွေး တစ်မီလီလီတာလျှင် အနည်းဆုံး ၅ဝ မီလီဂရမ် ရှိရမည်ဟု သိရှိရပြီး ထိုထက်နည်းနေလျှင် Immune ကျဆင်းသည်ဟု သတ်မှတ်နိုင်ပါတယ်။
အစားအသောက်မှတစ်ဆင့် ဗီတာမင်ဓာတ်ဖြည့်တင်းခြင်းသည် လူ့ခန္ဓာကိုယ်အတွက် လုံလောက်သော ဗီတာမင် ပမာဏရရှိရန် မလွယ်ကူပါ။ Vitamin D ကို အဆီတွင် ပျော်ဝင်နိုင်သော အစားအစာများဖြစ်သည့် ငါး၊ မှို၊ ကြက်ဥအနှစ်၊ ဒိန်ချဉ်၊ အမဲအသည်းနှင့် ဘဲသားတို့တွင် တွေ့ရှိရသော်လည်း သြစတေးလျနိုင်ငံ ဗစ်တိုးရီးယားတက္ကသိုလ်မှ ပါမောက္ခ ခရော်ဘင်ရိုက်၏ လေ့လာမှုအရ အစားအသောက်တွင် ပါဝင်သော Vitamin D3 ပမာဏမှာ အင်မတန်နည်းပါးကြောင်း သိရှိရပါတယ်။ ထို့ကြောင့် Vitamin D3 ပမာဏ ပုံမှန်အောက် ကျဆင်းနေသူများ အနေဖြင့် Vitamin D3 ဖြည့်စွက်အားဆေးများကို သောက်သုံးသင့်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ရောဂါပြင်းထန်စွာ ခံစားရခြင်းမှာ Vitamin D လုံလောက်စွာမရှိခြင်းဟာ အဓိကတရားခံဖြစ်ကြောင်း ပါမောက္ခ ခရော်ဘင်ရိုက်က ဆိုပါတယ်။
အစ္စရေးသုတေသန ပညာရှင်များ၏ Vitamin D နှင့် ပတ်သက်သည့် ယခုလေ့လာ တွေ့ရှိချက်ဟာ ကိုဗစ်-၁၉ ရောဂါပြင်းထန်မှုကို ခုခံရန်အတွက် သေးငယ်သော အစိတ်အပိုင်း တစ်ခုသာရှိပါသေးတယ်။ သို့သော်လည်း ရောဂါပြင်းထန်စွာ ခံစားရသော ကူးစက်ခံရသူများအတွက် ဆေးပညာ၏ ကောက်ရိုးတစ်မျှင်အဖြစ် အသုံးချနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
References: Straittimes.com,psychologytoday.com