မိသားစုအတွက် စွန့်လွှတ်ကြသူများနေထိုင်ရာ ကျောက်ကပ်တစ်လုံးရွာ
အလုပ်အကိုင်ကမရှိ။ အကြွေးတွေကလည်း တင်ပြီးရင်းတင်။ ကလေးတွေကိုလည်း ကျွေးမွေးဖို့အတွက် ခြူးတစ်ပြားမှ မရှိ။ ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်တဲ့ နူရူဒင်အနေနဲ့ သူ့မှာ ရှိတဲ့ကျောက်ကပ်တစ်လုံးကို ထုတ်ရောင်းဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။
ဒီလိုကျောက်ကပ် ထုတ်ရောင်းလိုက်ရတဲ့ နူရူဒင်ဟာ မိသားစုကို ကျွေးမွေးထောက်ပံ့နိုင်ဖို့အတွက် သူတို့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို စွန့်လွှတ်နေကြရတဲ့ အာဖဂန်နစ္စတန် ပြည်သူတွေထဲက တစ်ယောက်အပါအဝင် ဖြစ်သွားပါပြီ။
အခုတော့ ငွေမရှိရင် ကျောက်ကပ် ထုတ်ရောင်းဆိုတဲ့ အလေ့အကျင့်ဟာ အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်မြို့မှာ တောမီးပမာ ပျံ့နှံ့လာနေပါပြီ။
ဟီရတ်မြို့အနီးမှာရှိတဲ့ ကျေးရွာတစ်ရွာ ဆိုရင်လည်း သူ့ရဲ့မူလရွာ အမည်ပျောက်ပြီးတော့ ကျောက်ကပ်တစ်လုံးရွာလို့တောင် အမည်တွင်လာတဲ့ အထိပါပဲ။ အကြောင်းရင်းကတော့ အဲဒီရွာမှာရှိတဲ့သူ အများအပြားက ကျောက်ကပ်တစ်လုံးစီနဲ့သာ အသက်ဆက်ရှင်နေကြရလို့ပါ။
''ကျွန်တော့်အနေနဲ့ အခုလိုလုပ်ရတာဟာ ကျွန်တော့်ကလေးတွေ အတွက်ပါ။ ဒီနည်းလမ်းကလွဲလို့ ကျွန်တော့်မှာတခြား နည်းလမ်းလည်း မရှိတော့ပါဘူး'' ဆိုပြီး နူရူဒင်က ပြောလာပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံဟာ အမေရိကန်ရဲ့ ကျူးကျော်တိုက်ခိုက်မှု နောက်ပိုင်းကစလို့ အခြေအနေအရပ်ရပ်မှာ အဆိုးဆုံးသော အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အခုဆိုရင် အမေရိကန်တို့က အာဖဂန် နစ္စတန်ကို စစ်မီးရှို့ပြီး ကျန်ရစ်ခဲ့တဲ့ပြာပုံအတိုင်း ထားရစ်ခဲ့တဲ့အတွက် အဘက်ဘက်က နိမ့်ကျမှုတွေရှိလာတဲ့အပြင် လူသားချင်း စာနာထောက်ထားမှုအတွက် လိုအပ်ချက်ကလည်း တစ်နေ့တခြား မြင့်တက်လာမြဲသာဖြစ်ပါတယ်။
ဒီအချိန်မှာ ပြည်ပက ကူညီထောက်ပံ့မှုတွေ ဝင်ရောက်လာမှုက နည်းပါးလာသလို အာဖဂန်နစ္စတန်နိုင်ငံပိုင် ဒေါ်လာ ဘီလီယံပေါင်း များစွာဟာလည်း အမေရိကန်အစိုးရ လက်ထဲမှာ ထိန်းချုပ်ခံထားရပါတယ်။
ဒီလိုအခြေအနေ အရပ်ရပ်ကြောင့် လူချမ်းသာတွေဆီက ငွေကြေးဥစ္စာတွေ လူဆင်းရဲတွေဆီ ပျံ့နှံ့ရောက်ရှိမှု နည်းပါးလာတာဟာ နူရူဒင်လိုမျိုး လူတွေအတွက် ကူကယ်ရာမဲ့တဲ့ဘဝကို ရောက်သွားစေတာပါပဲ။
နူရူဒင်ဟာ တစ်ချိန်က စက်ရုံအလုပ်သမားဖြစ်ပြီး အဲဒီစက်ရုံက သူ့ရဲ့လစာကို အာဖဂန်နီ ၃ဝဝဝ အထိ လျှော့ချလိုက် ချိန်မှာတော့ ဒီထက်ကောင်းတဲ့ အလုပ်တစ်ခုရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီအလုပ်ကနေ ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတစ်ဝန်းမှာ အလုပ်လက်မဲ့ အရေအတွက် လွန်စွာဖောင်းပွနေတာကြောင့် နူရူဒင်တစ်ယောက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ အလုပ်ပြုတ်တာသာ အဖတ်တင်သွားရတာပါ။
ဒီအချိန်မှာ မိသားစု စားဝတ်နေရေး အတွက် ကြံရာမရတဲ့အဆုံး ပြဿနာကို ရေတိုဖြေရှင်းမှုအနေနဲ့ သူ့မှာရှိတဲ့ ကျောက်ကပ်တစ်လုံးကို ထုတ်ရောင်းလိုက် ရတာပဲဖြစ်ပါတယ်။
''အခုတော့ ကျွန်တော့်ရဲ့လုပ်ရပ်ကို ကျွန်တော်နောင်တ ရနေပါပြီ။ အခုဆိုရင် ကျွန်တော်ဟာ အလေးအပင်တွေလည်း မမနိုင်တော့ပါဘူး။ အနာကလည်း နာကျင်ကိုက်ခဲနေပါတယ်''ဆိုပြီး နူရူဒင်က သူ့ရဲ့ အိမ်အပြင်ဘက်မှာထိုင်နေရင်း နောင်တရစကား ဆိုလာပါတယ်။
လက်ရှိအချိန်မှာတော့ သူ့မိသားစုဟာ စားဝတ်နေရေးအတွက် အသက် ၁၂ နှစ် ရှိပြီဖြစ်တဲ့ သူတို့သားအပေါ်မှာသာ မှီခိုနေရပါပြီ။ သူတို့ရဲ့သားကတော့ တစ်ရက်ကို ဒေါ်လာ ပြား ၇ဝ နှုန်းနဲ့ ဖိနပ်တိုက်တဲ့ အလုပ်ကို လုပ်နေရပါတယ်။
ကျောက်ကပ်တစ်လုံးအတွက် ဒေါ်လာ ၁၅၀၀
ဖွံ့ဖြိုးပြီးနိုင်ငံ အများအပြားမှာတော့ ကျောက်ကပ်ကို ထုတ်ရောင်းတာဖြစ်စေ၊ ဝယ်ယူတာဖြစ်စေ လုပ်ဆောင်ခြင်းက တရားမဝင်ပါဘူး။
အဲဒီနိုင်ငံတွေမှာ ကျောက်ကပ်လှူဒါန်းသူက လက်ခံသူနဲ့ တစ်ခုခုတော်စပ်မှုရှိရမှာ ဖြစ်သလို လှူဒါန်းသူတွေကလည်း ပရဟိတအနေနဲ့သာ လှူဒါန်းလို့ရပါတယ်။
ဒါပေမဲ့ အာဖဂန်နစ္စတန် နိုင်ငံမှာတော့ ဒီလိုလုပ်ဆောင်မှုတွေ အတွက် တရားဥပဒေပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ ဒီအတွက်ကြောင့် နူရူဒင်အပါအဝင် ကျောက်ကပ်ရောင်းချသူ အများစုဟာ ကျောက်ကပ်တစ်လုံးကို အမေရိကန် ဒေါ်လာ ၁၅ဝဝ ထက်မပိုတဲ့ဈေးနဲ့ ရောင်းချနေကြရတာဖြစ်ပါတယ်။
''ဒီနိုင်ငံမှာတော့ ကိုယ်တွင်းအင်္ဂါတွေကို ဘယ်လိုရောင်းချရမယ် ဒါမှမဟုတ် ဘယ်လိုလှူဒါန်းရမယ် ဆိုတာနဲ့ ပတ်သက်ပြီး ထိန်းချုပ်မယ့် ဥပဒေဆိုတာမရှိပါဘူး။
အဓိကလိုအပ်တာကတော့ အလှူရှင်ရဲ့ သဘောတူညီချက်ပါပဲ''လို့ နိုင်ငံမြောက်ပိုင်း မဇာအီရှာရစ်မြို့ရှိ ဆေးရုံတစ်ရုံမှ ခွဲစိတ်ဆရာဝန်ဟောင်း တစ်ဦးဖြစ်တဲ့ ပါမောက္ခ မိုဟာမတ်ဝါကီမာတင်ကပြောပါတယ်။
အလားတူ ဆရာဝန်တွေအနေနဲ့ ကျောက်ကပ်လှူဒါန်းမယ့် သူတွေဆီက သဘောတူကြောင်း ထောက်ခံချက်နဲ့ ဗီဒီယို မှတ်တမ်းတင်မှုတစ်ခုကိုသာ တောင်းဆိုတာ
ဖြစ်တယ်လို့ ဟီရတ်မြို့ရှိ ကိုယ်တွင်းအင်္ဂါ အစားထိုးခွဲစိတ်မှုတွေ အများဆုံး လုပ်ပေးနေရတဲ့ ဆေးရုံတစ်ရုံမှ ခွဲစိတ်ဆရာဝန် ဒေါက်တာမိုဟာမတ် ဘက်ဆာအိုစမာနီက ပြောပါတယ်။
''လူနာဖြစ်စေ၊ အလှူရှင်ဖြစ်စေ သူတို့အနေနဲ့ ဘယ်ကနေလာတယ်၊ ဘယ်လိုမျိုး သဘောတူထားတယ် ဆိုတာကို ကျွန်တော်တို့က စစ်ဆေးမေးမြန်းခြင်းမရှိပါဘူး။ ဒါကျွန်တော်တို့ အလုပ်မဟုတ်ဘူးလေ'' လို့ သူကဆက်ပြောပါတယ်။
ငွေရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ အာဖဂန်ပြည်သူတွေဟာ ကြားပွဲစားနဲ့ချိတ်ပြီး ကိုယ်တွင်းအင်္ဂါရောင်းချမှုတွေ လုပ်နေကြတာပါ။
ကိုယ်တွင်းအင်္ဂါအစားထိုး ကုသမှုကို လက်ခံမယ့်သူက ဆေးရုံတက်ရောက်ရတဲ့ ကုန်ကျစရိတ်တွေအားလုံးနဲ့ အလှူရှင် အတွက်ကုန်ကျစရိတ်တွေ အားလုံးကို ကျခံရတာဖြစ်ပါတယ်။
မိသားစုစားဝတ်နေရေး အတွက် ကျောက်ကပ်ထုတ်ရောင်း ကြသူတွေထဲမှာ အမျိုးသားများသာမက အမျိုးသမီးတွေလည်း ပါဝင်လာတာကို တွေ့ရပါတယ်။
အာဇီတာတို့ မိသားစုဟာ အစာရေစာကို ဝဝလင်လင် မစားရတာကြာပါပြီ။ သူ့ကလေးသုံးယောက်ထဲက နှစ်ယောက်ဆိုရင် အာဟာရချို့တဲ့တဲ့ ရောဂါနဲ့ မကြာသေးခင်ကမှ ကုသမှု ခံယူထားရတာပါ။
ဒါကြောင့်ပဲ အာဇီတာဟာ ကြံရာမရတဲ့အဆုံး သူ့ရဲ့ကိုယ်တွင်းအင်္ဂါကို ထုတ်ရောင်းဖို့ ပွဲစားနဲ့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံပြီး ကျောက်ကပ်တစ်လုံးကို အာဖဂန်နီနှစ်သိန်းခွဲနဲ့ ရောင်းစားလိုက်ရပါတယ်။
''ကျွန်မအနေနဲ့ ဒီလိုမျိုး မလုပ်ချင်ဘဲ လုပ်ခဲ့ရတာပါ။ ကျွန်မယောက်ျားကလည်း အလုပ်မရှိဘူးလေ။ ပြီးတော့ အကြွေးတွေကလည်း တပုံတပင်နဲ့''ဆိုပြီး အာဇီတာက ပြောပါတယ်။
အခုတော့ နေ့စားအလုပ်သမား တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့အမျိုးသားသည်လည်း သူ့လိုမျိုးပဲ ကျောက်ကပ်ထုတ်ရောင်းဖို့ ပြင်ဆင်နေပါပြီ။
ကျောက်ကပ်တစ်လုံးရွာ
ဟီရတ်မြို့ပြင်မှာ ဆေးရှန်ဘာဘဇားလို့ ခေါ်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ အဲ့ဒီရွာလေးဟာ နှစ်ပေါင်းများစွာကြာ ဖြစ်ပွားတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူတွေ နေထိုင်နေကြတဲ့ ရွာလေးပါ။
လက်ရှိအချိန်မှာတော့ ခိုကိုးရာမဲ့ မိသားစုတွေအနေနဲ့ လိုအပ်နေတဲ့ စားဝတ်နေရေးအတွက် သူတို့ရဲ့ ကျောက်ကပ်တွေ အပါအဝင် ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ရောင်းပြီး အသက်မွေးနေရတာကြောင့် ဆေးရှန်ဘာဘဇားဆိုတဲ့ ရွာနာမည်ပျောက်ပြီး ကျောက်ကပ်တစ်လုံးရွာလို့ အမည်တွင်လာရပါပြီ။
ဆိုးဝါးလှတဲ့ အခြေအနေတစ်ခုကို ပြောရမယ်ဆိုရင် မိသားစုတစ်စုတည်းက ညီအစ်ကို ငါးယောက်ဟာ ပြီးခဲ့တဲ့လေးနှစ် အတွင်း သူတို့ရဲ့ကျောက်ကပ်တစ်လုံးစီကို ထုတ်ရောင်းထားပြီးပါပြီ။ သူတို့ရဲ့အတွေးကတော့ ဒီလိုကျောက်ကပ် ထုတ်ရောင်းခြင်းအားဖြင့် သူတို့ရင်ဆိုင်နေရတဲ့ အငတ်ဘေးကနေ လွတ်မြောက်မယ်ပေါ့။
ဒါပေမဲ့ ''ကျွန်တော်တို့ဟာ အကြွေးနွံနစ်နေတုန်းပါပဲ။ ကျွန်တော်တို့အနေနဲ့ ကျောက်ကပ် ထုတ်မရောင်းခင်ကလိုမျိုးပဲ ဆင်းရဲမြဲဆင်းရဲနေတုန်းပါပဲ'' လို့ ဂူလမ်နဘီဆိုတဲ့ အမျိုးသားက သူ့ရဲ့အမာရွတ်ကို ထောက်ပြရင်း ပြောလာပါတယ်။
တကယ်တော့ ကျောက်ကပ်လိုမျိုး ကိုယ်တွင်းအင်္ဂါ လှူဒါန်းသူဖြစ်ဖြစ်၊ ရောင်းချသူဖြစ်ဖြစ် ဘယ်သူမဆိုဟာ နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေတွေကို မပြတ်စစ်ဆေးရပါတယ်။ ကျန်းမာရေးနဲ့ လိုက်လျောညီထွေအောင် စားသောက်ရပါတယ်။
သို့သော်လည်း အရာရာ ပျက်စီးယိုယွင်းနေတဲ့ အာဖဂန်နစ္စတန်မှာ ဒီလိုအခြေအနေမျိုးကို ဖန်တီးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ အရာပါ။
ဒီလိုအခြေအနေမျိုးမှာမှ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ဘာကိုမှမငဲ့ကွက်နိုင်ဘဲ အရဲစွန့်ပြီး ကျောက်ကပ် ထုတ်ရောင်းမယ့်သူတွေ ရှိနေပါသေးတယ်။
ကလေးသုံးယောက် အမေဖြစ်တဲ့ အာဇီဇာဆိုရင် သူ့ရဲ့ကျောက်ကပ်ကို ထုတ်ရောင်းဖို့အတွက် ကိုက်ညီမယ့်သူကို စောင့်စားရင်း အငတ်ဘေးကို ရင်ဆိုင်နေရဆဲပါ။
''အခုဆိုရင် ကျွန်မကလေးတွေက လမ်းတကာခြေဦးတည့်ရာ လျှောက်သွားပြီး တောင်းရမ်းစားသောက်နေရပါပြီ။ ကျွန်မအနေနဲ့ ကျွန်မရဲ့ကျောက်ကပ်ကိုသာ ထုတ်မရောင်းဘူးဆိုရင် အငယ်ဆုံး သမီးလေးကို သူတစ်ပါးဆီ ရောင်းစားရပါတော့မယ်''လို့ အာဇီဇာတစ်ယောက် ဖြေမဆည်နိုင်အောင် မျက်ရည်တွေကျရင်း ဖွင့်ဟပြောလာရပါတော့တယ်။