တရားမဝင် သစ်မျိုးစုံနှင့် ကုန်တင်ယာဉ် ဖမ်းဆီးရမိ
နေပြည်တော် ဖေဖော်ဝါရီ ၂၈
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ချင်းပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တော ဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အတွင်း တရားမဝင် ကညင်ခွဲသား (သုည ဒသမ ၉ဝ၈၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၅၂၁) ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်ခွဲသား(ဆိုဒ်စုံ) (၂ ဒသမ ၇၇၄၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၂၃၂ဝဝ) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် MITSUBISHI FUSO အမျိုးအစား ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅ဝဝဝဝဝဝဝ)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၃၂၃၂ဝဝ)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ (၄ ဒသမ ၄၅၆ဝ)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၃၂ဝ)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံခရိုင် ကျိုက်ထီးရိုးသဘာဝ သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်သစ်မျိုးစုံ(၄ ဒသမ ၉၂၄၁)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၅၉ဝ)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၉၄ဝ၆၃၁) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။