ကာရာဘောင်းဖလား ချန်ပီယံဆုကို လီဗာပူးအသင်း ကိုးကြိမ်မြောက် ဆွတ်ခူးနိုင်ကာ ပြိုင်ပွဲ၏ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်

ကာရာဘောင်းဖလား ချန်ပီယံဆုကို လီဗာပူးအသင်း ကိုးကြိမ်မြောက် ဆွတ်ခူးနိုင်ကာ ပြိုင်ပွဲ၏ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်

ကာရာဘောင်းဖလားပြိုင်ပွဲ    ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့ ဖေဖော် ဝါရီ  ၂၇  ရက်ညက  ယှဉ်ပြိုင်ကစားရာ  လီဗာပူး အသင်းက ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး နောက် ကိုးကြိမ်မြောက် ချန်ပီယံဆုဖလားကို ဆွတ်ခူး နိုင်ပြီး ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းအဖြစ်  ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင်  နှစ်သင်းစလုံး အဓိက  ကစားသမား အစုံအလင်ဖြင့်  ပွဲထွက်လာခဲ့သော်လည်း လီဗာပူးအသင်းက ဂိုးသမား အလီဆန်ဘက်ကာကို ချန်လှပ်ခဲ့ပြီး လူငယ်ဂိုးသမား ကယ်လ်ဟာနှင့် ပွဲထွက် လာခြင်းဖြစ်သည်။   ပွဲစကတည်းက   အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး နှစ်သင်း စလုံး သွင်းဂိုးများ သွင်းယူနိုင်ခဲ့ကြသော်လည်း VAR   စနစ်ဖြင့်  သွင်းဂိုးများကို   ပယ်ဖျက်ခဲ့သည့်အတွက် နစ်နာမှုများရှိခဲ့ပြီး ပွဲချိန် မိနစ် ၉ဝ အထိ နှစ်သင်း သွင်းဂိုး မရရှိခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် အချိန်ပို မိနစ် ၃ဝ ဆက်လက် ကစားရာတွင်လည်း ချယ်လ်ဆီးအသင်းက ဂိုးသွင်းခွင့်အများ အပြားရရှိပြီး  ဂိုးများသွင်းယူနိုင်သော်လည်း   လူကျွံ အနေအထား များကြောင့်   နစ်နာခဲ့ရသည့်အတွက် ပယ်နယ်တီ အဆုံးအဖြတ် ကန်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ပွဲချိန်အတွင်း လီဗာပူးအသင်း အနေဖြင့်   မာတစ်သွင်းယူသည့် သွင်းဂိုးတွင်  ဗန်ဒိုက် လူကျွံခဲ့သကဲ့သို့ ချယ်လ်ဆီးအသင်းမှလည်း ဟာဗက် သွင်းယူသည့် သွင်းဂိုးတွင် တီမိုဝါနာ လူကျွံခဲ့ပြီး လူကာကူ၏ သွင်းဂိုးမှာလည်း ၎င်းကိုယ်တိုင် လူကျွံခဲ့ သည့်အတွက် နစ်နာမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက်  ပယ်နယ်တီ အဆုံးအဖြတ်မကန်မီတွင် ချယ်လ်ဆီး အသင်းအနေဖြင့် ဂိုးသမား မန်ဒီနေရာ၌ ကီပါနှင့်လူစားလဲပြီး နှစ်သင်းကစားသမား  ၁ဝ  ဦးစီ အမှားအယွင်းမရှိ ဂိုးဝင်အောင် ကန်နိုင်ခဲ့ကြသည့်အတွက် ဂိုးသမားအချင်းချင်း ပယ်နယ်တီကန်သွင်း သည်အထိ ရောက်ခဲ့ရသည်။

ဂိုးသမားအချင်းချင်း ပယ်နယ်တီ ကန်သွင်းယူရာ လီဗာပူးအသင်း  ဂိုးသမား  ကယ်လ်ဟာအနေဖြင့် ဂိုးဝင်အောင် ကန်သွင်းနိုင်သော်လည်း ကီပါအနေဖြင့်  ဂိုးဘားတန်းအပေါ် ထောင်ကန်ခဲ့သည့် အတွက်  လွဲချော်ခဲ့သောကြောင့် လီဗာပူးအသင်းက  ၁၁  ဂိုး- ၁ဝ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလားကို ကိုးကြိမ် မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်းသည် လိဂ်ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ၁၉၈၁ ခုနှစ်၊ ၁၉၈၂ ခုနှစ်၊  ၁၉၈၃ ခုနှစ်နှင့် ၁၉၈၄ ခုနှစ်တို့တွင် လေးနှစ်ဆက် ဆွတ်ခူးနိုင်ခဲ့သကဲ့သို့  ၁၉၉၅ ခုနှစ်၊ ၂ဝဝ၁ ခုနှစ်၊ ၂ဝဝ၃ ခုနှစ်၊ ၂ဝ၁၂  ခုနှစ်နှင့်  ယခုနှစ်တို့တွင်   ချန်ပီယံဆုကို ကိုးကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်း၏နောက်တွင် မန်စီးတီးအသင်းက ချန်ပီယံဆုရှစ်ကြိမ်ဖြင့် ဒုတိယ အအောင်မြင်ဆုံး အသင်းအဖြစ်   ရပ်တည်လျက်ရှိကြောင်း   သိရသည်။