မြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုထားပါသည်။ အဆိုပါ တရားစွဲဆိုမှုအား မြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတော်၏ ကိုယ်စားသွားရောက် ဖြေရှင်းခြင်းနှင့် အဆိုပါအဖွဲ့၏ ကောင်းမွန်လှသည့် ရှင်းလင်း ဖြေရှင်းချက်များကို ကြိုဆိုပါကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ သဘောထား ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်းကောင်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် လည်းကောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့၏ သဘောထားထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်းကောင်း ထုတ်ပြန်ခဲ့ကြပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လူနည်းစုတိုင်းရင်းသားများဖြစ်ကြသည့် မြို၊ သက်၊ ခမီ စသည့် တိုင်းရင်းသား လူမျိုးစုများအား လူမျိုးသုဉ်းသတ်ဖြတ်မှု၊ ဟိန္ဒူဘာသာကိုးကွယ်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်ဘာသာရေး အစွန်းရောက်တို့ကို လျစ်လျူရှု၍ ဘာသာရေး၊ အစွန်း ရောက်တို့ဘက်မှ ရပ်တည်ကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို မတရားစွပ်စွဲသော ဂမ်ဘီယာနိုင်ငံအား မိမိတို့မှပြင်းထန်စွာ ရှုတ်ချပါသည်ဟူ၍ သဘောထားထုတ်ပြန်ချက်များတွင် တူညီစွာ ဖော်ပြထားသည်။ လက်တွေ့မြေပြင်တွင်လည်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည်မှာ အကြမ်းဖက်ဘာသာရေး အစွန်းရောက်တို့က ဟိန္ဒူအမျိုးသား ၁၀၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ ဟိန္ဒူအမျိုးသမီးရှစ်ဦးကို ဖမ်းသွားကာ အစ္စလာမ်ဘာသာကို အတင်းပြောင်းခိုင်းပြီး အဆိုပါ မိန်းကလေးများကို အဓမ္မကျင့်ခဲ့သည်။ ဤသည်မှာ နစ်နာသူများ ကိုယ်တိုင်ပြောကြားခြင်း ဖြစ်သည်။
ထိုသို့ဖြစ်ရပ်မှန်များကို ယခင်က တင်သွင်းခွင့်မရခဲ့သည့်အတွက် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်ကပင် မှန်နေသယောင် ကမ္ဘာကထင်မှတ်မှားခဲ့သည်။ ယခုအခါပညာရှင်များ၊ စေတနာရှင်များက မြန်မာ ကိုယ်စားလှယ် အဖွဲ့သို့ဖြစ်ရပ်မှန် အချက်အလက်များ ပြုစုပေးပို့ကြသည်။ အထောက်အထားအမှန်များပေးပို့ ခြင်းဖြင့် နိုင်ငံတော်အကျိုးကို တတ်စွမ်းသည့်ဘက်မှသယ်ပိုးပေးကြသည်။ ထိုသို့ဖြစ်စဉ်မှန်အချက်အလက် အထောက်အထား အမှန်များအား ပြုစုပေးကြသည့်ပညာရှင်၊ စေတနာရှင် နိုင်ငံသားတာဝန်ကျေပွန်ကြသူ အပေါင်းအား(၁၀၆)နှစ်သက်တမ်းရှိပြီဖြစ်သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)တို့မှ မှတ်တမ်းတင်ဂုဏ်ပြုကြောင်းကိုလည်းဖော်ပြထားပါသည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံတော်ကိုတရားစွဲဆိုခြင်းအား အချက်အလက်မှန်ကန်စွာ သတ်မှတ်ထားသော တရားဥပဒေနှင့်အညီ ဖြေရှင်းပေးလျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ချက်မှာ နိုင်ငံသားအားလုံးအတွက် ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံကိုချစ်သူတိုင်း ကကြိုဆိုကြသည်၊ ဂုဏ်ပြုကြသည်မှာ မှန်ကန်သော သဘောထားထုတ်ပြန်ချက် ဖြစ်သည်။ အကြမ်းဖက် ဘာသာရေး အစွန်းရောက်တို့က လူနည်းစုတိုင်းရင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ထိုသတ်ဖြတ်မှုကို ဖုံးကွယ်ကာ မိုင်ပေါင်းထောင်ချီဝေးကွာသော ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခြင်းမှာ မှန်ကန်သော လုပ်ရပ်မဟုတ်ခဲ့ပေ။
မြန်မာကိုယ်စားလှယ် အဖွဲ့၏ ဖြေရှင်းခြင်းနှင့် ရှင်းလင်းတင်ပြချက်များမှာ ပြည်သူများ အလွယ်တကူ နားလည်နိုင်သော အကြောင်းအချက်များသာ ဖြစ်သည်။ ဂမ်ဘီယာနိုင်ငံသည် OIC ၏ကိုယ်စားလှယ် အဖြစ် တရားစွဲဆိုပေးနေခြင်း၊ မြန်မာနှင့်ဂမ်ဘီယာသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံအငြင်းပွားမှု ဘာမှမရှိခြင်း၊ ဂမ်ဘီယာနိုင်ငံသည် နစ်နာသူနိုင်ငံ မဟုတ်ခြင်းတို့သည် နားလည်လွယ်သော အကြောင်းအချက်များဖြစ်သည်။ ယခုသွားရောက်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်ချက်များကို နိုင်ငံပိုင်မီဒီယာများတွင် အချိန်နှင့်တစ်ပြေးညီ ပြည်သူများသိရှိအောင် ဖော်ပြပေးလျက်ရှိသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Agent ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏နိဂုံးချုပ်တင်ပြချက်တွင် မြန်မာနိုင်ငံ၏ စာဖြင့်ပေးပို့ခဲ့သည့် ကနဦး ကန့်ကွက်ချက်များနှင့် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင် တင်ပြခဲ့သည့် နှုတ်ဖြင့် လျှောက်လဲချက်များတွင် ပါရှိသော အကြောင်းခြင်းရာများနှင့် တရားရုံးက သင့်လျော်သည်ဟု ဆုံးဖြတ်သော အခြားသော အကြောင်းခြင်းရာများကြောင့် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးအား(၁) ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့်အမှုအပေါ် တရားရုံးကစီရင်ပိုင်ခွင့်မရှိကြောင်းနှင့် သို့မဟုတ်၊ (၂)ဂမ်ဘီယာ နိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးပါရန် ချေပတင်ပြခဲ့သည်။ အနှစ်ချုပ်ဆိုရသော်အသင်း အဖွဲ့များ၏ သဘောထားထုတ်ပြန်ချက်များကို မြဝတီကကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။ ။