၀င်ငွေတိုး၍ ကျန်းမာဖွံ့ဖြိုးစေမည် နေကြာဆီ

 မြန်မာနိုင်ငံသည်မြေကြီးမှ ရွှေသီးသော နိုင်ငံဖြစ်ပေရာ မြေရှိသည်၊ ရေရှိသည်၊ လူအင်အားလည်း ရှိသည့်အတွက် လူတို့နေ့စဉ်စားသုံးရန်အတွက် လိုအပ်သည့် အစာအာဟာရများ စိုက်ပျိုးဖြစ်ထွန်းလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင် လူတိုင်းစားသုံးဆီလျှော့ချသုံးစွဲရေး တိုက်တွန်းအားပေးနေသည်မှာ လူတိုင်း၏ ကျန်းမာရေးကို တွေးရှုမြော်မြင်၍ တိုက်တွန်းခြင်း ဖြစ်သည်။

ထို့ပြင် နှစ်စဉ်ပြည်ပမှမှာ ယူတင်သွင်းနေရသည့် စားသုံးဆီအတွက် နိုင်ငံခြားငွေချွေတာနိုင်ရေးကိုလည်း ရည်ရွယ်ခြင်းဖြစ်သည်။ နိုင်ငံသားတိုင်းသည် တိုင်းပြည်ကို တကယ်ချစ်စိတ်ဖြင့် လုပ်ဆောင်ကြမည်ဆိုပါက မအောင်မြင်နိုင်သောအရာဟူ၍ ရှိမည်မဟုတ်ပါ။

ပြည်ပမှမှာ ယူတင်သွင်းနေကြရမည့်အစား မိမိတို့နိုင်ငံတွင် အားကြိုးမာန်တက်လုပ်ဆောင်မည်ဆိုပါက  ဆီစားသုံးမှုအတွက် ပူပင်သောကဖြစ်ဖွယ် မရှိနိုင်တော့ပေ။ လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံ အရပ်ရပ်တွင် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှု သတင်းများကို စာရေးသူကြား သိလိုက်ရသည်နှင့်နေကြာဆီအကြောင်း လေ့လာမိသည်။ ဆောင်းနေကြာကို   စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ကြဲပက်စိုက်ပျိုးကြသည်။ နေကြာမှာသက်တမ်းလေးလကြာလျှင် ရင့်မှည့် ခူးဆွတ်ကြရပြီး သစ်သားဆုံများဖြင့်ကြိတ်ကာ နေကြာဆီအဖြစ် အသုံးပြုကြရသည်။ အချို့သောဒေသများ ရှိတောင်သူများသည် နှမ်းခင်းများထဲတွင် နေကြာသီးညှပ်စိုက်ပျိုးခြင်း၊ သီးခြားစိုက်ပျိုးခြင်းတို့ဖြင့် စားသုံးဆီရရှိရေး လုပ်ဆောင်ကြသည်။ ရှမ်းပြည်နယ်တွင်သာမက မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိနေသည်။

နိုင်ငံနှင့်အဝှမ်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် စားသုံးဆီအတွက် ပြည်ပကအားကိုးရန် မလိုတော့သည့် အခြေအနေ ဖြစ်လာပေလိမ့်မည်။

တစ်ဧကအထွက် အများဆုံးရရှိစေမည့် နေကြာသီးနှံစိုက်ပျိုးရေး နည်းစနစ်များကို လေ့လာကြည့်မိသောအခါ စိုက်ချိန်မှန်စိုက်ပျိုးခြင်း၊ အနည်းဆုံးအပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်ရှိသော နေကြာမျိုးများကို အသုံးပြုခြင်း၊ တစ်ဧကလျှင်အပင်ဦးရေ ၂၉၀၀၀ အပြည့်အဝရရှိစေရန် တန်းကြား ၂ပေ၊ ပင်ကြား ၉ လက်မထား၍ တစ်ကျင်းလျှင်  နှစ်စေ့နှုန်းစိုက်ပျိုးခြင်း၊ မြေပြုပြင်ခြင်း၊ အပင်သက်တမ်း ၁၅ ရက် သားအတွင်း တစ်ကျင်းတစ်ပင်ချန်၍ ခွဲခြင်း၊ အပင်ငယ်စဉ်ပေါင်းမြက်ကင်းစင်အောင် ပြုလုပ်ပေးခြင်း၊  ပိုးနှင့်ရောဂါ ကျရောက်ပါက သင့်လျော်သည့်ဆေးဖြင့် အချိန်မီကာကွယ်ခြင်း၊ အပင်ယိုင်လဲမှုမဖြစ်စေရန် အဖူးဝင်ချိန်တွင် ပေါင်တင်ပေးခြင်း၊ ရေလိုအပ်ပါက အဖူး ၇၅ ရာခိုင်နှုန်းဝင်ချိန်နှင့် ပန်း ၇၅ ရာခိုင်နှုန်းပွင့်ချိန်တွင် ရေတစ်ကြိမ်စီ သွင်းပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ပြင်အလေအလွင့်နည်းအောင် အချိန်မီရိတ်သိမ်းခြင်း၊ စနစ်တကျမျိုးစေ့ခြွေခြင်း၊ ခြောက်သွေ့အောင်နေလှန်းခြင်းများကိုလည်း လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ၁၉၈၄ ခုနှစ်တွင် ဆင်းရွှေကြာ-၂ အမျိုးအစား၊ ၂၀၁၂ ခုနှစ်တွင် ရေဆင်းနေကြာ-၁ နှင့် ၂၀၁၉ ခုနှစ်တွင်   ရေဆင်းနေကြာ-၂ မျိုးများကို အသုံးပြုလျက်ရှိပြီး ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင်တင်း ၅၀ နှင့် ၆၀ အကြား

ရှိသည်။

တောင်သူဦးကြီးများအနေဖြင့် နေကြာစိုက်ရန်မြေပြုပြင်စဉ်တွင် ယူရီးယား ၁၁၂ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၅၆ ပေါင်နှင့် နွားချေး သို့မဟုတ် သဘာဝမြေသြဇာလှည်း/ကား ၅ စီးမှ ၁၀ စီးနှုန်း ထည့်ပေးရမည်ဖြစ်သည်။ အဖူးဝင်ချိန်တွင်လည်း ယူရီးယား ၅၆ ပေါင် ထပ်မံထည့်ရမည်ဖြစ်သည်။ စိုက်ပျိုးရာတွင်လည်း ထွန်ကြောင်းများဆွဲပြီး လက်ဖြင့်ဖြူးချစိုက်ပျိုးသည့်အခါ နေအပူချိန်ပြင်းခြင်း၊ လေတိုက်ခတ်မှု ပြင်းထန်ခြင်းများနှင့် ကြုံရသည့်အခါ မျိုးစေ့များ ထိခိုက်နိုင်သည်။ ထို့ကြောင့် မျိုးစေ့ချကိရိယာကို အသုံးပြု၍မျိုးစေ့ချသင့်ပေသည်။ နေကြာမှာအပူချိန် ၂၀-၂၅ ဒီဂရီစင်တီဂရိတ် တွင်ပို၍ဖြစ်ထွန်းပါသည်။  မိုးရာသီနှင့်ဆောင်းရာသီများတွင် သီးထပ်သီးညှပ်ပုံစံ အမျိုးမျိုးဖြင့် စိုက်ပျိုးနိုင်သည်။ သီးထပ်စိုက်ပျိုးခြင်း ဆိုသည်မှာ ပထမသီးနှံရိတ်သိမ်းအပြီးတွင် ဒုတိယသီးနှံကို မြေကွက်ပေါ်တွင် စိုက်ပျိုးခြင်းဖြစ်သည်။ သီးညှပ်စိုက်ပျိုးခြင်းဆိုသည်မှာ နေကြာချည်း သီးသန့်စိုက်ပျိုးခြင်းမပြုဘဲ အခြားယာသီးနှံ တစ်မျိုးမျိုးနှင့် တစ်ချိန်တည်းတစ်ပြိုင်တည်း စိုက်ပျိုးခြင်းဖြစ်သည်။ မိုးနည်းပါးသည့်  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ မိုးရာသီတွင်  မျိုးရရှိရေးကို ဦးစားပေးစိုက်ပျိုးကြပြီး ဆောင်းရာသီတွင် သီးသန့်ဖြစ်စေ၊ အခြားသီးနှံများနှင့်သီးညှပ်ဖြစ်စေ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးစပါးအပြီး နေကြာသီးထပ်အဖြစ်လည်းကောင်း၊ ပဲမျိုးစုံဖြင့် သီးညှပ်အဖြစ် လည်းကောင်း စိုက်ပျိုးကြသည်။

မိုးရာသီတွင် စိုက်ပျိုးချိန်မှာ မေလမှဇွန်လအတွင်းဖြစ်သည်။

နေကြာစေ့ဆီကြိတ်၍ ဟင်းချက်စားသုံးမည်ဆိုပါက ကျန်းမာရေးနှင့်ညီညွတ်မျှတကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသီများက ဖော်ပြထားသည်။ နေကြာဆီတွင် လူကိုဘေးဖြစ်တတ်သော ကိုလက်စထရော လုံးဝမပါရှိကြောင်း သိရှိရသည်။ နေကြာစေ့ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး ကောင်းကျိုးမှာ များပြားလှပါသည်။ နေကြာဆီတွင်ပါရှိသော ဗီတာမင်အီးက ဦးရေပြားပေါ်ရှိ သွေးကြောများ လည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေသည်။ ဖောလစ်အက်စစ် ခေါ်  ဗီတာမင် B9 က အာရုံကြောစနစ်အတွက်  မရှိမဖြစ်အာဟာရဓာတ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် အထူးသင့်လျော်သည်။ နေကြာဆီသည် သန္ဓေသား၏မျက်နှာ၊ အသည်း၊ နောက်ဘက်ကျောရိုးမကြီးနှင့် ဦးနှောက်တို့ကိုဖွံ့ဖြိုးရန် ကူညီထောက်ပံ့ပေးနိုင်သည်။

ထို့ပြင်ကင်ဆာအကျိတ်များကြီးထွားလာခြင်းကို နှေးကွေးစေသည်။

နေကြာဆီတွင် ဗီတာမင် B6 ပါဝင်သည့်အတွက် ဦးနှောက်မှတ်ဉာဏ်အား ကောင်းစေသည်။ ဦးခေါင်းတစ်ခြမ်း ကိုက်ခဲသူများမှာ နေကြာဆီကို အထူးစားသုံးသင့်ကြောင်း သိရှိရသည်။ လူတို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရများဖြစ်သည့် အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ကျန်းမာသော အဆီဓာတ်များ၊ ဗီတာမင်နှင့် သတ္တုဓာတ်များကို နေကြာဆီမှရရှိနိုင်သည်။ နေကြာဆီတွင် သစ်ပင်မှ ရရှိနိုင်သောသဘာ၀ အဆီဓာတ်က ကျန်းမာရေးအတွက် အလွန်အရေးပါသော  မပြည့်ဝဆီဖြစ်သည်ဟုလည်း ဆိုပါသည်။  HDL ကိုလက်စထရောများကို ပေးစွမ်းပြီး ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေသော LDL ကိုလက်စထရော လျော့ကျစေပါသည်။ မိမိ၏ကိုယ်အလေးချိန်ကို  လျှော့ချလိုသူတိုင်း နေကြာဆီကို စားသုံးသင့်သည်။ နေကြာဆီကို စားသုံးခြင်းဖြင့် အရေပြားကိုစိုပြည်စေနိုင်သည်။ ဦးနှောက်နှင့်ပတ်သက်သော  ကင်ဆာရောဂါများ အတွက်လည်း ဖောလစ်အက်စစ်ခေါ်ဗီတာမင် B9 ကြွယ်ဝသော နေကြာဆီကို စားပေးသင့်ကြောင်း  ပညာရှင်တို့

ရေးသားထားပါသည်။

ထို့ပြင်  နေကြာဆီစားသုံးခြင်းဖြင့် အရိုးများကြံ့ခိုင်သန်မာစေခြင်း၊ သွေးတိုးရောဂါရှိသူများ နေကြာဆီဖြင့် ဟင်းချက် စားသုံးခြင်းဖြင့် သွေးဖိအားကို လျော့ကျစေခြင်း၊ ပန်းနာရင်ကျပ်ရှိသူများ၊ အဆစ်အမျက်ရောင် ရမ်းနာရှိသူများ၊  အရိုးပွရောဂါရှိသူများအတွက် ဓာတ်စာအဖြစ် စားသုံးနိုင်ခြင်း၊ ဆီးချိုသွေးချိုရောဂါ ရှိသူများစားသုံးသင့်ခြင်း၊ အသားအရေ ဝင်းပလိုသူများ၊ ဝက်ခြံပေါက်သူများ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်သင့်၍ အရေပြား ပျက်စီးသူများ၊ အရွယ်တင်၍ လှပလိုသူများ၊ အသားအရေ မစိုမပြည်ခြောက်သွေ့သူများ၊ ဆံပင်ကျွတ်သူများ အနေဖြင့် နေကြာစေ့လှော်စားခြင်း၊ နေကြာဆီဖြင့် ဟင်းချက်စားခြင်း၊ နေကြာဆီကို လိမ်းပေးခြင်းတို့ ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကိုများစွာ အထောက်အကူပြုစေသည်။ ဆံပင်ဖြူခြင်း ကင်းဝေးအောင်လည်း  နေကြာဆီက ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း စာရေးဆရာမပေါက်ပေါက်၏ ဆောင်းသီးနှံ နေကြာဆီနှင့် ကျန်းမာရေး ဆောင်းပါးတွင် ဖော်ပြထားသည်ကို မှတ်သားလိုက်ရသည်။

နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံတိုးတက်ရေးအတွက် ကြိုးပမ်းနေကြချိန်တွင် ကျွန်တော်တို့ နိုင်ငံသားများအနေဖြင့်  မိမိနိုင်ငံ တိုးတက်ရေးအတွက် လူတိုင်းကျရာနေရာမှ ပါဝင်ကြိုးပမ်းသင့်ပါသည်။ ပြည်သူလူထု တစ်ရပ်လုံးက တိုင်းပြည်တိုးတက်ရေး ဆောင်ရွက်ကြမည်ဆိုပါလျှင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ အဖြစ်မှ လွတ်မြောက်မည်သာဖြစ်သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ လူတိုင်းသည် အူမတောင့်မှ သီလစောင့်နိုင်သည့်အတိုင်း  စားရေရိက္ခာဖူလုံပါမှ တိုင်းပြည်သာယာဝပြောမည်ဖြစ်သည်။  လူတိုင်းတက်ညီလက်ညီလုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် အရေးကြီးသည်မှာ  လူတိုင်းကျန်းမာရေး ကောင်းမွန်နေရန်ဖြစ်သည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည် ဖြစ်သည့်အတွက် ကျန်းမာရေးအတွက် ရှောင်သင့်တာရှောင်၊ စားသင့်တာစားနိုင်ကြမှ ရောဂါကင်းဝေးပေလိမ့်မည်။

ကျွန်တော်တို့နိုင်ငံမှာ ခန့်မှန်းလူဦးရေ ၅၅ သန်းခန့်ရှိပါတယ်။ ကျန်းမာရေးအရ လူတစ်ဦး တစ်ရက်မှာ အနည်းဆုံးစားသုံးသင့်တဲ့ဆီ ၂ ဒသမ ၂ ကျပ်သားဖြစ်ပြီး တစ်နှစ်တာစားသုံးဆီ ၈ ပိဿာနဲ့တွက်ရင် တစ်နှစ်မှာ ကျွန်တော်တို့နိုင်ငံ အတွင်းမှာရှိတဲ့ ခန့်မှန်းလူဦးရေအရ စားသုံးသင့်တဲ့ စားသုံးဆီဟာ တန်ချိန် ၇ သိန်းမျှသာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ပန်းနှမ်းနဲ့ ဆီအုန်းများကနေ စားသုံးဆီများ ထုတ်လုပ်နေတဲ့အတွက် ကျွန်တော်တို့ ပြည်သူပြည်သားတွေဟာ  လူတစ်ဦး တစ်ရက်မှာ အနည်းဆုံးစားသင့်တဲ့ စားသုံးဆီထက် ပိုမိုစားသုံးနေတာ တွေ့ရှိရပါတယ်။

စားသုံးဆီ အလွန်အကျွံ စားသုံးမှုကြောင့် တစ်ဦးချင်းကုန်ကျမှုများ၊ ၎င်းမှ နိုင်ငံအဆင့်ကုန်ကျမှုများ များပြားလာမှာဖြစ်တဲ့ အပြင် တစ်ဦးချင်းရဲ့ကျန်းမာရေး၊ နိုင်ငံအဆင့်  အမျိုးသားကျန်းမာရေးကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူလူထုရဲ့ တစ်ဦးချင်း ကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးကိုရှေးရှုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသုံးဆီပမာဏကိုသာ သုံးစွဲနိုင်ရေး အသိပညာပေးမှုတွေ၊ စားသောက်မှု ပုံစံပြောင်းလဲနိုင်ရေး ဆောင်ရွက်ချက်တွေကို လုပ်ဆောင်လျက်ရှိပါတယ်။

ဤသည်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ(၁)နှစ်ပြည့်နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းပါ  အချက်အလက်များကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ ဤလမ်းညွှန်ချက်မှာ နိုင်ငံတော်နှင့် နိုင်ငံသားများကောင်းကျိုးအတွက် ဖြစ်သည်။ အဓိကမှာ ပြည်ပမှ သွင်းကုန်လျှော့ချနိုင်ရေး၊ ပြည်ပသို့ပို့ကုန် ပိုမိုပို့ဆောင်နိုင်ရေးအတွက်လည်း အထောက်အကူဖြစ်စေသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်တာအတွင်း လုပ်ဆောင်ချက်များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာ နိုင်ငံ၏ပြည်ပ ကုန်သွယ်မှုစာရင်းအရ ပြည်ပသို့ ပို့ကုန်ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံ၊ ပြည်ပသွင်းကုန် ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံဖြစ်သည့်အတွက် ကုန်သွယ်မှု ပိုငွေ ၆၇၇ သန်းကျော်ရှိကြောင်း ဝမ်းသာ ဖွယ်သတင်းကြားလိုက်ရသည်။

မြန်မာနိုင်ငံတွင် စားသုံးဆီထုတ်ယူရန်အတွက် ဆီထွက်သီးနှံအုပ်စုအဖြစ် သတ်မှတ်ထားသော မြေပဲ၊ နှမ်း၊ ပဲပုပ်၊ ဆီအုန်း၊ ပန်းနှမ်းနှင့်နေကြာ  စသည့်အပင်များမှ ထုတ်လုပ်ရရှိသောစားသုံးဆီများကို လုံလောက်စွာ ထုတ်လုပ်နိုင်မည် ဆိုပါက ကုန်သွယ်မှုပိုငွေမှာ သည့်ထက်များပြားလာနိုင်ဖွယ်ရှိပေသည်။   အမှန်အားဖြင့် ပြည်တွင်းဖြစ်စားသုံးဆီများမှာ မိမိတို့ပြည်တွင်းတွင်  ထုတ်လုပ်ခြင်းဖြစ်၍ ရိုးရိုးသားသား ကြိုးကြိုးစားစား ထုတ်လုပ်နိုင်ကြမည်ဆိုလျှင် နိုင်ငံသားတစ်ဦးချင်း၏ ကျန်းမာရေး သက်တမ်းသည်လည်း ပိုမိုရှည်ကြာလာဖွယ် ရှိပေသည်။ တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည် ဖြင့် နည်းလမ်းလေးသွယ်ရှိပေရာ ထိုနည်းလမ်းများအတိုင်း စနစ်တကျစိုက်ပျိုးခြင်းဖြင့် မိမိလုပ်ငန်းအောင်မြင်ရေးကို ရှေးရှုလုပ်ဆောင်ကြရမည် ဖြစ်သည်။

ကမ္ဘာနှင့်အဝန်းစိုက်ပျိုးရေးနည်းပညာများ၊ မွေးမြူရေးနည်းပညာများ တိုးတက်လာသည်နှင့်အတူ ကျွန်တော်တို့မြန်မာနိုင်ငံရှိ  တောင်သူလယ်သမားကြီးများ၊ လုပ်ငန်းရှင်များသည်  ခေတ်မီနည်းစနစ်များနှင့်အညီ မိမိတို့၏လုပ်ငန်းအတွက် တိုးတက်နေအောင်ကြိုးစားကြရမည် ဖြစ်သည်။ စားသုံးဆီများကို ပြည်ပမှ မှာယူတင်သွင်းမှုမျိုး  ကင်းစင်ပပျောက်ရေး ကြိုးစားခြင်းသည် တစ်နည်းအားဖြင့် ဆိုရသော် အမျိုးသားရေး လုပ်ငန်းတစ်ရပ်ဟုဆိုနိုင်ပါသည်။ နိုင်ငံအချို့မှာ မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေဟူသော စိတ်ထားမျိုး မရှိသည့်အတွက် ပြည်တွင်းအားကိုသာ ယုံကြည်ကိုးစားကြရမည် ဖြစ်သည်။

ကိုယ့်အားကိုယ်ကိုး စီးပွားတိုးဆိုသည့်အတိုင်း ဝင်ငွေလည်းလှ ဆီလည်းရမည့် နေကြာစိုက်ပျိုးရေးကို  အားသွန်ခွန်စိုက် လုပ်ဆောင်ကြပါရန် တိုက်တွန်းရေးသား တင်ပြလိုက်ရပေသည်။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)