ကမ္ဘာမြေကြီး၏အဓိပတိသည်ကား မြင်းမိုရ်တောင်၊ လူတို့၏အဓိပတိသည်ကား အုပ်ချုပ်သူမင်း၊ လယ်ယာမြေတို့၏ အဓိပတိသည်ကား ကောက်ပင်ဟူ၍ ရှေးဆိုရိုးရှိပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ လယ်ယာမြေ၏ အဆင်တန်ဆာ ကောက်ပင်တို့သည် မြန်မာတို့၏ အဓိကအာဟာရဖြစ်သည့် ဆန်စပါးကိုပေးစွမ်းပေသည်။ ထို့ကြောင့်လယ်ယာမြေတို့သည် မြန်မာပြည်သူ ပြည်သား၏ ရတနာမြေဟု တင်စားကြခြင်း ဖြစ်သည်။ ရတနာဟူသည်ကား အလှအပအဆင် တန်ဆာမဟုတ်ချေ။ တန်ဖိုးဖြတ်၍ မရနိုင်သော၊ အမြဲတမ်းတန်ဖိုးရှိနေသော အရာသည်သာ ရတနာဖြစ်သည်။ မြန်မာလူမျိုးတို့၏ ရတနာသည် လယ်ယာဖြစ်သည်ဆိုလျှင်မှားမည် မဟုတ်ချေ။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီမှစ၍ နှစ်ပေါင်းထောင်ချီရပ်တည်လာ ခဲ့သောနိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍကို အမှီပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများ ဖြစ်ပေသည်။ ခေတ်အဆက်ဆက်တွင် အရေးပါသော လူတန်းစားတစ်ရပ်ဖြစ်နေသည်။ ရှေးပုဂံခေတ်ကပင် မင်းနေပြည်တော်များအား ဆန်ရေစပါးပေါကြွယ်ဝသော ခရိုင်ဒေသများ၌ တည်ထားကြသည်ကို သာဓကများ တွေ့ရှိရသည်။ သတိုးမင်းဖျား ကိုယ်တိုင်မိန့်မြွက်တော် မူသည်မှာ အင်းဝသည်လယ်ကွင်း ပေါင်းတစ်ဆယ့်တစ်ခရိုင်နှင့် ဆက်စပ်နေသောကြောင့် မင်းနေပြည်တော် အဖြစ်သတ်မှတ်ခဲ့သည်ဆိုသည်။ ရေကောင်းမြေကောင်းကို အမှီပြု၍ မင်းနေပြည်တော်တည်ကြသည်။ ထို့ကြောင့် တောင်သူလယ်သမားတို့သည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရနှင့်ပြည်သူလူထုအတွက် အဓိကကျသော ကျေးဇူးရှင်များပင် ဖြစ်သည်။
ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အောက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ ကျူးကျော် စစ်နှစ်ကြိမ်ပြု သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ ဘဝမှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ် လာသည်။ ၁၈၆၉ ခုနှစ်တွင် စူးအက်တူးမြောင်း ဖွင့်လှစ်နိုင်ခဲ့သဖြင့် အရှေ့နှင့်အနောက် ဆက်ဆံရေးမှာ ပိုမိုပွင့်လင်း လွယ်ကူလာသည်။ ထို့ကြောင့် ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပို့ရန် ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့သဖြင့် အထက်မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ကြသည်။
ဆန်စပါးစိုက်ပျိုးမှု အခြေအနေကောင်းလာသော အခါတွင် အင်္ဂလိပ်တို့သည် အောက်မြန်မာနိုင်ငံ မြေခွန်တော် လက်စွဲနှင့် မြေနှင့်အခွန်တော်ဥပဒေကို ပြဋ္ဌာန်းလျက် ကုန်သည်များအကျိုးကို ဆောင်ရွက်ခဲ့သည်။ ၁၈၈၆ ခုနှစ်အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်၌လည်း ထိုဥပဒေကိုပင် ဆက်လက်ပြဋ္ဌာန်းခဲ့သည်။ လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိမြေများကို ဂရန်မြေ (အပိုင်စာချုပ်မြေ) အငှားစာချုပ်မြေယာယီ လုပ်ခွင့်ရမြေ၊ မြေနုကျွန်းမြေ၊ နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ ခွဲခြားသတ်မှတ်ပေးခဲ့သည်။
ထို့ကြောင့်လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ အဆမတန် များပြားလာပြီး မြေလွတ်မြေရိုင်းများကို ခုတ်ထွင် ရှင်းလင်းလျက် လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင် လာကြသည်။
အင်္ဂလိပ် အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူလယ်သမားများဖြစ်သည့် မြန်မာ့ကျေးလက်နေ လူတန်းစားများ၏ဘဝမှာ လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာ အားနည်းမှု တို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။ ၁၉၃၀ ပြည့်နှစ်ကမ္ဘာ့ စီးပွားပျက်ကပ်ဖြစ်ပွားသော အခါတွင် မြန်မာလယ်သမား အများစုမှာ လယ်ယာမဲ့ဘဝသို့ ရောက်ရှိ သွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။ထိုအရေးတော်ပုံကို ဆရာစံက သုပဏ္ဏကဂဠုန်ရာဇာ ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သည်။
အင်္ဂလိပ်တို့သည် ထိုအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံရပ်နားသွားသော်လည်း မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။ နယ်ချဲ့လက်အောက်တွင် တောင်သူလယ်သမားတို့၏ ဘဝမှာ အောက်ကျနောက်ကျဖြင့် နေထိုင်ခဲ့ရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလ အစိုးရက အုပ်ချုပ်ခဲ့သည်။ လွတ်လပ်ရေးရလျှင်ရချင်း ၁၉၄၈ ခုနှစ်တွင်ပင် ဖဆပလ အစိုးရက လယ်ယာအလုပ်သမားအနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေတို့ကို ပြဋ္ဌာန်းပေးလျက် လယ်သမားတို့၏ ဘဝကိုမြှင့်တင်နိုင်ရေး အစီအစဉ်များချမှတ် လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ထူးခြားတိုးတက်မှုမရှိခဲ့ပေ။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ရယူခဲ့သည့်နောက်ပိုင်း တောင်သူလယ်သမား ဘဝမြင့်မားစေရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၆၃ ခုနှစ် မတ်လတွင် သီးစားချထားရေးဥပဒေ၊ သီးစားချထားရေးနည်းဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့်ဥပဒေများ ချမှတ်ဆောင်ရွက် ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုမရှိ၍ ၁၉၆၅ ခုနှစ်တွင် ၁၉၆၃ သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ၁၉၆၅ သီးစားချထားရေးဥပဒေကို ထပ်မံထုတ်ပြန်ပေးခဲ့ပြီး တစ်ဧကချေးငွေနှုန်းထားကိုလည်း ရှစ်ဆအထိ တိုးမြှင့်ပေးခဲ့သည်။ သို့သော်အခြားမူဝါဒအမှားများကြောင့် စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းခဲ့ပြီး တာဝန်ကျေ စပါးထုတ်လုပ်သည့် အဆင့် ရောက်ရှိခဲ့သည်။
တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေး ကောင်စီ၏ ဝါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ထိုဝါဒသဘောထား ကြေညာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်စေရန်ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့ အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။ ဤရည်ရွယ်ချက်ဖြင့် လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ် ဖျက်သိမ်းပေးခြင်း စသဖြင့်လုပ်ဆောင်ပေးခဲ့သည်။ ထို့ပြင်တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှု ရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှော ဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျင်းပကြသော်လည်း ၁၉၆၄ ခုနှစ်တွင်ကျင်းပသော တောင်သူလယ်သမားနှီးနှော ဖလှယ်ပွဲကြီးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ဇန်နဝါရီလမှာ တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေး ကောင်စီ စတင်အာဏာရယူသည့် မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်း ဖြစ်သည်။ တောင်သူလယ်သမားတို့သည် မြန်မာလူမျိုးတို့အတွက် အသက်ဆက်နိုင်သော ဆန်စပါးကောက်ပဲသီးနှံများကို စိုက်ပျိုးပေးရုံသာမက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင်လည်း တစ်တပ်တစ်အားပါဝင်ခဲ့ကြသည်။ ထို့ကြောင့် ကျေးဇူးရှင်များကို လေးစားဂုဏ်ပြုသည့်အနေဖြင့် တောင်သူဦးကြီးများဟု တင်စား ခေါ်ဝေါ်ခဲ့ကြသည်။
တောင်သူလယ်သမားတို့၏ ဘဝမြင့်မားရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအဖြစ် ခေတ်အဆက်ဆက် အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသည်။
ရှေးရိုးအစဉ်အလာ လက်မှုလယ်ယာစနစ်မှ ခေတ်မီသော စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲအသုံးပြုစေသည်။ ရေသွင်းစိုက်ပျိုးရေး လုပ်ငန်းကိုချဲ့ထွင်စေလျက် ဆည်မြောင်းတာတမံများကို တည်ဆောက်ပေးခဲ့သည်။
ယခင်တစ်သီးစားမှသည် ယခုအခါနှစ်သီးစား၊ သုံးသီးစားအထိ စိုက်ပျိုးအောင်မြင်စေခဲ့သည်။ ဆန်စပါးသာမက ရာသီစာ အသီးအနှံများကိုလည်း တစ်နှစ်ပတ်လည်လုံးစိုက်ပျိုးလာနိုင်ခဲ့ပြီ ဖြစ်သည်။ စိုက်ပျိုးသည့်သီးနှံ၊ စိုက်ပျိုးပုံနည်း စနစ်များကိုလည်း အချိန်နဲ့တစ်ပြေးညီပညာပေး ဆောင်ရွက်နေကြပြီ ဖြစ်သည်။
ခေတ်မီစိုက်ပျိုးရေး ကိရိယာများကိုလည်း သုံးစွဲလာကြပြီဖြစ်သည်။ တောင်သူလယ်သမားတို့၏ အခြေခံလူတန်းစား ဘဝသည်လည်း မြင့်မားလာကြသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောကြောင့် တောင်သူလယ်သမားတို့၏ ဘဝမြင့်မားမှုသည် တိုင်းပြည်၏ စီးပွားရေးကို များစွာ အထောက်အကူပြုပါသည်။ ပြည်တွင်းသာမက ပြည်ပသို့ပါ တင်ပို့ ရောင်းချနိုင်မှု အားကောင်းလာသည်နှင့်အမျှ နိုင်ငံ၏နိုင်ငံခြားဝင်ငွေလည်း တိုးလာမည်။ နိုင်ငံခြားနှင့် စီးပွားရေးအရ ဆက်နွှယ်မှုသည်လည်း ပိုမိုလည်ပတ်နိုင်လာပေမည်။ မြန်မာပြည်သူတို့၏ စီးပွားရေးကျပ်တည်းမှု သည်လည်းလျော့ကျလာမည်ဖြစ်သည်။ တောင်သူလယ်သမားတို့၏ ဘဝမြင့်မားလာခြင်းသည် ခေတ်စနစ် ပြောင်းလဲမှုနှင့်အညီ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဖော်ညွှန်းပြသနေသည်မှာ အမှန်ပင်ဖြစ်သည်။
လက်မှုလယ်ယာစနစ်မှသည် စက်မှုလယ်ယာစနစ်သို့ ရောက်သည့်တိုင်အောင် မလျှော့သောဇွဲနှင့် စိုက်ပျိုးလုပ်ကိုင်နေကြသော တောင်သူဦးကြီးများကို အထူးပင်လေးစား ကျေးဇူးတင်မိသည်။
ဆန်ရေစပါးပေါကြွယ်ဝခြင်းသည် မြန်မာပြည်သူပြည်သားများအတွက် မင်္ဂလာတစ်ပါးလည်းဖြစ်ပေသည်။ တိုင်းပြည်စည်ပင်ဝပြောသည်ဆိုသည်မှာ ပြည်သူပြည်သားများ စားနပ်ရိက္ခာဖူလုံခွင့်ဟု ဆိုလိုသည်။
စားနပ်ရိက္ခာဖူလုံရန်အတွက် တောင်သူဦးကြီးတို့၏ စွမ်းအားသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပေသည်။ တောင်သူလယ်သမားတို့၏ ဘဝမြင့်မားရေးကို ရှေးရှုဆောင်ရွက်ပေးခြင်းသည် တိုင်းပြည်၏ စွမ်းအားကိုပါ မြင့်မားစေသည်။ ကောက်သိမ်းချိန်တွင် တောင်သူဦးကြီးတို့၏ ဓလေ့ထုံးစံအရ အလှူဒါနပြုကြခြင်းမှာ လည်း ဗုဒ္ဓသာသနာအားချီးမြှောက်၍ သာသနာ့အကျိုးသယ်ပိုးခြင်းပင်ဖြစ်၍ ဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်။ မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်း တေးသီချင်းစာပိုဒ်တစ်ခုကိုပင် သတိရမိသည်။ တောနဲ့ တောင်စွယ်.. လယ်ယာတလင်း.. ရှုခင်းတွေက စုံလင်ပေတယ်.. ရှေးမူမပျက်တယ်. .ဆေးကူချက်ရယ်..စိမ်းမြမြ ယိမ်းကသလိုနှယ်...ပင်ပျိုပင်အိုတို့အလယ် တေးသွားမှာတောင်သူဦးကြီးတို့၏ ကြိုးစားစိုက်ပျိုးမှု၊ လှူဒါန်းမှုတို့ကို ပေါ်လွင်စေသည်။
စိုက်ပျိုးစွမ်းအားပြည်ထွန်းကား ဟူသော ဆောင်ပုဒ်သည် တောင်သူလယ်သမားတို့အား ကိုယ်စားပြုထားသည် ဆိုလျှင်မမှားချေ။ စိုက်ပျိုးရေးစွမ်းအားကောင်းမှရိက္ခာဖူလုံမည်။ ရိက္ခာဖူလုံမှပြည်ပသို့ ပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်။ ပြည်ပမှခေတ်မီစက်ပစ္စည်းကိရိယာများ ပြန်လည်ဝယ်ယူနိုင်မည်။ ခေတ်မီနည်းပညာဖြင့် စိုက်ပျိုးရေးစွမ်းအားကို မြှင့်တင်နိုင်မည်။
စီးပွားရေးကျပ်တည်းမှုကိုလည်းဖြေရှင်းနိုင်ပေမည်။
စီးပွားရေးအခွင့်အလမ်းကောင်းများ ရလာသည်နှင့်အမျှ အလုပ်လက်မဲ့ လူဦးရေလျော့ပါးလာမည်။ တိုင်းပြည်စည်ပင်ဝ ပြောလာမည်။ ပြည်သူ့လုပ်အားစွမ်းပကားဖြင့် ခေတ်မီနိုင်ငံတော်ကြီး တည်ထောင် နိုင်ပေမည်။
ထို့ကြောင့် အခြေခံကျသော စိုက်ပျိုးရေးစွမ်းအားရှင် တောင်သူလယ်သမားတို့သည် တိုင်းပြည်၏ စွမ်းအားရှင်များပင် ဖြစ်သည်ဟု တင်စားထိုက်ပေသည်။
တောင်သူလယ်သမားဦးကြီးများ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် တောင်သူ လယ်သမားနေ့အား ဂုဏ်ပြုအပ်ပါသည်။ ။
မေတ္တာမိုးနှင်း(ပဲခူး)