အမျိုးသားကျန်းမာရေးအကြောင်း သိကောင်းစရာအဖြာဖြာ

ကျားဟော်မုန်းခေါ် တက်စရိုစတီရုန်းသည် အမျိုးသားသွင်ပြင်လက္ခဏာနှင့် အမျိုးသားအင်္ဂါဖွံ့ဖြိုးမှုကို လုပ်ဆောင်ပေးပါသည်။ ၎င်းလုပ်ဆောင်ချက်တို့အပြင် ကျားဟော်မုန်းက လိင်မှုဘဝနှင့် ကျန်းမာရေး၊ ဇီဝဖြစ်ပျက်ခြင်း၊ အင်ဆူလင်တုံ့ပြန်ခြင်း၊ အရိုးသိပ်သည်းဆနှင့် နှလုံးကျန်းမာရေး စသည်တို့အတွက်ကိုလည်း ဆောင်ရွက်ပေးနိုင်သည်။ အမျိုးသားများသည် ပျမ်းမျှ အသက် ၄၀ ဝန်းကျင်ခန့်မှစပြီး ကျားဟော်မုန်း ချို့တဲ့လာကြကာ အကယ်၍  ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးသူ၊ အရက်စွဲသူ၊ ကျန်းမာရေးမကောင်းသူနှင့် နာတာရှည် ရောဂါအခံရှိသူတွေက အရွယ်မတိုင်မီ စောစီးစွာ ကျားဟော်မုန်းဆုံးရှုံးနိုင်သည်။

ကျားဟော်မုန်းချို့တဲ့ခြင်း လက္ခဏာများအဖြစ်

(က) ပူလိုက်အေးလိုက်နှင့် ချွေးထွက်ခြင်း၊

(ခ) ရင်သားစူလာခြင်း၊

(ဂ) ပင်ပန်းနွမ်းနယ်နုံးချည့်ခြင်း၊

(ဃ) စိတ်ဓာတ်ကျခြင်း

(င) ကြွက်သားများပျော့ကာ အားမရှိခြင်း၊ (စ) အဆီများခြင်း၊ ဗိုက်ပူလာခြင်း၊

(ဆ) လိင်ကိစ္စ စိတ်ဝင်စားမှုနည်းခြင်း၊

(ဇ) အမွေးအမှင်များကျွတ်ခြင်း၊

(ဈ) အရိုးပွလာခြင်း၊ အရိုးကျိုးလွယ်ခြင်း တို့ဖြစ်ပေါ်လာသည်။ ဖော်ပြပါလက္ခဏာများကို သွေးဆုံးခါနီးနှင့် သွေးဆုံးပြီးစ အမျိုးသမီးများတွင်လည်း ဖြစ်ပေါ်ခံစားရတတ်ပါသည်။

အမျိုးသားအားလုံးကို မဆိုလိုသော်လည်း အမျိုးသားဦးရေ တော်တော်များများသည် အမျိုးသမီးများလောက် နိစ္စဓူဝ၌ ကျန်းမာရေးနှင့် လျော်ညီသော နေထိုင်စားသောက်မှုပုံစံများကို မထိန်းသိမ်းကြဘဲ လျစ်လျူ ရှုတတ်ကြသည်။ ထို့ကြောင့် အမျိုးသားများတွင် နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ ပါကင်ဆဲန် ခေါ် အာရုံကြောရောဂါ၊ အရေပြားကင်ဆာ၊ အဆစ်ရောင်ဂေါက်ရောဂါတို့ကို အမျိုးသမီးများထက် ပို၍ ဖြစ်ပေါ်ခံစားရလေ့ရှိသည်။ ထို့ပြင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်လေ့မရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အရေပြားပြောင်းလဲမှုကို   ဂရုမစိုက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ခြင်း၊ အထိုင်များခြင်း၊ အသင့်စား အစားအစာများကို စားသောက်မှုများခြင်း၊ စိတ်ပင်ပန်းမှုများကို တစ်ကိုယ်တည်း မျိုသိပ်ခံစားခြင်းတို့သည် အမျိုးသားများပြုလုပ်လေ့ရှိသော ကျန်းမာရေး အမှားများ ဖြစ်ကြသည်။

အမျိုးသားတို့အတွက် အထူးလိုအပ်သော အာဟာရများ

အမျိုးသားများသည် အမျိုးသမီးများထက် ကြွက်သားထုကြီးမားပြီး ပိုမိုခွန်အားစိုက်ထုတ်ရသည့်အတွက် အချို့သော အာဟာရများကို အမျိုးသမီးများထက် ပိုလိုအပ်သည်။ အမျိုးသားတို့အတွက် အထူးလိုအပ်သော အာဟာရဓာတ် သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ (၁) ကယ်လိုရီ၊ (၂) အသားဓာတ်နှင့် (၃) ကယ်လ်စီယမ်တို့ ဖြစ်ကြသည်။

ကယ်လိုရီ- အမျိုးသားများက သွေးချိုဓာတ်ကျခြင်းကို ခံနိုင်ရည်ပိုနည်းပါးခြင်း၊ စွမ်းအင်ပိုလိုအပ်ခြင်းနှင့် ကြွက်သားထု ကြီးမားခြင်းတို့ကြောင့် အမျိုးသားများမှာ ကယ်လိုရီပိုလိုအပ်သည်။

အသားဓာတ်-ခွန်အားစိုက်ထုတ်လုပ်ကိုင်ရသည့်အတွက် အမျိုးသားတွေမှာ အသားဓာတ် ပိုလိုအပ်သည်။ ထို့ကြောင့် ညဘက်မှာ ကြွက်သားနှင့် ခွန်အားပြန်လည်တည်ဆောက်နိုင်ရန် အမျိုးသားများအနေဖြင့် ညစာတွင် အသားဓာတ်ပါဝင်အောင် စားပေးသင့်သည်။ ဗလတောင့်လိုသူများက အသားဓာတ် ပိုစားပေးပါ။

ကယ်လ်စီယမ်-အရိုးအဆစ်သန်မာစေသောကြောင့် ကယ်လ်စီယမ်က အမျိုးသားတို့အတွက် အရေးပါသောဓာတ် ဖြစ်သည်။

အမျိုးသားတို့အတွက် အကျိုးများသော ငါးကြီးဆီ အမျိုးသားများတွင် ဒုက္ခအပေးဆုံးရောဂါသည် ဆီးကျိတ်ရောင်ရောဂါဖြစ်သည်။ ငါးကြီးဆီစားပေးခြင်းက ဆီးကျိတ်ရောင်ရောဂါကို ကာကွယ်ထားနိုင်ရုံမျှမက ဆီးကျိတ်ကင်ဆာ၊ အစာပြွန်ကင်ဆာ၊ စအိုကင်ဆာနှင့် အူမကြီးကင်ဆာတို့မှ ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် ငါးကြီးဆီက သွေးတွင်းကိုလက်စထရောနှင့် အဆီဓာတ်များ ကျဆင်းစေခြင်း၊ သွေးမခဲအောင် ကာကွယ်ပေးခြင်း၊ နှလုံးသွေးကြောရောဂါများကို ထိထိရောက်ရောက် ကာကွယ်ပေးခြင်း၊ နှလုံးနှင့်ဆက်နွှယ်သော လေဖြတ်လေငန်းရောဂါ ဖြစ်ပွားနိုင်ခြေလျှော့ချပေးခြင်း၊ စိတ်ကျရောဂါ၊ အာရုံမစူးစိုက်နိုင်သောရောဂါ နှင့် စိတ်ကယောက်ကယက်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်အားနှင့် အာရုံစူးစိုက်အား ကောင်းမွန်စေပြီး ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းကို တိုးတက်စေခြင်း စသည် တို့ကြောင့် အမျိုးသားများက ငါးကြီးဆီ တစ်နေ့တစ်လုံး စားပေးသင့်ပါသည်။

ဆေးလိပ်သောက်သုံးသူများအတွက် လိုအပ်သောအာဟာရများ

ယနေ့ခေတ်တွင် ကြီးငယ်မဟူ အမျိုးသားတော်တော်များများ ဆေးလိပ်သောက်ကြသဖြင့် လျှာ၊ ပါးစောင်၊ ခံတွင်း၊ လည်မျို၊ အသံအိုး၊ အဆုတ်နှင့် ကျောက်ကပ်တို့ကို ထိခိုက်ကာ ကျန်းမာရေးပြဿနာများ ခံစားကြရသည်။ ဆေးပြင်းလိပ်က စီးကရက်လောက်  ရှူသွင်းရန်မလိုသောကြောင့် ဆေးပြင်းလိပ်သည် အန္တရာယ် သိပ်မရှိနိုင်ဟု လူအများက ယူဆထားကြသည်။ ထိုအယူအဆ မမှန်ပေ။ ဆေးပြင်းလိပ်သောက် သုံးသူများ၏ သွေးနှင့်ဆီးထဲတွင် ကိုတီနိုင်း၊ ကတ်မီယမ်နှင့် ကင်ဆာဖြစ်စေသော ပစ္စည်းပါဝင်မှုသည် ဆေးလိပ်လုံးဝ မသောက်သူများထက် ပါဝင်မှုများပြားနေကြောင်း တွေ့ရသည်။ ထို့ကြောင့် ဆေးပြင်းလိပ် သောက်သုံး သူများသည်လည်း ကျောက်ကပ်ရောဂါနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ ခံစားရနိုင်ပါသည်။ အထူးသဖြင့် ဆေးပြင်းလိပ်ရော၊ စီးကရက်ပါ နှစ်မျိုးစလုံး သောက်သုံးသူများသည် ဆေးလိပ်၏ ဆိုးကျိုးများကို ပိုမိုခံစားရနိုင်သည်။

ဆေးလိပ်သောက်သုံးသူများအတွက် အောက်ဖော်ပြပါ အာဟာရတို့ကို ဦးစားပေး စားသောက်သင့်ပါသည်။

ဗီတာမင်စီကြွယ်ဝသော မာလကာသီး၊ သံပရာသီး၊ လိမ္မော်သီး၊ ဖရဲသီး။ ဆီလီနီယမ်ကြွယ်ဝသော အခွံမာသီး၊ ပင်လယ်ငါး အမျိုးမျိုး၊ ပုစွန်ဆိတ်၊ နေကြာစေ့၊ စပျစ်သီးခြောက်။ ဗီတာမင်အီးကြွယ်ဝသော နေကြာစေ့ဆီ၊ နေကြာစေ့၊ ဗာဒံစေ့၊ ကန်စွန်းဥ၊ ထောပတ်သီး၊ ဟင်းနုနယ်ရွက်။နိုင်ရာ စင်နမိုက်ကြွယ်ဝသော ငုံးဥ၊ ကြက်ဥ၊ ဘဲဥ

စသည့်ဥအမျိုးမျိုး၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဂျုံစေ့အပါအဝင် ဂျုံဖြင့်ပြုလုပ်သော  အစားအသောက်များ။ မဂ္ဂနီစီယမ်ကြွယ်ဝသော အခွံမာသီး၊  ပဲပုပ် ခေါ် ပဲပိစပ်။ ပဲငါးပိ၊ ကုလားပဲ၊ လက်ဖက်ခြောက်၊ လက်ဖက်ရည်၊ ဆန်လုံးညို။

အရက်ကြောင့် ကျန်းမာရေးမထိခိုက်စေဖို့ အကြောင်းအမျိုးမျိုးကြောင့် အရက်သောက်ကြသည်။ စိတ်ထွက်ပေါက်အဖြစ် အရက်ကို ရွေးချယ်ခြင်းသည် မှားသည်ဟု ဆိုချင်ပါသည်။   အရက်ဆိုသည်မှာ ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ အရက်ကို မဖြတ်နိုင်သေးသောအချိန်မှာ ကျန်းမာရေး ထိခိုက်မှု နည်းအောင် အောက်ဖော်ပြပါ  အချက်အလက်များဖြင့် သတိဆောင်သင့်ပါသည်။ အလွန်အကျွံ မသောက်မိအောင် သတိထားပါ။ အရက်မသောက်ခင်နှင့် သောက်နေစဉ် အစာစားပါ။အငန်များသော အစားအစာကို ရှောင်ပါ။အရက်မသောက်ခင်  ရေသောက်ပါ။ နိစ္စဓူ၀ ရေများများသောက်ပါ။ အရက်က ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေသည်။ မဖြစ်မနေ သောက်ရမည်ဆိုပါက အယ်လ်ကိုဟောပါဝင်မှုနည်းသော အရက်ကိုသာရွေးပါ။    ဖြည်းဖြည်းချင်းသောက်ပါ။ တစ်ခွက်နှင့် တစ်ခွက်ကြား ရေ သို့မဟုတ် အချိုရည်သောက်ပါ။  အရက်များများသောက်မိလျှင် အယ်လ်ကိုဟောများ သွေးထဲမှာစုပုံပြီး ခန္ဓာကိုယ်က  မချေဖျက်နိုင်တော့ဘဲ အသည်း၊ အဆုတ်၊  ကျောက်ကပ်၊ အစာအိမ်နှင့်  အူလမ်းကြောင်းတို့ကို ထိခိုက်ပျက်စီးစေပါသည်။

အချုပ်အားဖြင့်ဆိုသော် အမျိုးသားကျန်းမာရေးနှင့် ပတ်သက်၍  ယောကျာ်းမှာ ဆီး ဟု ဆိုရိုးစကားရှိပေသည်။ ဆေးလိပ်နှင့် အရက်သောက်စားခြင်းက ကျောက်ကပ်ကို ထိခိုက်လွယ်စေသည်။ အမျိုးသားအများစုက ရေသောက်နည်းကြပြီး ဆီးသွားလိုစိတ်ကိုလည်း အတန်ကြာအောင့်ထားတတ်ကြသည်။ ဆီးသွားခြင်းဖြင့် ဆီးလမ်းကြောင်းအတွင်းမှ ဗက်တီးရီးယားများနှင့် အဆိပ်အတောက်များအား  ဖယ်ရှားပေးနိုင်ပါသည်။ ထို့ကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် နေ့စဉ်ဘဝတွင် ရေများများသောက်၍ ဆီးသွားချင်စိတ်ကို လျစ်လျူမရှုမိဖို့လိုပါသည်။ အချိန်ကြာကြာ ဆီးအောင့်ထားခြင်းက ဆီးအိမ်ကြွက်သားများ အားလျော့ပြီး ဆီးမထိန်းနိုင်ရောဂါ ဖြစ်လာနိုင်ဖွယ်ရှိပါကြောင်း ကိုလည်း သတိပေးလိုက်ရပါသည်။  ။

ပေါက်ပေါက်