မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေသောနိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာလုပ်ငန်းဖြင့် တိုင်းကျိုးပြည်ပြု ဆောင်ရွက်နေကြသူများ ဖြစ်ကြသည်။ လူတိုင်းသည် နေ့စဉ်အစာစားသောက်ခြင်းဖြင့် အသက်ရှင် နေထိုင်ကြရသည်ဖြစ်ရာ ဆန်စပါးသည် လူသားတို့အတွက် မရှိမဖြစ်အရာဖြစ်သည်။ တောင်သူ လယ်သမားဦးကြီးများ၏ ဆန်စပါးစိုက်ပျိုးပေးမှုကြောင့် အခြားသော တိုင်းသူပြည်သားတို့ အသက်ရှင်နေထိုင် ကြရသည်။ ထို့ကြောင့် တောင်သူလယ်သမားတို့သည် ဆန်စားသုံးသူတိုင်းအတွက် ကျေးဇူးရှင်များ ဖြစ်ကြသည်။ ထိုကျေးဇူးရှင်များကို အမှတ်တရဂုဏ်ပြုသောအားဖြင့် နှစ်စဉ်မတ်လ ၂ ရက်နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် သတ်မှတ်ကာ တရားဝင်ရုံးပိတ်ရက် ဖြစ်လာခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေး လုပ်ဆောင်လျက်ရှိပါသည်။ စားရေရိက္ခာဖူလုံရေး လုပ်ဆောင်ရာတွင် တောင်သူလယ်သမားဦးကြီးများ၏ အခန်းကဏ္ဍသည် အဓိကနေရာမှ ပါဝင်နေပါသည်။ နိုင်ငံတော်စီးပွားရေး ဦးတည်ချက်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန် ဖော်ပြထားပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးဟု ဆိုလိုက်သည်နှင့် လယ်ယာဦးကြီးတို့သည် ရှေ့တန်းက ပါဝင်လျက်ရှိသည်။
ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး/မွေးမြူရေးကို အခြေခံတဲ့နိုင်ငံ ဖြစ်ပါတယ်။ စိုက်ပျိုး/မွေးမြူရေးနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ကျေးလက်နေပြည်သူလူထု ၇၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။
ဒါ့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အထွက်နှုန်းတိုးစေဖို့ လိုအပ်ချက်တွေဖြစ်တဲ့ မျိုး၊ မြေ၊ ရေ၊ နည်း ဆိုတဲ့ မျိုးကောင်းမျိုးသန့်တွေရရှိဖို့၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာတွေပေါင်းစပ်ပြီး ကောင်းမွန်တဲ့ စိုက်ပျိုးမြေများ ဖော်ထုတ်ပေးတာတွေ၊ စိုက်ပျိုးရေရရှိစေဖို့ ဆောင်ရွက်ပေးမှုနဲ့ ကောင်းမွန်တဲ့ စိုက်နည်းစနစ်တွေ ရရှိစေဖို့ ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံအနေနဲ့ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံနိုင်ရေးနဲ့ ပြည်ပကို ယခင်ကထက် ပိုမိုတင်ပို့နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ စနစ်တကျ ခေတ်မီစေဖို့ အရေးပါတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေပေါ်ထွက်လာရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရှိတဲ့ စိုက်ပျိုးမွေးမြူရေး ကျောင်းတွေကို သိပ္ပံကောလိပ် အဆင့်တိုးမြှင့်ဖို့ ဆောင်ရွက်လျက် ရှိပါတယ် ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ တောင်သူလယ်သမားဦးကြီးများ လူမှုဘဝမြင့်မားရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက်လျက် ရှိသည်များကို အသိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်အပိုင်းက ပံ့ပိုးမှုပြုနေသကဲ့သို့ တောင်သူလယ်သမားများ အပိုင်းကလည်း မိမိတို့ ဘဝမြင့်မားရေးအတွက် မိမိတို့ကိုယ်တိုင်ကြိုးပမ်း လုပ်ဆောင်ကြရမည် ဖြစ်သည်။ တက်ညီလက်ညီ လုပ်ဆောင်ကြမှသာ မည်သည့်လုပ်ငန်းမဆို အောင်မြင်မှု ရှိပေလိမ့်မည်။ ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအများအပြားသည် စီးပွားရေး ကျဆင်းမှုနှင့် ကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံတွင်လည်း ထိုကပ်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းများတွင် အခက်အခဲနှင့် ကြုံတွေ့ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့်စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည် ဆိုသည့်ရှေ့လုပ်ငန်းစဉ်အတိုင်း နိုင်ငံတော် အစိုးရက လုပ်ဆောင်ပေးလျက်ရှိသည်။
နိုင်ငံတိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ တိုးတက်မှုလျော့နည်းနေသော်လည်း လူတိုင်းသည်နေ့စဉ်အစာအာဟာရကို မဖြစ်မနေ စားသုံးနေကြသည်။ သို့ဖြစ်၍ လူသားတို့၏ အာဟာရကို ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင် နေကြရမည်သာ ဖြစ်သည်။ ကမ္ဘာတွင် ဖြစ်ပေါ်လာသော အခြေအနေများကြောင့်လည်း စိုက်ပျိုးမွေးမြူရေးကဲ့သို့ စားဝတ်နေရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများမှာ ပိုမိုအရေးပါလျက်ရှိကြောင်း သိမြင်ကြရပြီး ဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးကို ကြိုးစားကြရမည်ဖြစ်သည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၊ မွေးမြူရေးပစ္စည်းများသည် လူတို့မဖြစ်မနေ စားသုံးကြရမည် ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်သူများအနေဖြင့် မိမိတို့၏ပစ္စည်း အရည်အသွေး ကောင်းမွန်နေလျှင် ဈေးကွက်သည် ကျယ်ပြန့်နေမည်သာ ဖြစ်သည်။ ယနေ့ကျရောက်သော တောင်သူလယ်သမား နေ့တွင် လယ်ယာဦးကြီးများ လုပ်ငန်းအဆင်ပြေပြေနှင့် တိုးတက်ပါစေ၊ ခေတ်မီနည်းပညာ များကို အသုံးပြုလျက် အထွက်နှုန်းတိုးအောင် လုပ်ဆောင်နိုင်ပါစေ၊ ပြည်ပသို့တင်ပို့ ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံအတွက် ဝင်ငွေများ တိုးပွားရပါစေကြောင်း ဆုတောင်း ဂုဏ်ပြုလိုက်ရပေသည်။ ။