ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့ကို ဆက်သွယ် တည်ဆောက်ထားသော ကျွန်းပြာသာဒ်မြစ်ကူးတံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) ညောင်ဦးက တာဝန်ယူတည်ဆောက်လျက်ရှိရာ စက်တင်ဘာ ၂၇ ရက်အထိ ၉၈ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။
အဆိုပါကျွန်းပြာသာဒ်မြစ်ကူးတံတား တည်ဆောက်ပြီးစီးပါက ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး၊ ကျိုက်လတ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ ခရီးသွားပြည်သူများသည် လက်ရှိသွားလာနေသော မအူပင်-ပုသိမ်ခရီးစဉ်ထက် ပုသိမ်မြို့သို့ သွားရောက်ရာတွင် အချိန်အားဖြင့် လေးနာရီနှင့် မိုင်အားဖြင့် မိုင် ၇၀ ကျော် သက်သာမည်ဖြစ်သည်။
ကျွန်းပြာသာဒ်မြစ်ကူးတံတားမှာ အရှည်ပေ ၂၃၆၀၊ အကျယ် ၂၄ ပေ၊ လူသွားလမ်းတစ်ဖက် ၃ ပေစီ၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀၊ ရေလမ်းကင်းလွတ်အကျယ်ပေ ၂၄၀ ရှိပြီး သံမဏိသံပေါင်၊ သံကူကွန်ကရစ်ရက်မတံတား အမျိုးအစားဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးမှုတွင် အရေးပါသော ကျွန်းပြာသာဒ်မြစ်ကူးတံတား ဖွင့်လှစ်ပြီးပါက ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များသို့ ကူးသန်းသွားလာရေး အဆင်ပြေလွယ်ကူပြီး ကုန်စည်ကူးသန်းရောင်းဝယ်ရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
မော်ကျွန်းမြင့်အောင်