တောင်သူလယ်သမား ပြည်စွမ်းအား

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆန်၊ ပဲ၊ ပြောင်း၊ ဝါ၊ ဆီထွက်သီးနှံ အထွက်နှုန်းများဖွံ့ဖြိုးတိုးတက်ရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးသာမက မွေးမြူရေးလုပ်ငန်းများလည်း အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ ပြည်တွင်းပိုလျှံသည့်စားရေရိက္ခာများကို ပြည်ပသို့တင်ပို့ရောင်းချနိုင်သဖြင့် မြေကြီးက ရွှေသီးသည်ဟုပင် သတ်မှတ်ကြသည်။ တောင်သူလယ်သမားဦးကြီးများသည်   မြန်မာ့လယ်ယာ စီးပွားတစ်ခေတ်ကို ရှေ့ဆုံးမှဖော်ဆောင်နေသူများဖြစ်ကြသည်။ အလားတူပင် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများတွင် ကျရာအခန်းကဏ္ဍမှ ဟန်ချက်ညီညီ ပီပြင်အောင် စွမ်းဆောင်နိုင်သူများဟုလည်း သတ်မှတ်နိုင်သည်။

အလားတူပင် နိုင်ငံတော်မှလည်း နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် မြေနှင့်ရေအရင်းအမြစ်များကို  အကျိုးရှိရှိသုံးစွဲရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျစီမံ ဆောင်ရွက်နိုင်ရေး အလေးပေးဆောင်ရွက်လျက်ရှိသည်။ စားနပ်ရိက္ခာဖူလုံရေး အခန်းကဏ္ဍတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ပါဝင်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဟန်ချက်ညီညီဆောင်ရွက် သကဲ့သို့ပင် မွေးမြူရေး လုပ်ငန်းများကိုလည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပေသည်။ မွေးမြူရေး လုပ်ငန်းနယ်ပယ်တွင် ဆိတ်၊ ကျွဲ၊  နွား၊  ကြက်၊  ဘဲများကို  ခြံများဖြင့်မွေးမြူကြပြီး ငါးသားပေါက်မျိုးများကို မြစ်ချောင်းအင်းအိုင်များတွင် စိုက်ထည့် မွေးမြူကြသည်။

ရေသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မရှိမဖြစ် အရေးပါလှသည်။ နိုင်ငံတော်အစိုးရမှ စိုက်ပျိုးရေကို ထိရောက်စွာအသုံးချနိုင်ရေး၊ မိုးရွာသွန်းမှု လျော့နည်းလာသည့်အလျောက် မြစ်များ၊ ချောင်းများ၊ မြောင်းများအတွင်း ရေသိုလှောင်နိုင်ရေးအတွက် ဆည်၊ တာတမံကြီးများ၊ မြစ်ရေတင်စီမံကိန်းများ အသုံးပြုလျက် ရေရှည်အသုံးပြုနိုင်မည့် စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိသည်။ စနစ်ကောင်းလျှင် ခေတ်ကောင်းသို့ ရောက်ရှိနိုင်သဖြင့် နည်းစနစ်၊ နည်းပညာကို ကောင်းစွာ အသုံးချသွားရန် လိုပါသည်။ ယနေ့ မျက်မှောက်ကမ္ဘာတွင် လျှပ်စစ်ထုတ်လုပ်ရေး ကဏ္ဍအတွက်  ဆိုလာလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။ ဆိုလာလျှပ်စစ်စီမံကိန်းများသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သဖြင့် ကောင်းစွာ အသုံးချနိုင်လျှင် အသုံးတည့်လှပါသည်။

သို့ဖြစ်ရာ လယ်ယာစီးပွားလုပ်ငန်းများ ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရမည် ဖြစ်သည်။  စိုက်ပျိုး ထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ဈေးကွက်ဝယ်လိုအား ကောင်းမွန်မှုနှင့် အာဟာရပြည့်ဝသည့် သီးနှံစုံ ထုတ်လုပ်နိုင်မှု တို့ဖြင့် အချိန်နှင့်တစ်ပြေးညီ အောင်မြင်လာရန်အထူးလိုအပ်သည်။ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို အချိန်မီပြုပြင်သွားရန်လည်း လိုအပ်လှပါသည်။ စိုက်နည်းစနစ် ကောင်းများကို အားထားရန်လိုအပ်ပြီး ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတုအလိုက် ရေမြေဒေသကိုက်ညီသည့် ဒဏ်အခံနိုင်ဆုံးမျိုးများ စိုက်ပျိုးကြရပါမည်။ နိုင်ငံတော်မှလည်း စီးပွားရေးမူဝါဒ များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်သူကိုဗဟိုပြုသော ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။

နိုင်ငံတော်သည် စီးပွားရေး မူဝါဒများခိုင်မာစွာ ချမှတ်လျက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများ ထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေ အကာအကွယ်များစွာ တောင်သူလယ်သမားကြီးများကို ပံ့ပိုးကူညီပေးလျက်ရှိသည်။ အလားတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများဖြစ်သည့် ဈေးကွက်သုတေသန၊ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ စက်မှုသုတေသန၊ နည်းပညာသုတေသန၊ ပညာရေးသုတေသနလုပ်ငန်းများကို အားပေးလျက်ရှိပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် မြေနှင့်ရေ အရင်းအမြစ်များကို အကျိုးရှိရှိ သုံးစွဲသွားရန်နှင့်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ခေတ်မီနည်း စနစ်များဖြင့် စနစ်တကျ စီမံလျက်ရှိသည်။

တောင်သူဦးကြီးများ အဓိကရင်ဆိုင်နေကြရသည့် ပြဿနာမှာ မိုးလို၊ မိုးခေါင်၊ ရေကြီးရေလျှံပြဿနာများ ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များကြောင့် မဆုံးရှုံးသင့်သော ထိခိုက်ပျက်စီးမှုများ မကြာခဏ ဖြစ်ပွားခဲ့ကြရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် တောင်သူများ၏ ဥစ္စာအရင်းအနှီးဖြစ်သည်။ လယ်ယာလုပ်သား ရှားပါးမှုပြဿနာ၊ စိုက်ပျိုးမြေလျော့နည်းလာသည့် ပြဿနာများသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အတားအဆီးဖြစ်စေသည်။ သို့သော် လယ်ယာစိုက်ပျိုးရေး အခန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြု၍ ဆောင်ရွက်ရမည်ဖြစ်သည်။ အစိုးရ၊ ပုဂ္ဂလိကပူးပေါင်း ပါဝင်မှုနှင့်အတူ တောင်သူလယ်သမားကြီးများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာအောင် ဆောင်ရွက်ကြရပါမည်။ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံထုတ်ကုန်များဖြင့် ကျေးလက်နေ ပြည်သူများ၏  လူမှုစီးပွားဘဝကို မြှင့်တင်ပေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကုန်ထုတ်လမ်းများ ကောင်းမွန်ရေး၊ ရေနှင့်မီးလင်းရေးဆိုင်ရာ အခြေအနေကောင်းများ ပိုင်ဆိုင်ရရှိရန် လိုအပ်သည်။ အခြေခံလိုအပ်ချက်များ ပြည့်မီမှသာ တောင်သူလယ်သမားများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာပြီး  ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာ ဝမ်းစာဖူလုံရေး လုပ်ငန်းရပ်များတွင် ဆတက်ထမ်းပိုးသယ်ပိုး ရွက်ဆောင်နိုင်ပြီး နိုင်ငံ့အကျိုး၊ ဒေသအကျိုး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

မျှော်မဆုံးနိုင်သည့် လယ်ကွက်များပေါ်တွင် ကွင်းလုံးပြည့်စပါးခင်းကြီးများဖြင့် မြန်မာ့လယ်ယာခေတ်ကောင်းသို့ ရောက်ရှိရေးမှာ တောင်သူလယ်သမားဦးကြီးများ၏ ဦးဆောင် ပါဝင်မှုသာမက အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိနိုင်ပေသည်။ သန့်ရှင်းလတ်ဆတ်သော အစာအာဟာရကို မှီဝဲသုံးဆောင်နိုင်ရေး အာဟာရပြည့်ဝသော သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်လာခဲ့သည်။  အထွက်နှုန်းကောင်းသည့် မျိုးစပါးများ စိုက်ပျိုးရန် လိုအပ်ပြီး ဖူလုံအောင်ထုတ်လုပ်၍ ပိုလျှံပါက ပြည်ပသို့တင်ပို့ ရောင်းချသွားနိုင်ပေသည်။

ဦးတည်ချက်(၉)ရပ်တွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ရန် ပါရှိပြီး ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင်ဖော်ဆောင်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရေး ရည်မှန်းဖော်ပြထားသည်။

ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင်  စားနပ်ရိက္ခာဖူလုံရေး၊  အာဟာရပြည့်ဝစွာ ရရှိရေး ကြွေးကြော်သံများဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရသည်။ ဆင်းရဲငတ်မွတ်မှု တိုက်ဖျက်ရေးလုပ်ငန်း များကိုလည်း ထောင်စုနှစ်ရည်မှန်းချက်များ သတ်မှတ်လျက်ရှိပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၁၇)ရပ်ပါအတိုင်း ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  ဦးစားပေးမှုများပါဝင်သဖြင့် တောင်သူဦးကြီးများ၏ စိုက်ပျိုးရေးအခန်းကဏ္ဍမှာ အလွန်ပင်အရေးပါနေသည်ကို တွေ့ရှိရသည်။

တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေး၊ နိုင်ငံတကာဈေးကွက်ထိုးဖောက်တင်ပို့နိုင်ရေး ကိစ္စများသည် လယ်ယာစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါသော အချက်အချို့ဖြစ်သည်။ ထို့အတူ စိုက်ပျိုးရေးသုံး ခေတ်မီနည်းပညာများဖြင့် ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်း  အဆင့်ဆင့်တိုးတက် လာမည်ဆိုပါက အလေအလွင့်နည်းပါးလျက် အကျိုးအမြတ်များလည်း ပိုမိုရရှိစေမည် ဖြစ်သည်။ ထို့အတူပင်  လယ်ယာ ထွက်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်းသည် ဝယ်လိုအားကို ဖိတ်ခေါ်သဖြင့် လူမှုစီးပွားဘ၀ အနာဂတ်ပိုမိုလှပလာမည့် သင်္ကေတတစ်ခုဖြစ်သည်။

သို့ဖြစ်ရာ   ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တောင်သူလယ်သမားဦးကြီးများ ဝင်ငွေနှစ်ဆပွားနိုင်မည့် တိုးတက်မှု ဖြစ်စဉ်များ၊ ဘေးကင်းလုံခြုံစိတ်ချရသည့် အာဟာရပြည့်ဝသော စားနပ်ရိက္ခာ ထုတ်လုပ်ခြင်း ဖြစ်စဉ်များ၊ ခိုင်မာသောဈေးကွက်ချိတ်ဆက်တင်ပို့နိုင်မည့် အခွင့်အရေးများစွာ ရွှေတံခါးကြီးပွင့်လာမည့် အချိန်ကာလ၊ ကွင်းလုံးပြည့်စိမ်းလန်းခြင်း အနုပညာဖြင့် တောင်သူ့အားမာန်ပြသနိုင်မည့် မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့ အချိန်အခါသမယပင် ဖြစ်ပါသည်။

ကျေးဇူးရှင်တောင်သူလယ်သမားကြီးများ ဝင်ငွေနှစ်ဆတိုးပွားခြင်း၊ ဆန္ဒနှင့်ဘဝထပ်တူကျ အောင်မြင်ခြင်း များစွာ  မြန်မာ့မြေကြီးမှ ရွှေသီးစေရေး သယ်ပိုးထမ်းဆောင်နိုင်ကြပါစေကြောင်း   ဆုမွန်ခြွေရေးသား လိုက်ရပါသည်။        ။

ထက်ဝေအောင်(စစ်ကိုင်း)