ဂျိုးဘိုင်ဒင်အပေါ် အမေရိကန်ပြည်သူများ၏ ထောက်ခံမှု ဘာကြောင့် ကျဆင်းလာသနည်း
အမေရိကန်အစိုးရသည် ပြည်တွင်းရေးနှင့် ကမ္ဘာ့အရေးကိစ္စရပ် အများအပြား ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေစဉ် သမ္မတ ဂျိုးဘိုင်ဒင်၏ လူထုထောက်ခံမှုနှုန်းမှာသိသိသာသာ ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။ ဂျိုးဘိုင်ဒင်အပေါ်အမေရိကန်ပြည်သူများ၏ ထောက်ခံမှုနှုန်း ကျဆင်းလာစေသည့် အကြောင်းရင်းများကို လေ့လာ မည်ဆိုပါက နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုအပေါ် တုံ့ပြန်လုပ်ဆောင်မှု၊ နယ်စပ်အရေး ကိုင်တွယ်ဖြေရှင်းမှုနှင့် ဆက်လက်တင်းမာနေသည့် ရုရှား-ယူကရိန်း အရေးအပေါ် ကိုင်တွယ်နေမှုတို့ ပါဝင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
ဂျိုးဘိုင်ဒင်၏ လူထုထောက်ခံမှုနှုန်းမှာ ယခုအခါ ၃၇ ရာခိုင်နှုန်းအထိ ကျဆင်း လာခဲ့သည့်အပြင် အမေရိကန်ပြည်သူ ၅၅ ရာခိုင်နှုန်းက ၎င်းအား ဆက်လက် ထောက်ခံခြင်း မရှိကြောင်း အမေရိကန်မီဒီယာကြီးများ ဖြစ်သည့် ABC သတင်းဌာနနှင့် Washington Post တို့က ဖေဖော်ဝါရီ၂၇ ရက်တွင် ထုတ်ပြန်သည့် လူထုသဘော ထား ကောက်ခံမှုတွင် ဖော်ပြထားသည်။ထို့ကြောင့် ဂျိုးဘိုင်ဒင်၏ လူထုထောက်ခံမှုနှုန်း ကျဆင်းလာမှုသည် ပြီးခဲ့သည့်နိုဝင်ဘာလမှစ၍ ၄ ရာခိုင်နှုန်းခန့် ထပ်မံကျဆင်း လာခြင်းဖြစ်သည်ကို တွေ့ရသည်။
ထို့ကြောင့် နိုင်ငံအတွင်း မကြာမီ ကျင်းပမည့် ၂ဝ၂၂ ခုနှစ် သက်တမ်းဝက် ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန် အမတ်များက အသာစီး ရရှိလာမည့် အလားအလာရှိပြီး ကွန်ဂရက်ကို ပြန်လည်ထိန်းချုပ်နိုင်မည်ဟု သုံးသပ်သူများက ခန့်မှန်းထားသည်။
ဂျိုးဘိုင်ဒင်၏ ဆောင်ရွက်ချက်များအပေါ် ၎င်း၏ဒီမိုကရက်ပါတီမှ အမာခံ အချို့ကပင် ထောက်ခံနေခြင်း မရှိပေ။
ထို့ပြင် နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုအပေါ် အစိုးရက တုံ့ပြန်လုပ်ဆောင်နေမှု အပေါ် အမေရိကန်ပြည်သူ ၅ဝ ရာခိုင်နှုန်းက သဘောကျနှစ်ခြိုက်မှု မရှိသလို နိုင်ငံ့စီးပွားရေး တိုးတက်မှုနှင့် စပ်လျဉ်း၍ ပြည်သူ၄၄ ရာခိုင်နှုန်းက အစိုးရ၏ အကောင်အထည်ဖော်ဆောင်မှုများ အပေါ်သဘောကျခြင်း မရှိသည်ကိုတွေ့ရသည်။ ထို့ကြောင့် နိုင်ငံ့စီးပွားရေး တိုးတက်မှုကို ဖော်ဆောင်ရာတွင် ရီပတ်ဘလီကန်များက ဒီမိုကရက်များထက် ပိုမိုစွမ်းဆောင်နိုင်မည်ဟု ပြည်သူများက ယူဆလာကြပြီဖြစ်သည်။အမေရိကန် ပြည်ထောင်စုတွင် ဂျိုးဘိုင်ဒင်သမ္မတအဖြစ် တက်ရောက်လာပြီးနောက်တွင် နိုင်ငံ၏ဘဏ္ဍာရေးမှာ ပိုမိုဆိုးရွားလာခဲ့သည်ဟု အမေရိကန်ပြည်သူ သုံးဦးလျှင် အနည်းဆုံး တစ်ဦးက ထုတ်ဖော်ပြောကြားလာကြပြီဖြစ် သည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းသည် ဂျိုးဘိုင်ဒင်နှင့် ၎င်း၏ပါတီအတွက် အဓိက ထိုးနှက်တစ်ရပ်အဖြစ် ထွက်ပေါ်လာစေခဲ့ သည်။ ယခုအခါနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ငွေကြေးဖောင်းပွမှုနှင့် စပ်လျဉ်း၍ပြည်သူ ၁ဝ ဦးတွင် ခြောက်ဦးမှာ ညည်းညူ ပြောဆိုလာသည်ကို တွေ့ရသည်။ ငွေကြေး ဖောင်းပွမှုသည် လူလတ်တန်းစားများအတွက် အခက်အခဲများကို ထွက်ပေါ်စေခဲ့သည်ဟု အမေရိကန်ပြည်သူ အချို့ကဆိုသည်။
အမေရိကန်ပြည်ထောင်စုတွင် အလုပ်အကိုင် ဈေးကွက်သည် အတော်အတန် ဒူပေနာပေခံနိုင်သည့် အခြေအနေတွင် ရှိနေသော်လည်း လူလတ်တန်းစားများကို ထိခိုက်စေသည့်အရာမှာ ငွေကြေးဖောင်း ပွမှုဖြစ်သည်။ လက်ရှိဖြစ်ပွားနေသည့် ငွေကြေးဖောင်းပွမှုသည် မိသားစုများ အတွက် ဘဏ္ဍာရေး အခက်အခဲများကိုဖြစ်ပေါ်စေလျက်ရှိသည်ဟု အမေရိကန်ပြည်သူ ၅၉ ရာခိုင်နှုန်းက ပြောဆိုထားပြီး တစ်နှစ်လျှင် ဒေါ်လာ ၅ဝဝဝဝ အောက်လျော့နည်းသည့် ဝင်ငွေရှိသော မိသားစု ၄၃ ရာခိုင်နှုန်းမှာစီးပွားရေး ခက်ခဲမှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရသည်။
ထို့ကြောင့် ဂျိုးဘိုင်ဒင်၏ လူထုထောက်ခံမှုနှုန်းသည် ဝင်ငွေနည်းပြည်သူများကြား ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ အကြီးအကျယ် ကျဆင်းလာခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
ဂျိုးဘိုင်ဒင်သည် သမ္မတအဖြစ် စတင် တာဝန်ယူစဉ်က နိုင်ငံအတွင်း ဆက်လက် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကို တိုက်ဖျက်မည်ဟု ကတိကဝတ် ပြုခဲ့သည်။ ထိုသို့တိုက်ဖျက်ရန် အတွက် စာမျက်နှာ ၂ဝဝ ပါ စီမံကိန်းတစ်ရပ်ကို ချမှတ်ဖော်ဆောင်မည်ဟု အမေရိကန် ပြည်သူများကို ကတိပေးထားခဲ့သည်။ သို့ရာတွင် ယခုအခါအစိုးရသည် အဆိုပါကတိကဝတ်များမှ အချို့ကို အကောင်အထည် ဖော်ဆောင်ရန် သို့မဟုတ် ဖြည့်ဆည်းပေးရန် ရုန်းကန်နေရသည်။
ထိုသို့သောအခြေအနေမျိုးတွင် အမေ ရိကန်အစိုးရသည် ပြည်ပအရေး ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေသည့် အပြင် ယူကရိန်းနိုင်ငံအား ဒေါ်လာသန်း ၃၅ဝ တန်ဖိုးရှိ စစ်ရေး အကူအညီများပေးအပ်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ညွှန်ကြားခဲ့သည်။ အမေရိကန်နိုင်ငံသား အများစုသည် ရုရှားနှင့်ယူကရိန်းကြား ဖြစ်ပွားနေသည့် ပဋိပက္ခတွင် ဂျိုးဘိုင်ဒင် အစိုးရအား ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ လွတ်လွတ်ကင်းကင်း နေစေရန် ဆန္ဒရှိနေသည်။ သို့သော် ဒီမိုကရက်များကမူ အမေရိကန်အနေဖြင့် ယူကရိန်းနှင့်အတူ ရပ်တည်ရန် သဘောတူညီခဲ့သည်။ တစ်ချိန်တည်းမှာပင် ပြိုင်ဘက် ရီပတ်ဘလီကန်များက အမေရိကန်ပြည်ထောင်စုအား ရုရှား-ယူကရိန်း အရေးတွင် ပါဝင်ခြင်းမပြုရန် ဆန္ဒရှိနေသည်ကိုတွေ့ရသည်။သို့သော် ဂျိုးဘိုင်ဒင်အစိုးရသည် ရုရှားနှင့် ယူကရိန်းတို့ကြား ယခုကဲ့သို့ တင်းမာမှုမြင့်တက်လာခြင်းသည် အမေရိကန်တို့အတွက် အခွင့်အလမ်းများ ဖွင့်လှစ်ပေးနိုင်မည်ဟု မျှော်လင့်နေသည်ကို တွေ့ရသည်။အကြောင်းမှာ ရုရှားက ယူကရိန်းအား ဝင်ရောက် တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် ဥရောပရှိ မဟာမိတ်နိုင်ငံများနှင့်အတူ ပူးပေါင်း၍ ရုရှားအပေါ် လက်တုံ့ပြန်မှုများ လုပ်ဆောင်လာနိုင်သည့်အပြင် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်နိုင်မည်ဟု မျှော်လင့်နေသည်ဟု ဆိုနိုင်သည်။ထို့ကြောင့် ရီပတ်ဘလီကန်များ၏ ထောက်ခံမှုမရှိသော်လည်း ဂျိုးဘိုင်ဒင် အစိုးရက ယူကရိန်းအပေါ် စစ်ရေးအကူအညီများ တိုးမြှင့်ပေးနေခြင်းဖြစ်သည်။
နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ၊ နိုင်ငံ့စီးပွားရေး တိုးတက်မှုနှေးကွေးနေခြင်း၊ ဝင်ငွေနည်း ပြည်သူများအား အခက်အခဲဖြစ်စေသည့် ငွေကြေးဖောင်းပွမှုစသည့် အရေးကြီး ကိစ္စရပ်များကို ဦးစားပေးဖြေရှင်းရန် လိုအပ်နေသော်လည်း အမေရိကန်အစိုးရသည် လက်ရှိတွင် ပြည်သူများ၏ သဘောထားကို လျစ်လျူရှု၍ ပြည်ပအရေးများတွင် ဝင်ရောက်စွက်ဖက်ရေးကိုသာ အဓိက အာရုံစိုက်နေခြင်းကြောင့် ဂျိုးဘိုင်ဒင်၏ အမေရိကန်ပြည်သူများ၏ ထောက်ခံမှုနှုန်းမှာ ကျဆင်းလာခြင်း ဖြစ်သည်။
(Ref: Cbsnews, Sputnik,ABCNews)
မောင်ယုယ