ယနေ့ကာလ ကမ္ဘာကြီး၏အခြေအနေကိုလေ့လာကြည့်လျှင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေး၊ လူမှုရေးတို့တွင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံတိုင်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်မှာ လက်နက်ကိုင်ပဋိပက္ခရှိနေခြင်းကြောင့်ဖြစ်သည်။ မည်သည့်နေရာဒေသတွင်မဆို လက်နက်ကိုင်ပဋိပက္ခရှိနေမည် ဆိုပါက ထိုဒေသနေလူသားတို့ဘဝသည် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနှင့် လူမှုဒုက္ခကြုံရမည် ဖြစ်သည်။ မြန်မာနိုင်ငံရှိနေရာဒေသအချို့တွင်လည်း လက်နက်ကိုင်ပဋိပက္ခများ ရှိနေသည့်အတွက် တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ဦးဆောင်ကြိုးပမ်း ဆောင်ရွက်နေပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှ ယနေ့ကာလတိုင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပပျောက်ခြင်း မရှိသေးသည့်အတွက် လက်နက်ကိုင်များကြီးစိုးရာ ဒေသတို့တွင် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း နည်းပါးလျက်ရှိသည်။
ငြိမ်းချမ်းရေး၏အရသာ၊ ငြိမ်းချမ်းခြင်း၏ တန်ဖိုးကို အကျိုးရှိစွာ အသုံးမပြုနိုင်ခြင်းကြောင့် ရလဒ်ကောင်းများ ဆုံးရှုံးနေပေသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးသဖြင့် အကြမ်းဖက်အဖျက်သမားများမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသော အဖွဲ့များပါ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ဆွေးနွေးကြရန် ဖိတ်ခေါ်ထားသည်။
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို လွှဲပြောင်းတာဝန် ထမ်းဆောင်ခဲ့ရသည်မှစ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟု မူဝါဒချမှတ်ထားပါသည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေး ရရှိရေးသည် လွန်စွာအရေးကြီးလှသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာ့သမိုင်းတွင် လွန်စွာထူးခြား လေးနက်သည့် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကြီးကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးနှင့် အတူတကွ ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးဆုံး ဖြစ်သည့်ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းရင်းသားပြည်သူအားလုံး၏ စိတ်တွင်း၌ ကိန်းဝပ်ရှင်သန်စေရေး ဆောင်ရွက်နိုင်ခဲ့သည်ကို ပြည်သူများ တွေ့မြင်ခဲ့ကြပြီး ဖြစ်ပါသည်။
အဆိုပါ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့တက်ရောက်ခဲ့ပြီး အခမ်းအနား တက်ရောက်စဉ် ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးအတွက် ကျင်းပသည့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍လည်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း ကြားသိရပါသည်။
လက်နက်ကိုင်ဖြေရှင်းကြမည့်အစား ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော ထာဝရငြိမ်းချမ်းရေး လမ်းကြောင်းသို့ လျှောက်လှမ်းခြင်းသည် မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အကောင်းဆုံးစွမ်းဆောင်ချက် ဖြစ်ပေလိမ့်မည်။ လက်နက်ကိုင်ဖြေရှင်းခြင်း၏ ဆိုးကျိုးများကို ယနေ့မျက်ဝါးထင်ထင်မြင်တွေ့ကြရပြီ ဖြစ်သည်။ တိုင်းပြည်သာယာဝပြောပြီး ပြည်သူများ အေးချမ်းလုံခြုံစွာဖြင့် စိတ်ချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်ကြရန်အတွက် တိုင်းရင်းသား အချင်းချင်းစိတ်ဝမ်းမကွဲဘဲ ညီညွတ်စွာ လုပ်ဆောင်သင့်လှပေသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့်အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ် မတ် ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း ဖော်ပြပါရှိသည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်ကို အကြိမ် ၂၀ ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ပါသည်။ ငြိမ်းချမ်းရေးရရှိမှသာ ဒေသအားလုံးဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးက မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်နေသော ထာဝရငြိမ်းချမ်းရေး အကောင်အထည်ပေါ်လာအောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။ ။