ရိုဒရီ၏ လက်ထိဘောနှင့် ပတ်သက်၍ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ်က ဆုံးဖြတ်ချက် မှားယွင်းခဲ့ကြောင်း ဝန်ခံပြီး အဲဗာတန်အသင်းထံ တောင်းပန်စကား ပြောကြား
ပရီးမီးယားလိဂ်ဒိုင် အဖွဲ့ချုပ်က မန်စီးတီးအသင်းနှင့် အဲဗာတန်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ရိုဒရီ ပယ်နယ်တီဧရိယာအတွင်း လက်ထိခဲ့သော်လည်း ပယ်နယ်တီ မသတ်မှတ်ပေးခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မှားယွင်းခဲ့ကြောင်းဝန်ခံပြီး အဲဗာတန် အသင်းထံ တောင်းပန်စကား ပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်၌ ပွဲချိန် ၈၂ မိနစ်တွင် မန်စီးတီးအသင်း ကစားသမားဖိုဒန်က အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၈၆ မိနစ်တွင် မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ရိုဒရီ ပယ်နယ်တီ ဧရိယာအတွင်း သိသိသာသာ လက်ထိခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီး ပေါလ်တီယာနေးက ပယ်နယ်တီ သတ်မှတ်ပေးရန် ငြင်းဆန်ခဲ့သည်။
အဲဗာတန်အသင်း ကစားသမားများနှင့် နည်းပြ အဖွဲ့ဝင်များက စောဒကတက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် VAR စနစ်ဖြင့် ပြန်လည်ကြည့်ရှုခဲ့သော်လည်း VAR စနစ်ဒိုင်လူကြီး ကာဗာနာကလည်း ပယ်နယ်တီ သတ်မှတ်ရန် မလုံလောက်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ်က အဆိုပါဖြစ်ရပ်အတွက် အသေးစိတ် စစ်ဆေးခဲ့ပြီးနောက် ကွင်းလယ်ဒိုင်လူကြီး ပေါလ်တီယာနေးနှင့် VAR စနစ်ဒိုင်လူကြီးတို့ ဆုံးဖြတ်ချက် မှားယွင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ကာ အဲဗာတန်အသင်း နည်းပြ လမ်းပတ်ကိုလည်း ဒိုင်အဖွဲ့ချုပ် အကြီးအကဲ မိုက်ရီလေးက တောင်းပန်စကား ပြောကြားခဲ့ကြောင်း သိရသည်။