အာဆင်နယ်အသင်းက အသင်းဝင်ငွေ စံချိန်တင် ကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် လာမည့်ဘောလုံးရာသီတွင် လက်မှတ်ခဈေးနှုန်း တိုးမြှင့်ရန် စီစဉ်

အာဆင်နယ်အသင်းက အသင်းဝင်ငွေ စံချိန်တင် ကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် လာမည့်ဘောလုံးရာသီတွင် လက်မှတ်ခဈေးနှုန်း တိုးမြှင့်ရန် စီစဉ်

အာဆင်နယ်အသင်းက ၂ဝ၂ဝ-၂ဝ၂၁ ဘောလုံး ရာသီအတွက်   အသင်းဘဏ္ဍာရေး ရှင်းတမ်းကို ထုတ်ပြန်ခဲ့ရာ အသင်းဝင်ငွေ စံချိန်တင် ကျဆင်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက်    လာမည့် ဘောလုံးရာသီတွင် လက်မှတ်ခ ဈေးနှုန်းတိုးမြှင့်ရန်   စီစဉ်လျက် ရှိကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ အသုံးစရိတ်ချွေတာသည့် အသင်းများတွင် ပါဝင်ပြီး နှစ်စဉ် အသင်းဝင်ငွေကျဆင်းမှု အနည်းဆုံး အသင်းစာရင်းတွင်   ပါဝင်ခဲ့သော်လည်း  ၂ဝ၁၉-၂ဝ၂ဝ  ဘောလုံးရာသီမှစ၍ ဝင်ငွေကျဆင်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီနှစ်ခုအတွင်း ကိုဗစ်-၁၉   ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့် မရရှိသည့်အတွက် လက်မှတ်ခဝင်ငွေ ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သကဲ့သို့ အာဆင်နယ် အသင်းအနေဖြင့် ၂ဝ၁၉-၂ဝ၂ဝ ဘောလုံးရာသီက စတာလင်ပေါင် ၄၈ သန်းသာ အရှုံးပေါ်ခဲ့သော်လည်း ၂ဝ၂ဝ-၂ဝ၂၁ ဘောလုံးရာသီ အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ဝင်ငွေ ကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီး စတာလင်ပေါင် ၁ဝ၇ သန်းအထိ အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် နှစ်စဉ် ကွင်းဝင်ကြေးမှ  စတာလင်ပေါင်  ၇၅  သန်း ရရှိခဲ့သော်လည်း ၂ဝ၂ဝ-၂ဝ၂၁ ဘောလုံးရာသီက ကွင်းဝင်ကြေးမှ စတာလင်ပေါင် ၃ ဒသမ ၈ သန်းသာ ရရှိခဲ့သောကြောင့် ဝင်ငွေသိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ် သည့်အတွက်    လာမည့် ဘောလုံးရာသီတွင်   လက်ရှိ ရောင်းချနေသည့်   လက်မှတ်ခဈေးနှုန်းထက်  ၄ ရာခိုင်နှုန်း တိုးမြှင့်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အာဆင်နယ် အသင်းအနေဖြင့် လာမည့်ဘောလုံး ရာသီတွင် ဥရောပဝင်ခွင့် ပြန်လည်ရရှိပါက အသင်း ဝင်ငွေ တိုးပွားလာနိုင်မည်ဖြစ်သော်လည်း လက်မှတ်ခဈေးနှုန်း   တိုးမြှင့်ကောက်ခံမည်ဖြစ်သောကြောင့် ဝေဖန်မှုများ ခံနေရကြောင်း သိရသည်။