(၃၁)ကြိမ်မြောက် ဆီးဂိမ်း၌ အမျိုးသား ဘောလုံးပြိုင်ပွဲကို ၁ဝ သင်းနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ကိုးသင်းဖြင့် ကျင်းပမည်

(၃၁)ကြိမ်မြောက် ဆီးဂိမ်း၌ အမျိုးသား ဘောလုံးပြိုင်ပွဲကို ၁ဝ သင်းနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ကိုးသင်းဖြင့် ကျင်းပမည်

ဗီယက်နမ်နိုင်ငံက    အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ၌ အမျိုးသား ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁ဝ သင်းနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို  ပြိုင်ပွဲဝင်အသင်း  ကိုးသင်းဖြင့် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲသည် ရက်ရှည် ပြိုင်ပွဲဖြစ်သည့်အတွက်   ဖွင့်ပွဲမတိုင်မီကတည်းက ကျင်းပမည်ဖြစ်ပြီး အမျိုးသား ဘောလုံးပြိုင်ပွဲကို မေ ၆ ရက်မှ ၂၂ ရက်အထိ  ကျင်းပမည်ဖြစ်ကာ  အမျိုးသမီး ဘောလုံးပြိုင်ပွဲကို  မေ ၁၁ ရက်မှ  ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဘောလုံးပြိုင်ပွဲတွင် အာဆီ ယံဒေသတွင်း အသင်းများဖြစ်သည့် အိမ်ရှင် ဗီယက်နမ်အသင်း၊ ထိုင်းအသင်း၊ တီမောလက်စ်တေအသင်း၊  စင်ကာပူအသင်း၊ ဖိလစ်ပိုင်အသင်း၊ မြန်မာအသင်း၊ မလေးရှားအသင်း၊ လာအိုအသင်း၊ အင်ဒိုနီးရှား အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားရန်    စာရင်းပေးသွင်း၍ အတည်ပြုထားကြပြီးဖြစ်သည်။

အလားတူ အမျိုးသမီးဘောလုံးပြိုင်ပွဲ တွင် အိမ်ရှင်ဗီယက်နမ် အမျိုးသမီး အသင်း၊ ထိုင်းအမျိုးသမီးအသင်း၊ စင်ကာပူ အမျိုးသမီးအသင်း၊ ဖိလစ်ပိုင် အမျိုးသမီးအသင်း၊ မြန်မာအမျိုးသမီးအသင်း၊ မလေးရှား အမျိုးသမီးအသင်း၊ လာအိုအမျိုးသမီးအသင်း၊ အင်ဒိုနီးရှား အမျိုးသမီးအသင်းနှင့် ကမ္ဘောဒီးယား အမျိုးသမီးအသင်းတို့  ပါဝင်မည် ဖြစ်ကြောင်း၊ တီမောလက်စ်တေ အနေဖြင့် အမျိုးသားအသင်း  တစ်သင်းတည်းသာ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။