မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်က ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲကို အွန်လိုင်းစနစ်ဖြင့် ကျင်းပမည်
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် 1st Myanmar Open International Taekwondo Online Championship (မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်တိုက်ကွမ်ဒိုပြိုင်ပွဲ) ကို ဧပြီ ၁၅ ရက်မှ ၁၈ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ပြည်တွင်းကလပ် အသင်းများမှ ကစားသမားများအပြင် ပြည်ပကလပ်အသင်းများမှ ကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကစားသမား အရေအတွက်ကိုလည်း ကန့်သတ်ထားခြင်း မရှိဘဲ အသက် လေးနှစ်မှ အသက် ၅ဝ နှစ်အထက် ကစားသမား အားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ကစားသမားများ အနေဖြင့် ဧပြီ ၉ ရက်နောက် ဆုံးထားပြီး စာရင်းပေးသွင်း ရမည်ဖြစ်ကာ ပြိုင်ပွဲကိုလည်း အွန်လိုင်းပြိုင်ပွဲ ဖြစ်သည့်အတွက် ဧပြီ ၁၅ ရက်မှ ၁၈ ရက်အထိ ကကွက်ပြိုင်ပွဲအမျိုးအစားနှင့် ခြေကန် ချက်ပြိုင်ပွဲ အမျိုးအစားနှစ်မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲမှာ နိုင်ငံတကာအဆင့် ပြိုင်ပွဲဖြစ်သည့်အတွက် တာဝန်ယူဆုံးဖြတ် မည့် ဒိုင်လူကြီးကိုလည်း ပြည်ပဒိုင်လူကြီး ရှစ်ဦးနှင့် ပြည်တွင်းဒိုင် လူကြီးနှစ်ဦး စုစု ပေါင်း ဒိုင်လူကြီး ၁ဝ ဦးက တာဝန်ယူမည် ဖြစ်သည်။
နောက်ပိုင်းနှစ်များတွင် ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံအများစု၌ တိုက် ကွမ်ဒိုပြိုင်ပွဲများကို အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ကြပြီး မြန်မာနိုင်ငံမှ တိုက်ကွမ်ဒို အားကစားသမားများ အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်က ကျင်းပခဲ့သည့် အွန်လိုင်း တိုက်ကွမ်ဒိုပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
''ကျွန်တော်တို့ပြိုင်ပွဲကို အွန်လိုင်းကနေ ပထမအကြိမ် ကျင်းပတာပါ။ ကကွက် ပြိုင်ပွဲနဲ့ ခြေကန်ချက်ပြိုင်ပွဲတွေ ကျင်းပ မှာပါ။ အသက် လေးနှစ်ကစပြီး အသက် ၅ဝ နှစ်အထက်အထိ ယှဉ်ပြိုင်နိုင်မှာပါ။ အခုချိန်ကတည်းက ပြိုင်ပွဲဝင်ရောက်မယ့် ကစားသမားတွေအတွက် စာရင်းသွင်းဖို့ လက်ခံနေပါပြီ။ ပြည်ပနိုင်ငံတွေကလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထား ပါတယ်။ ဧပြီ ၉ ရက်မှာ စာရင်းပိတ်မှာပါ။ ပြိုင်ပွဲအလိုက် ဆုရရှိခဲ့တဲ့သူတွေကို You-tube ကနေ ကြေညာပေးမှာပါ။ တစ်ကမ္ဘာ လုံးကနေ ဆုရရှိခဲ့တဲ့သူတွေကို သိရှိနိုင်အောင်လို့ Youtube ပုံစံလေး နဲ့ ကြေညာပေးမှာပါ။ဒိုင်တွေကိုလည်း ပြည်ပဒိုင်တွေကို ဖိတ်ကြားထားပါတယ်။ ပြည်ပဒိုင်ရှစ်ယောက်နဲ့ ပြည်တွင်းဒိုင် နှစ်ယောက် စုစုပေါင်း ၁ဝ ယောက် တာဝန် ယူမှာပါ''ဟု မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် နည်းစနစ်ကော်မတီဝင် ဦးကျော် သန်းဦး ကပြောသည်။